သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တိုက်ပွဲဖြစ်


စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

(Zawgyi / Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ စုပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ တိုက်ပွဲဖြစ်နေကြပါတယ်။ မနေ့ကလည်း ဒီပဲယင်းမြို့နယ် ချင်းတွင်းမြစ်တကြောမှာရှိတဲ့ ရွာတွေအပေါ် စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဇွန်လကုန်ပိုင်းကပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ စတင်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းမှာ ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းကလည်း တယ်ပင်ကန်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ စုပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီနေ့မနက်ကပေါ့နော်၊ သူတို့ တယ်ပင်ကန်ရွာပေါ့နော်၊ ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာကနေ တက်လာတဲ့ ယင်းမာပင်ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းနဲ့ စလင်းကြီးက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ လက်နက်ကြီးထုတ်လုပ်ရေးစခန်းက PDF တွေရယ်၊ နောက်ပြီး တခြားသော တခြားသောအဖွဲ့တွေ ပေါင်းပြီးတော့ ယင်းမာပင်နဲ့ စလင်းကြီး PDF တွေ ပူးပေါင်းပြီးတော့ တိုက်တဲ့ပွဲပါ။ အခု သူတို့ စပြီးတော့ လက်နက်ကြီးတွေနဲ့ စပြီးပစ်နေပြီ။ ကျနော်တို့ဘက်ကလည်း မိုင်းဆွဲတာတို့ လက်နက်ကြီးနဲ့ပစ်တာတို့ လက်နက်ငယ်တွေနဲ့ ပစ်တာတို့ အခုစနေပြီ။ လောလောဆယ် ထိခိုက်ကျဆုံးတာတွေ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။”

စစ်ကောင်စီ စစ်ကြောင်းတွေဟာ မနေ့က ညနေပိုင်းကတည်းက ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး တပ်စွဲထားသလို အိမ်တွေကို လိုက်လံရှာဖွေနေတာတွေကြောင့် တယ်ပင်ကန်ကျေးရွာသားတွေ ကြောက်ပြီး မနေ့က ညနေပိုင်းကတည်းက ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေဟာ ညတွင်းချင်း ဘေးလွတ်ရာတွေကို ထွက်ပြေးနေရသလို တောထဲ တောင်ထဲမှာ နေရတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့လည်း လက်ရှိ ထွက်ပြေးနေတဲ့ တယ်ပင်ကန်ကျေးရွာသားတဦးက ပြောပါတယ်။

“အခက်အခဲကတော့ဗျာ ကျနော်တို့ဆိုရင် အတော့်ကို ခက်ခဲပါတယ်။ ညတုန်းကဆိုရင် တညလုံး ဒီလို တောလျှို တောင်ကြားထဲမှာ နေနေရတဲ့ အခါကျတော့ ကျနော်တို့မှာ အင်္ကျီလည်းမပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ဆိုတော့ ညက တော်တော်လည်း အေးပါတယ်။ ကလေးတွေဆိုလို့ရှိရင် နှာစေးတာတို့ ချောင်းဆိုးတာတို့လည်း ရှိပါတယ်ဗျာ။ ကလေးတွေဆိုရင် မီးလည်း မဖိုရဲဘူးဗျာ။ အဲဒါကြောင့် တော်တော်ခက်ခဲပါတယ်။ စားစရာတွေပါမလာကတမျိုး၊ ချမ်းအေးတာတွေလည်း တမျိုး ကျနော်တို့မှာ တော်တော့ကို ခက်ခဲပါတယ်ဗျာ၊ အတော်ဒုက္ခရောက်ပါတယ်။”

ယင်းမာပင်မြို့နယ်ဘက်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ မီးလောင်တာတွေကြောင့် ဒေသခံတွေလည်း အမြဲလိုလို ကြောက်လန့်နေကြရတယ်လို့လည်း တယ်ပင်ကန် ဒေသခံတဦးက ပြောပါတယ်။

“ကြားရတာမှ ကျနော်တို့နဲ့ နီးနီးလေးတွေဗျာ။ ကျနော်တို့ရွာအနီးမှာဆိုတော့ လူတွေက နဂိုတုန်းကလည်း တခါ မီးရှို့၊ သေနတ်တွေနဲ့လည်း ပစ်တာတွေ ရှိတဲ့အခါကျတော့ ကျနော်တို့က ဘယ်လိုမှကို အဲဒီအသံကြားရင် မနေရဲတာဗျာ။ လက်ရှိ တိုက်ပွဲဖြစ်နေတာက ကျနော်တို့ရွာနဲ့ အနောက်ဘက် ၃ မိုင်ခန့်လောက်မှာ ဖြစ်တာ။ ကျနော်တို့ တိုင်ပင်ခံရွာ အင်ကြင်းတောင်နဲ့ နီးတာပေါ့ဗျာ။”

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းက ရွာတွေအပေါ် စစ်တပ်က ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းတွင်းမြစ်ကြော တလျှောက်မှာရှိတဲ့ ရွာတွေအပေါ် မနေ့ကစတင်ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာပေါင်း ၂၀ လောက်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတယ်လို့ ကုန်းရိုးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံ ၃၀,၀၀၀ လောက် ကျေးရွာပေါင်း ၁၂ ရွာ ၁၃ ရွာလောက် ပြေးနေရတယ်။ ဟုတ်တယ် မနေ့က နိုဝင်ဘာ ၈ ရက်နေ့က သူတို့ ရဟတ်ယာဉ်သုံးစင်းနဲ့ ပစ်တယ်။ စစ်ကြောင်းအင်အား ၁၃၀ က တနေရာ၊ ၇၄ ယောက်က တနေရာ ဖြတ်သွားတာ။ အခု ရွာတွေကို မီးရှို့နေတယ်။ အိမ်အလုံးရေ ဆယ်လုံးလောက်ရှိသွားပြီ။ ကုန်းရိုးရွာ၊ ဝင်းရံရွာ၊ သက်သေရွာမှာ ရှို့တယ်။ ရွာလေးရွာရှိပြီ မီးရှို့တာ။ တိုက်ပွဲလည်းမရှိဘူး။ သူတို့ တဖက်သတ် ထိုးစစ်ဆင်နေတာ။ ဟုတ်တယ် ရဟတ်ယာဉ်သုံးစင်းနဲ့။ အဆင်မပြေဘူး၊ မနက်စာလည်း မစားရဘူး၊ အခု ကျနော် ညနေစာအတွက် စီစဉ်နေတယ်။ ကျနော့်ဆီမှာတော့ ထောင်ဂဏန်းလောက်ပဲ ရှိမယ်။ နေရာအနှံ့ ပတ်ပတ်လည် ပြေးနေကြတာဆိုတော့လေ။ ပြီးတော့ ညရောက်ရင် ပိုဒုက္ခရောက်မှာ၊ ဒီမှာလည်း ဆောင်းဝင်နေပြီလေ။”

စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ချင်းတွင်းမြစ်ကြောတလျှောက် စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ပါ ထိုးစစ်ဆင်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ ဗွီအိုအေက စစ်ကောင်စီကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၁၁ဝ မှာရှိတဲ့ ဇယားလုံခြုံရေးရဲကင်းစခန်းကို ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦး သေဆုံးတာကိုတော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)













XS
SM
MD
LG