သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွား


ဒုက္ခသည်စခန်းတွင်း မီးလောင်ပြီးနောက် ကြည့်ရှုနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၇၊ ၂၀၂၀။ ဓာတ်ပုံ - U Isalm (U Aye Lwin) Rohingya Refugees)
ဒုက္ခသည်စခန်းတွင်း မီးလောင်ပြီးနောက် ကြည့်ရှုနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၇၊ ၂၀၂၀။ ဓာတ်ပုံ - U Isalm (U Aye Lwin) Rohingya Refugees)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နောက်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၅ မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုအတွင်း ထိခိုက်သေဆုံးသူ မရှိပေမယ့် နေအိမ်အများအပြား မီးဘေးသင့်ခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

“ဒီကနေ့ မနက် ၁ နာရီဝန်းကျင်လောက်မှာပေါ့ဗျာ။ ကုတုပလောင်စခန်း အမှတ် ၅ ဂျီတူးအကွက်အမှတ် ၅ မှာ ဦးအီစွတ်ရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းလို့ အနည်းဆုံး နေအိမ် ၂၄ လုံးလောက် မီးလောင်ခံခဲ့ရတာကို ကျနော်ကိုယ်တိုင် သွားပြီး ကြည့်ရှုခဲ့တယ်။ မီးလောင်ရတာကတော့ ခြင်ဆေးထွန်းတာကနေ ခြင်ထောင်ကိုထိမိပြီး မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့မှာရှိတဲ့ အိမ်ထောင်ပစ္စည်းတွေ အစားအသောက် စားနပ်ရိက္ခာတွေပါ အကုန်မီးလောင်သွားတယ်။ အခုကတော့ မီးဘေးသင့်တဲ့သူတွေက တခြား အနီးအနားမှာရှိတဲ့ နေအိမ်တွေမှာ လောလောဆယ် ခိုလှုံနေကြတာ တွေ့ရပါတယ်။ နောက် NGO အဖွဲ့တွေ လာရောက်ပြီး သူတို့ကို စာရင်းဇယားတွေ ကောက်နေတာတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီ့နေအိမ်တွေက တူရကီနိုင်ငံက AFAD (Disaster and Emergency Management Presidency Turkey) အဖွဲ့က ဆောက်ပေးထားတာ ဖြစ်ပါတယ်။”

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ စုပြုံနေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေမှာ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ လိုနေပြီလို့လည်း နောက်ထပ် ဒုက္ခသည်တဦးဖြစ်တဲ့ ကိုကာမေလ်က ပြောပါတယ်။

“ဟုတ်တယ် မနက်က ၁ နာရီ ၁၅ မိနစ်လောက်မှာ ကမ့် ၅ မှာ ပေါ့ဆမှုကြောင့် မီးလောင်တယ်။ အိမ်ခြေက ၃၅ လုံးလောက် မီးလောင်ပြီး ၁၀ အိမ်လောက် ပျက်စီးသွားတယ်။ အဓိက ပေါ့ဆမီးဖြစ်တာ။ ဒီနေ့မနက်ကတော့ UNHCR တို့ ကမ့်တာဝန်ခံတွေ INGO တွေကတော့ သူတို့ကတော့ ကူညီဆောင်ရွက်ပေးနေကြတယ်။ ကမ့် ၅ အတွက် ရိက္ခာတွေရှိတယ်၊ အိမ်ကိုတော့ ဆောက်ပေးရမှာမို့ အိမ်ဆောက်ပစ္စည်းတွေ လိုမယ်။ ကျနော် အကြံပေးချင်တာက ဒီမှာက အိမ်လိုင်းခန်းတွေရှိတယ်။ အိမ်လိုင်းခန်းကို Block ဆိုပြီး သတ်မှတ်ထားတာ။

“တကယ်က တအိမ်ကနေ တအိမ်ကို သွားစရာမလိုဘူးဆိုတာ ဘာမှမထူးဘူး၊ တအိမ်နဲ့တအိမ်က သွားပြီးသားပဲ၊ အကုန်လုံးက ကပ်ပြီးတော့ နေထိုင်ရတာ၊ ပြွတ်သိပ်ကျပ်ညပ်နေတာ။ ဒါကြောင့် ကမ့် ၃၄ ခုစလုံးက ဒုက္ခသည်တွေကို အကြံပေးချင်တာ မီးကို သတိထားပြီးတော့ သုံးပါ။ ကျနော်တို့ ဒီမှာ ဂက်စ်မီးဖိုတွေ ရှိတယ်။ ဂက်စ်ကနေ မီးမပေါက်ရအောင် အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးက သတိထား ကာကွယ်လိုက်ရင် အဆင်ပြေသွားမယ် ထင်ပါတယ်။ ကမ့်ထဲ လုံခြုံရေး စစ်ဆေးနေတဲ့သူတွေ ဘက်ကလည်း မီးဘေးအန္တရာယ်ကို ဒီထက်ပိုပြီး စစ်ဆေးရင်လည်း ပိုလုံခြုံသွားမယ် ထင်တယ်။”

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၁ မှာ မီးလောင်မှုဖြစ်ရာက ဒုက္ခသည်တွေရဲ့ နေအိမ် ရာနဲ့ချီ မီးဘေးသင့်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က မီးဘေးသင့် ဒုက္ခသည်တွေကိုတော့ တခြားနေရာကို ပြောင်းရွှေ့ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စီစဉ်နေတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

“ဟိုတနေ့က အရင်မီးလောင်ကျွမ်းခဲ့တဲ့ နေရာမှာလည်း ဒုက္ခသည်တွေက အခု သူတို့က နေပူကြီးထဲမှာ ပလတ်စတစ် အမိုးအကာကို ဆောင်းကာပြီး နေထိုင်နေရပြီး လောလောဆယ် သူတို့မှာ ဘာမှကို မရှိသလောက်ကို ဖြစ်နေတာ တွေ့ရတယ်။ နောက် အစားအသောက်ကလည်း အနီးအနားမှာရှိတဲ့ ဒုက္ခသည်တွေက ရှယ်ပြီး စားသောက်နေတယ်။ အခုက သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR အဖွဲ့က ဒုက္ခသည်စခန်း အမှတ် ၂၀ ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာကိုလည်း ကြားသိရပါတယ်ခင်ဗျာ။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း လတ်တလော နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးခင်မှာ ဒုက္ခသည်တွေ ကပ်ဘေးအန္တရာယ် အမျိုးမျိုးနဲ့ ကြုံနေရတာပါ။

ဒုက္ခသည်စခန်းတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုကို မကြာသေးခင်ကပဲ အတည်ပြုလိုက်တဲ့အတွက် စိုးရိမ်နေချိန်မှာပဲ မီးဘေးနဲ့ပါ ကြုံနေကြရသလို မုတ်သုံရာသီမှာ ရေကြီးရေလျှံမှုတွေ မြေပြိုမှု အန္တရာယ်တွေကိုလည်း ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)












XS
SM
MD
LG