သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းတွင်း တလအတွင်း စစ်ပြေးဒုက္ခသည် ၆၀,၀၀၀ နီးပါးရှိလာ 


FE5 Tanintharyi အဖွဲ့က တနင်္သာရီတိုင်းအတွင်း မီးရှို့မှုမှတ်တမ်း ပြုစုထားတဲ့အညွန််းကိန်း။ (Crd: FE5 Tanintharyi )
FE5 Tanintharyi အဖွဲ့က တနင်္သာရီတိုင်းအတွင်း မီးရှို့မှုမှတ်တမ်း ပြုစုထားတဲ့အညွန််းကိန်း။ (Crd: FE5 Tanintharyi )

စစ်ရေးအရှိန်တက်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလထဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူက ၆ သောင်းနီးပါးအထိ ရှိခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ ဒေသတွင်းအဖွဲ့တခုက ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်နေရသူအများစုကတော့ ရွာတွေထဲပြန်မဝင်ရဲဘဲ တောထဲမှာသာနေ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရှောင်တွေရဲ့ လတ်တလော အခြေအနေနဲ့ပတ်သက်တဲ့သတင်းကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြားကတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဟာ မေလ တလတည်းမှာတင် ၆ သောင်းနီးပါး ရှိခဲ့တယ်လို့ တနင်္သာရီတိုင်းထဲက အဖြစ်အပျက်တွေကို စာရင်းပြုစုနေတဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ စခန်း ၃ ခုကို တော်လှန်ရေးအဖွဲ့တွေဘက်က မေလထဲမှာသိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်က စခန်းပြန်ရရှိရေးနဲ့ နယ်မြေစိုးမိုးရေး ရက်ရှည်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

သရက်ချောင်း၊ ဘုတ်ပြင်း၊ ပုလောနဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့်ခွာရသူ အများဆုံးရှိခဲ့ပါတယ်။ ဒေသတွင်း တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်နေပြီး တချို့ရက်တွေမှာတော့ ကုန်စည်သယ်ယူခွင့် ကန့်သတ်တာတွေ ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ကျနော်တို့ရွာ အရှေ့ခြမ်းမှာကတော့ ခဏခဏဖြစ်နေတာပဲ။ မကြာခဏတော့ ပစ်ခတ်နေတာပဲ။ ကျနော်တို့ရွာက တောရွာတွေကို။ အခုတလောကတော့ ဆန်တွေဘာတွေက အလွယ်တကူ ဝယ်လို့ရနေတယ်။ ကျနော်တို့ရွာဘက် ဆင်းလာရင် တပ်ရင်းကိုဖြတ်ပြီး ဆင်းလာရတာကို။ တခါတလေဆို သူတို့ဖြတ်တယ်။ ရိက္ခာတွေဘာတွေ မလာခိုင်းဘူး။"

တိုက်ပွဲအခြေအနေကြောင့် လမ်းခရီးပိတ်ဆို့နေသလို တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နေရာတွေဆီ စစ်ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်တာလည်းရှိတယ်လို့ ပြောပါတယ်။ နေရပ်စွန့် ထွက်ပြေးသူတွေဟာ သူတို့ရဲ့ရွာတွေထဲ ပြန်မဝင်ရဲသေးဘဲ တောထဲမှာသာ ဖြစ်သလိုနေ နေကြတာပါ။

"ပြီးခဲ့တဲ့လကတော့ စစ်ရှောင်သူဦးရေ တိုးလာတယ်။ ပြီးခဲ့တဲ့လက နည်းနည်းဆိုးတယ်။ အခုလထဲမှာတော့ မကြားရသေးဘူး။ ရွာထဲမှာ မနေရဲကြတော့ တောထဲမှာပဲနေကြတယ်။ တချို့တော့ ရွာထဲဝင်နေကြပြီ။ ကျနော်တို့ဘက်မှာတော့ အကုန်လုံးပြန်ဝင်တယ်။ ကျနော်တို့ရွာနဲ့ တူတူပဲ၊ ဟိုဘက်ဒီဘက်ကတော့ မနေရဲဘဲ တောထဲမှာပဲ နေတာများတယ်။ လာတယ်ဆိုရင် ပြေးမယ်ဆိုပြီး အဲလိုမျိုးနေ နေကြတယ်။"

အရေးပေါ်ထွက်ပြေးနေရချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ စားသောက်ရေးအတွက် အရင်လို စိုက်ပျိုးရေးနဲ့ ကုန်စည်ရောင်းချတာတွေကို အလွယ်တကူ မလုပ်နိုင်တော့ပါဘူး။ တနိုင်တပိုင် စိုက်ပျိုးမွေးမြူပြီးတော့သာ ဝမ်းရေးကို ဖြေရှင်းနေကြတာပါ။

"ကိုယ့်ဒေသမှာပဲ စိုက်ပျိုးတယ်။ ဟိုဟာနည်းနည်းလုပ်၊ ဒီဟာနည်းနည်းလုပ်၊ နွားလေးဘာလေး ကျောင်းတယ်။ နွားကျောင်းပြီးတော့ နွားတွေရောင်းတယ်။ အဲလိုပဲနေ နေရတယ်။ တခြားနေရာကို သွားလို့စားလို့တော့ မရဘူး။ ဟိုရွာဒီရွာ လိုက်ရောင်းစားမယ်ဆိုလည်း မရဘူးလေ။ အရင်တုန်းက ဆိုရင်တော့ ဟိုရွာဒီရွာ လိုက်ရောင်းစားလို့ရတယ်။ အခုကတော့ ရောင်းစားလို့လည်း မရဘူး။"

တနင်္သာရီတိုင်းတွင်း လက်နက်ကိုင်ပဋိပက္ခကြားမှာ နှစ်ဘက်အပြန်အလှန် ထိခိုက်သေဆုံးတာ ရှိသလို အရပ်သားသေဆုံးတာတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲအတွင်း ဒေသခံနေအိမ် မီးရှို့ခံရတာ၊ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် လူနေအိမ် ၈၇ လုံးထက်မနည်း မီးလောင်ပျက်စီးပြီး သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာက ပျက်စီးမှုအများဆုံး ရှိခဲ့တယ်လို့ FE5 Tanintharyi ရဲ့ မေလအတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းအတွင်း မီးရှို့မှု၊ လူသေမှု၊ စစ်ဘေးရှောင်ဦးရေစတဲ့ ဖြစ်ပျက်သမျှ မှတ်တမ်းပြုစုထားတဲ့အညွန််းကိန်းများ။ (Crd: FE5 Tanintharyi )
တနင်္သာရီတိုင်းအတွင်း မီးရှို့မှု၊ လူသေမှု၊ စစ်ဘေးရှောင်ဦးရေစတဲ့ ဖြစ်ပျက်သမျှ မှတ်တမ်းပြုစုထားတဲ့အညွန််းကိန်းများ။ (Crd: FE5 Tanintharyi )

Forum

XS
SM
MD
LG