ရာဂီ မုန်တိုင်းကြောင့် ရေကြီးမြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာ ၁၀ ရက်ကျော် ကြာလာချိန်အထိ ရွှံ့နွံရှင်းလင်းရေး ဦးစားပေး ဆောင်ရွက်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မြို့ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နေအိမ်တွေ ပြိုပျက် ရေထဲမျောပါခဲ့တဲ့ ကလောမြို့ လက်ရှိအနေအခြေအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။
စက်တင်ဘာ ဒုတိယပတ်က မြန်မာနိုင်ငံကို အဖျားခတ်ခဲ့တဲ့ အင်အားပြင်း ရာဂီမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ မြို့တွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့လည်း ပါဝင်ခဲ့ပါတယ်။ ရေကြီး၊ မြေပြိုပြီး နေအိမ်တွေ အလုံးလိုက် မျောပါ ပျက်စီးခဲ့သူ၊ ပျောက်ဆုံး သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ ရေတွေပြန်ကျသွားပေမဲ့ ရွှံ့နွံတွေ အပုံလိုက်ကျန်ခဲ့လို့ ဒေသခံတွေ ရှင်းလင်းနေကြရပါတယ်။
လက်ရှိမှာတော့ အများစုက ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး လုပ်နေကြရတယ်လို့ ရေဘေးအကူအညီတွေ သွားရောက်လှူဒါန်းတဲ့ သူတွေက ပြောပါတယ်။
"ကျနော်တို့ကတော့ ပြန်လည်ထူထောင်ရေး အတွက် ရွှံ့နွံရှင်းဖို့ ဦးစားပေး အရင်လုပ်တယ်။ ဒါက ဦးစားပေးနံပါတ် ၁ ပေါ့နော်။ နောက်ပိုင်းမှ ဦးစားပေးနံပါတ် ၂ အနေနဲ့က ထောက်ပံ့ကြေးသွားမှာပေါ့။ အခုကတော့ နေ့စဉ်နဲ့အမျှ စက်တွေ၊ လူအင်အားတွေနဲ့ အဖွဲ့တွေ ပူးပေါင်းပြီးတော့ ရွှံ့နွံရှင်းတဲ့ကိစ္စကို ကျနော်တို့ ဦးဆောင်ပြီး လုပ်ပေးနေတယ်။ လောလောဆယ်က အဲဒီအပိုင်းကရော အဆင်ပြေပြီလားလို့ ပြောလို့ရှိရင် အများကြီး ကျန်သေးတယ်၊ လုပ်ရမှာတွေကလေ။"
ကလောမှာ ရေဘေးသင့် အိမ်ထောင်စု ၉၃၀ ရှိပြီး၊ အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုရဲ့ နေအိမ်တွေကတော့ ပြိုပျက်သွားတယ်လို့ သိရပါတယ်။ ယာယီရေဘေးရှောင် စခန်းတွေ ဖွင့်လှစ်ထားပေမယ့် အနည်းစုလောက်သာ အဲဒီမှာ နေထိုင်ကြတယ်လို့ ပြောပါတယ်။
"လုံးဝပြိုသွားတဲ့ အိမ်တွေကျတော့ မိတ်ဆွေ၊ ဆွေမျိုးရှိတဲ့ သူတွေက ဆွေမျိုးတွေအိမ်မှာ နေကြတယ်။ နောက်တခုက ရေဘေးရှောင် စခန်းတွေဆီ ရောက်လာတဲ့ မိသားစုတွေကိုတော့ ဘဏ်ဘက်က တာဝန်ယူပေးတယ်ပေါ့နော်။ ဒါပေမဲ့ ရေဘေးရှောင် စခန်းကိုရောက်တယ် ဆိုတာက ကလောမှာ ရေဘေးသင့်တဲ့ ၄ပုံ ပုံ ၁ပုံပဲ ရောက်တာ။ ကျန်တဲ့ ၃ပုံလောက်က နီးစပ်ရာအိမ်တွေမှာ နေကြတယ်။ တချို့က အောင်ပန်း၊ တောင်ကြီးဘက်ကို သွားပြောင်းနေကြတယ်။ အဲတော့ မနက်ဆိုရင် ကိုယ်တည်းတဲ့အိမ်ကနေ ပြန်လာပြီးတော့မှ ကိုယ့်အိမ်မှာ ရွှံ့နွံလာရှင်းတာပေါ့။ ညနေရောက်ရင် တည်းတဲ့အိမ်ကို ပြန်ကြပေါ့။ လောလောဆယ်တော့ အဲလိုမျိုး နေကြတယ်။"
ကလောမှာ ရေဘေးကြောင့် သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် သေဆုံးနဲ့ ပျောက်ဆုံးစာရင်းကို အာဏာပိုင်တွေဘက်က ပြောဆိုထားတာ မရှိသေးပါဘူး။ ရေပြန်ကျသွားပေမယ့် ရွှံ့နွံဖုံးတဲ့ဒဏ်ကြောင့် ဒေသခံတွေနဲ့ လူငယ်တွေစုပေါင်းပြီး သန့်ရှင်းရေးလုပ်အားပေး နေတယ်လို့ နမ့်လတ်လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
"ကလောရဲ့ ရေဘေးဒုက္ခက ပထမရေတက်တဲ့ အချိန်မှာ အသက်ဘေးကို ရှောင်ရတယ်။ ရေပြန်ကျသွားတဲ့ အခါမှာ တကယ့်ဒုက္ခ အကြီးကြီးကြုံတယ်။ နွံဒုက္ခ၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးတဲ့ဒုက္ခ၊ ဒါတွေကို ကြုံရတာပေါ့။ တောင်ပြိုတဲ့နွံတွေက မြို့ကိုဖုံးသွားတာ ဖြစ်တဲ့အတွက် နွံတွေကိုထုတ်ဖို့က ပထမအရေးကြီးဆုံး အချက်ပဲ။ အဲဒါကလည်း အိမ်တအိမ်ဆိုရင် မိသားစုတွေက ကိုယ့်ဘာကိုယ် လုပ်ကြတဲ့အခါမှာ အလုပ်မတွင်ဘူးဗျ။ ဒုက္ခရောက်ကြတာ အခုဆို ၁၀ ရက်ကျော်လာပြီ။ အခုထိ နွံမရှင်းနိုင်သေးတဲ့ အိမ်တွေ ရာချီရှိတယ်။ လုံးဝကို လှည့်မကြည့်နိုင်သေးတဲ့ အိမ်တွေလည်း ရာချီရှိတယ်။ ဒီအတိုင်း အပုံလိုက်ထားပြီးနေ နေရတဲ့ မိသားစုတွေလည်း အများကြီးရှိတယ်။"
ရေဘေးဒဏ်ခံထားရတဲ့ ကလောမြို့မှာ လောလောဆယ် ရွှံ့နွံတွေ ဖယ်ရှား ရှင်းလင်းရေးကို အဓိကထားလုပ်နေကြရတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
Forum