သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန် နျူကလီယားဓာတ်ပေါင်းဖို စမ်းသပ်ကာလ အောင်မြင်ပြီးမြောက်


ဖင်လန်နိုင်ငံ၊ မျိုးဆက်သစ်နျူကလီယားဓာတ်ပေါင်းဖို
ဖင်လန်နိုင်ငံ၊ မျိုးဆက်သစ်နျူကလီယားဓာတ်ပေါင်းဖို

{{Zawgyi/Unicode}}

လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည်မှာ ဥရောပအကောင်းဆုံးဖြစ်တဲ့ နျူကလီယား ဓာတ်ပေါင်းဖိုကို ဖင်လန်နိုင်ငံကစမ်းသပ်ထုတ်လုပ်ခဲ့တာ တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ Olkiluoto နျူကလီယားဓာတ်ပေါင်းဖိုဟာ ထုတ်လုပ်အား ၁,၆၀၀ မဂ္ဂါဝပ်ရှိပြီး ဖင်လန်နိုင်ငံရဲ့ အမျိုးသားဓာတ်အားလိုင်းနဲ့ ၂၀၂၂ မတ်လကချိတ်ဆက်ခဲ့ပြီး တနင်္ဂနွေနေ့ကစလို့ ပုံမှန်ထုတ်လုပ်နေပြီဖြစ်ပါတယ်။

ဒီ ဓာတ်ပေါင်းဖိုကို စီမံခန့်ခွဲထုတ်လုပ်သူ Teollisuuden Voima အတိုအားဖြင့် TVO ကုမ္ပဏီက Olkiluoto 3 က အဆင်သင့်ဖြစ်နေပါပြီလို့ လူမှုစာမျက်နှာမှာ တင်လိုက်ပါတယ်။ မူလစီမံကိန်းလျာထားချက်ကနေ ၁၄ နှစ် နောက်ကျပြီးမှာ ခုလို စတင်လည်ပတ်နိုင်တာဖြစ်ပါတယ်။ ဒီ ဓာတ်ပေါင်းဖိုရဲ့ထုတ်လုပ်အားကြောင့် ဖင်လန်နိုင်ငံက ရည်မှန်းထားတဲ့အတိုင်း ကာဗွန်ထုတ်လုပ်မှုကို လျှော့ချသွားနိုင်တော့မှာ ဖြစ်ပါတယ်။

ဥရောပတိုင်းပြည်တွေက ရုရှားအပေါ် ရေနံ၊ ဓာတ်ငွေ့နဲ့ စွမ်းအင်ကို မှီခိုအားထားနေရတာကို လျှော့ချနေကြတဲ့အတိုင်း ဖင်လန်နိုင်ငံဟာ စွမ်းအင်နဲ့ပတ်သက်ပြီး ရုရှားကိုအားထားဖို့မလိုတော့ဘဲ စိတ်ချလုံလောက်သွားရပြီ ဖြစ်ပါတယ်။ “ဒီ စက်ရုံရဲ့ထုတ်လုပ်အားကြောင့် လျှပ်စစ်မီးဈေးနှုန်း တည်ငြိမ်ပြီး ဖင်လန်နိုင်ငံက သဘာဝအတိုင်း စိမ်းလန်းရေးခေတ်ကို ကူးပြောင်းရာမှာ ဒီ ဓာတ်ပေါင်းဖိုဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ရှိနေပါတယ်လို့ TVO ရဲ့ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Jarmo Tanhua က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဒီ စီမံကိန်းကို ဂျာမနီက Siemens ကုမ္ပဏီနဲ့ ပြင်သစ်က Areva တို့ ဖက်စပ် အကောင်အထည်ဖော်ခဲ့ကြတာပါ။

Olkiluoto 3 စက်ရုံ ကို ၂၀၀၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး နောင် ၄ နှစ်အကြာမှာ ပြီးဖို့မှန်းခဲ့ပေမဲ့ ဥပဒေအကြောင်းအရ တရားစွဲကြတာတွေကြောင့် ခုလို ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ဓာတ်ပေါင်းဖိုရဲ့တန်ဖိုးဟာ မူလခန့်မှန်းခဲ့တာထက် ၃ ဆကျော်ပြီး အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံလောက် ရှိပါတယ်။

ခုအခါမှာတော့ ဖင်လန်နိုင်ငံဟာ ဘောလ်တစ်ပင်လယ်ကမ်းခြေမှာ နျူကလီယားဓာတ်ပေါင်းဖို ၅ လုံး ရှိနေပြီ ဖြစ်ပါတယ်။ တနိုင်ငံလုံးလိုအပ်တဲ့ လျှပ်စစ်ရဲ့ ၄၀ ရာနှုန်းကို ဒီ ၅ လုံးက ထုတ်လုပ်ပေးနေတာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG