သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei နည်းပညာအငြင်းပွားမှု မြန်မာပြည်ကို ရိုက်ခတ်


(ဓါတ်ပုံ-Huawei )
(ဓါတ်ပုံ-Huawei )

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ လုံခြုံရေး စိုးရိမ်မှုတွေဖြစ်စေခဲ့တဲ့ တရုတ်နည်းပညာကုမ္ပဏီ ကြီးဖြစ်တဲ့ Huawei ကို တားမြစ်ပိတ်ပင်မှုတွေရှိခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာသစ်အတွက် Huawei ကိုပဲ ဆက်လက် အသုံးပြုသွား မှာဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ်။

Google အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီတချို့ သူတို့ရဲ့ application တွေကို Huawei ဖုန်းတွေထဲ ပေးမထည့်တော့ဘူးလို့ မေလက ကြေညာခဲ့ပြီးနောက် မြန်မာပြည်က Huawei ဖုန်း သုံးစွဲသူတွေကို ဂယက်ရိုက်မှုတွေ ရှိခဲ့ကြောင်း မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

တရုတ်ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတချို့က နိုင်ငံလုံခြုံရေး အတွက် စိုးရိမ်မကင်းဖြစ်မှုတွေရှိနေပေမယ့် မြန်မာအစိုးရကတော့ ဆက်ပြီး အသုံးပြုသွားဖို့ ဆုံးဖြတ် ထားတာဖြစ်ပါတယ်။

နည်းပညာ မျိုးဆက်သစ်ဖြစ်လာတဲ့ 5G ကွန်ယက် ကြိုးမဲ့ဆက်သွယ်ရေး ကမ္ဘာတဝှမ်းလုံးမှာ တည်ဆောက်ဖို့ လက်ရှိ Huawei ကုမ္ပဏီက လုပ်ကိုင်နေတာပါ။ 5G ကွန်ယက်နည်း ပညာကြောင့်လည်း အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ တင်းမာမှုတွေဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရဟာ လျှို့ဝှက်ထောက်လှမ်းရေးလှုပ်ရှားတဲ့နေရာမှာ အထောက်အကူရဖို့ Huawei ကုမ္ပဏီရဲ့ နည်းပညာပစ္စည်းတွေ အသုံးပြုနေတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက အချိန်အတော်ကြာကတည်းက သံသယဖြစ်ခဲ့တာပါ။ ဒါပေမဲ့ Huawei ကတော့ ဒီစွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလကတော့ အမေရိကန်အစိုးရက Huawei နည်းပညာကုမ္ပဏီကို နိုင်ငံလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာမှာ အန္တရာယ်ရှိတဲ့ ကုမ္ပဏီတွေစာရင်းထဲမှာ ထည့်သွင်းခဲ့သလို Google နဲ့ အခြား အမေရိကန် နည်းပညာ ကုမ္ပဏီတချို့ကလည်း သူတို့ရဲ့ application တွေကို Huawei ဖုန်းတွေထဲ ပေးမထည့်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာနိုင်ငံက Huawei ဖုန်းသုံးစွဲသူတွေ ကြားမှာ အတော်လေး ရိုက်ခတ်ခဲ့ပါတယ်။

မေလ (၂၁)ရက်က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei Myanmar ရဲ့ ပြည်သူ့ရေး ရာ နဲ့ ဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး Mr. Zhu Bo က အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်မှု ၊ Google ရဲ့ ကြေညာမှုတွေကြောင့် စိုးရိမ်စရာမလိုကြောင်းနဲ့ မြန်မာသုံးစွဲသူတွေအနေနဲ့ အရင်လို ပဲ application တွေကို ဆက်လက် ဝယ်ယူအသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ပြည်တွင်း တရုတ်ဖုန်းသုံးစွဲသူ တဦးဖြစ်တဲ့ မသက်မွန်ဖြိုးကတော့ လက်ရှိ Huawei ဖုန်းသုံးစွဲသူတွေက ဆက်ပြီး သုံးနေကြပေမယ့် ဖုန်းအသစ်ဝယ်မယ်ဆိုရင်တော့ Huawei ဖုန်းကို ရှောင်ကြတာများလာကြောင်း အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီ US နဲ့ Huawei ပိတ်ဆို့အရေးယူတာမှာ Google feature တွေက အသုံးပြုလို့ရမှာလား မရဘူးလားဆိုတာ အငြင်းပွားတာမှာ အစောပိုင်းကရှိခဲ့တဲ့အတွက်ကြောင့် ဒါက ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုကတော့ ဖြစ်တယ်။ အဲဒီတော့ မြန်မာပြည်သူတွေအားလုံးကလည်း အခုအချိန်မှာ တကမ္ဘာလုံးက တနေရာမှာဖြစ်ပြီဆိုရင် အားလုံးက ချက်ချင်းသိကြရတာဖြစ်တဲ့အတွက် Huawei product တွေမှာအရမ်းကို သံသရရှိသွားတယ် အရမ်းကို စိုးရိမ်တာတွေက ဒီမှာ လွန်လွန်ကဲကဲဖြစ်သွားတော့ ရေရှည်မှာများ အကယ်၍ အခုလက်ရှိကတော့ အသုံးပြုလို့ရနေသေးတယ်။ သုံးလို့ရနေပေမယ့် ရေရှည်မှာ တစုံတရာ သုံးလို့မရတော့ဘူးဆိုပြီးတော့ ရုတ်တရက်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့ အခြား Brand တွေကို ရွေးချယ်ကုန်တယ်ဆိုတာကိုတော့ ကျမမြင်နေရတယ်။”

