သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ အတွေ့အကြုံ အတိုင်ပင်ခံရှင်းလင်း


 နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (Myanmar State Counsellor Office)

(Zawgyi/Unicode)

Gambia နိုင်ငံနဲ့ ICJ မှာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းအခြေအနေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာကို မငြင်းလိုပေမယ့် ဒါတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လို့မရနိုင်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ည နိုင်ငံကို ပြောတဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဒီအမှုရင်ဆိုင်ရစဉ်မှာ ဝိုင်းရံခဲ့ကြတဲ့ လူထုကြောင့် အမှုရင်ဆိုင်ရာမှာ အားဖြစ်စေခဲ့တယ်လို့ ပြောဆိုပါတယ်။ မိန့်ခွန်း အနှစ်ချုပ်ကို ကိုသားညွန့်ဦး ပြောပြပါမယ်။

အခုမိန့်ခွန်းဟာ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သူဦးဆောင်ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို အများပြည်သူသိရှိစေဖို့ ရှင်းလင်းတင်ပြတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံဘက်က ရှေနေတွေ ဥပဒေအကျိုးဆောင်တွေရဲ့ ကျွမ်းကျင်မှုနဲ့အတူ ရိုးရိုးသားသား အမှန်အတိုင်း တရားရုံးကို လျှောက်လွဲှခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ ပဋိပက္ခအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနိုင်ပေမယ့် ဒါကို Genocide လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်လို့ မရနိုင်တဲ့အကြောင်း ပြောပါတယ်။

“ကျမအနေနဲ့ ဒီလိုမျိုး လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့ အချက်ကို အငြင်းမပွားခဲ့ဘူး။ ဒါပေမယ့်လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူတွေ ကျူးလွန်သူတွေ ရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်သလို ဒီလိုအရေးယူရန်ဆန္ဒနဲ့ အရေးယူနိုင်စွမ်းလည်း ကျမတို့ အနေနဲ့ အပြည့်အ၀ ရှိနေပါတယ်။”

အမှုနဲ့ပတ်သက်လို့ အများပြည်သူတွေ ပိုမိုသိရှိနားလည်နိုင်ဖို့ တရားရုံးကိုသွားရောက်ခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲကနေ ဥပဒေရှုထောင့်၊ နိုင်ငံရေးရှုထောင့်၊ သံတမန်ရေးရှုထောင့် အသီးသီးကနေ ဆွေးနွေးထားတဲ့ စကားဝိုင်းအစီအစဉ်တွေကိုလည်း နိုင်ငံတဝှမ်းလုံးကို ထုတ်လွှင့်ပေးမယ်လို့ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လွဲရာမှာ ARSA အစွန်းရောက်အဖွဲ့က အကြမ်းဖက်မှုတွေနဲ့ သမိုင်းနောက်ခံ အခြေအနေတွေကို မျက်ကွယ်ပြုခဲ့တယ်လို့လည်း ဝေဖန်ပြောပါတယ်။

ဒါအပြင် အခု ရင်ဆိုင်နေရတဲ့အမှုဟာ ရခိုင်ပြည်နယ်တွင်းအခြေအနေတွေကို အရင်ကာလတွေတုန်းက မျှမျှတတ မကိုင်တွယ်ခဲ့တာတွေကြောင့်လည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

“ဒီကနေ့ တရားရုံးတော်မှာ ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့် မဟုတ်ပဲနဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်ပေါင်း များစွာကာလအတွင်း ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအားနည်းချက်တွေကို လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် ဖြစ်ပါတယ်။”

ပြောရမယ်ဆိုရင်တော့ အခု မိန့်ခွန်းဟာ ICJ တရားရုံးမှာ သူရင်ဆိုင်ခဲ့တဲ့အတွေ့အကြုံတွေအပြင် အဓိကထား ပြောသွားတာက လူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့ လူထုရဲ့ထောက်ခံမှုကိုပါ။

“မြန်မာနိုင်ငံတဝှမ်းလုံးနဲ့ The Hague မြို့သာမက ကမ္ဘာ့အနှံ့အပြားမှာရှိနေကြတဲ့ ကျမတို့ ပြည်သူတွေရဲ့ ရက်ရက်ရောရော တခဲနက် အားပေးထောက်ခံမှုတွေဟာ ကျမတို့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် နိုင်ငံတကာ တရားရုံးတော်မှာ လျှောက်လဲစဉ် တကယ့်ကို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။”

တဘက်မှာ မြန်မာလူထုအနေနဲ့ အခုလို ထောက်ခံအားပေးတာအပြင်၊ ဒီအမှုကိစ္စကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ခိုင်ခိုင်မာမာရှင်းရှင်းလင်းသိမှ ပိုပြီး တန်ဖိုးကြီးတဲ့အားဖြစ်လိမ့်မယ်လို့ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ Gambia ဘက်က တင်ပြထားတဲ့ ကြားဖြတ်အရေးပေါ်ဆောင်ရွက်ချက်တွေကိုတော့ တရားရုံးကနေ ဇန်နဝါရီလထဲ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..................



(Unicode)











XS
SM
MD
LG