ကိုယ်တိုင်လည်း Huawei ဖုန်းသုံးခဲ့ဖူးသူတဦးဆိုပေမယ့် ဖုန်းကုမ္ပဏီအပေါ် ယုံကြည်မှုမရှိတဲ့အတွက် အခြား တရုတ်ဖုန်းအမျိုးအစားတွေကို ရွေးချယ်သုံးစွဲ နေကြောင်း မသက်မွန်ဖြိုးက ဆိုပါတယ်။

“ကျမအနေနဲ့တော့ Huawei ကို ရွေးချယ်မှာမဟုတ်တော့ဘူး ။ မရွေးချယ်ချင်တော့ဘူးပေါ့နော် ကျမအနေနဲ့က စိတ်ထဲမှာ စိတ်ပူနေတာ ရှိနေပြီပေါ့နော်။ နောက်တခုက သူနဲ့အပြိုင် ယှဉ်ရွေးချယ်စရာရှိတဲ့ဖုန်းတွေကလည်း အကောင်းတွေအများကြီးပေါ်နေပြီ Vivo တို့က ဈေးကွက်ထဲမှာ Huaweiနဲ့အပြိုင် ရွေးလို့ရနေတဲ့ ကောင်းတဲ့ တရုတ်ဖုန်းတွေရှိနေတဲ့အတွက် ကျမအနေနဲ့ ဖုန်းအသစ်ကို ရွေးချယ်ရမယ်ဆိုရင် ကျမ အခြားBrand တွေကိုပဲ ရွေးချယ်တော့မယ်”

မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းကျော်ထဲက သုံးပုံတပုံလောက်အတွက် ဆက်သွယ်ရေးကွန်ယက်တွေ ထောက်ပံ့ပေးနေတယ်လို့ Huawei Myanmar အကြီးအကဲ Zhu Bo က ဆိုပါတယ်။ ဒါအပြင် စီးပွားရေး လုပ်ငန်းတွေမှာရော၊ ပုဂ္ဂိုလ် တဦးချင်းစီအတွက်ပါ ဆက်သွယ်ရေးကွန်ယက် ဝန်ဆောင်မှု ပေးမှာဖြစ် တယ်လို့ သူကပြောပါတယ်။

Huawei ကုမ္ပဏီဟာ တကမ္ဘာလုံးရဲ့ နည်းပညာဆက်သွယ်ရေး ပစ္စည်းဈေးကွက်ရဲ့ ၃၀% နီးပါးကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် 5G ကွန်ယက်မှာ Hawei ဟာ နံပါတ်၁ ထိပ်ဆုံးက ဦးဆောင်နေပြီး စမတ်ဖုန်းထုတ်လုပ်မှုမှာလည်း ရှေ့ဆုံးက ဦးဆောင်နေတာပါ။

မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦတွေ တိုးတက်လာဖို့ Huawei အပါအဝင် တရုတ်ကုမ္ပဏီတွေကို မှီခိုနေရတာဖြစ်ပါတယ်။ မြန်မာဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌာနက အဆင်မြင့်အရာရှိတဦးကလည်း 5G ကွန်ယက်နဲ့ ပတ်သက်လို့ လာမယ့် နှစ်၊ သုံးနှစ်အတွင်း တိုးတက်လာဖို့ မြန်မာဟာ အဆင်သင့်ဖြစ်နေတယ်လို့ ဒီနှစ်အစောပိုင်း စပိန်နိုင်ငံမှာ ပြုလုပ်တဲ့ မိုဘိုင်းလ်ဖုန်းညီလာခံမှာ ပြောကြားခဲ့ပါတယ်။

........................

{Unicode}














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG