သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ကြားနာမှုအပေါ် နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker အမြင် (ဒုတိယပိုင်း)


ICJ ကြားနာမှုအပေါ် နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker အမြင် (ဒုတိယပိုင်း)
ICJ ကြားနာမှုအပေါ် နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker အမြင် (ဒုတိယပိုင်း)

(Zawgyi / Unicode)

မြန်မာအစိုးရ အပေါ် ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ ICJ နိုင်ငံတကာ တရားရုံးသူကြီးတွေဘက်က အမိန့်ချမှတ်မယ့် အလားအလာ သေချာသလောက် ရှိနေကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker က သုံးသပ်ပါတယ်။ ဘယ်လို အကြောင်းအချက်တွေပေါ်မှာ မူတည်ပြီး သူက အဲဒီလို သုံးသပ်ရသလဲ။

၂၀၁၈ ခုနှစ်က မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ ပတ်သက်လို့ ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ စာတမ်းကို ရေးသားပြုစုခဲ့တဲ့ Mr. Becker က အခု သူ့စာတမ်းမှာ ကြိုတင်ထောက်ပြခဲ့တဲ့ အခြေအနေ ကို ဆိုက်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ICJ တရားရုံးမှာ လေးနှစ်ကြာ လက်ထောက် ဥပဒေအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ်ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခ Michael Becker နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မအင်ကြင်းနိုင် Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတဲ့ နောက်ဆုံးပိုင်းကို တင်ပြလိုက်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလိုသုံးရက်ကြာ နှစ်ဘက်အပြန်အလှန် လျှောက်လဲချက်တွေကို နားထောင်ပြီးတဲ့ နောက်မှာ ကြားနာပွဲရဲ့ အဓိကအချက်ဖြစ်တဲ့ ဂမ်ဘီယာက တောင်းဆိုတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ ဆိုတာကို တရားသူကြီးတွေဘက်က ဘယ်လို ဆုံးဖြတ်မယ့် အလားအလာ ရှိမလဲရှင့်။

Michael Becker ။ ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုတင်ခန့်မှန်းပြောဆိုဖို့ အမြဲတန်း အန္တရာယ်ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် သုံးရက်ကြာ ကြားနာပွဲမှာ ဂမ်ဘီယာရဲ့ လျှောက်လဲတင်ပြချက်တွေကို သုံးသပ်ကြည့်ခြင်းအားဖြင့် ICJ တရားရုံးအနေနဲ့ (Provisional measures) ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အမိန့်ချမှတ်မယ့် အလားအလာ လုံးဝသေချာ သလောက်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ချက်မှာ ပါဝင်မယ့် ဥပဒေပိုင်းဆိုင်ရာ တိကျတဲ့ အချက်အလက်တွေ ဘာတွေဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဆိုလိုတာက ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုချက်အတိုင်း ICJ တရားရုံးက အတိအကျ လိုက်လျောမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဂမ်ဘီယာဘက်ကလည်း ပါးနပ်ပါတယ်။ တရားရုံးအမိန့်မှာ ပါဝင်သင့်တဲ့ အချက်အလက်အတိအကျ ကို တိုက်တွန်းချက်အနေနဲ့ လျှောက်လဲ ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း ကောင်းတဲ့ အကြံပါ။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေကို မလုပ်ဖို့ မြန်မာကို အမိန့်ပေးဖို့ ဆိုတာမျိုး ဂမ်ဘီယာက တိုက်ရိုက်ပြောတာမဟုတ်ပဲ လူမျိုးတုန်းသတ်ဖြတ်တဲ့ ကျူးလွန်မှုကို အစိုးရ စစ်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့တွေကို မလုပ်အောင် တားမြစ်ပေးဖို့ ဆိုတဲ့အချက်ကို တောင်းဆိုခဲ့တာပါ။

ဂမ်ဘီယာက အချက်ကောင်းကို ထိထိရောက်ရောက်ထောက်ပြခဲ့တာပါ။ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်သလား ၊မမြောက်ဘူးလားဆိုတဲ့အပေါ်မှာ အပြန်အလှန်အငြင်းပွားရမယ့်ကိစ္စက အလွန်ကို ကျယ်ပြန့်တယ်လို့ ဂမ်ဘီယာက ကောင်းကောင်းသိထားပါတယ်။။ ဒါကြောင့် အခု ဂမ်ဘီယာက တရားရုံးကို တောင်းဆိုတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ခြင်း အမိန့်ထုတ်ပြန်ဖို့ ဆိုတဲ့ကိစ္စက သူတို့အမြင်မှာ တနည်းတလမ်းအားဖြင့် လူမျိုးတုန်း သတ်ဖြတ်မှု မြောက်နေတယ် ဒါမှမဟုတ် ဦးတည်နေတယ်ဆိုတဲ့ မြန်မာဘက်က စီမံဆောင်ရွက်နေတဲ့ ကဏ္ဍအလိုက်အတိအကျ တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ မွေးမြူရေး တိရစ္ဆာန်တွေကို သတ်ဖြတ်မှု၊ အိမ်၊ ယာတွေကို ဖျက်ဆီးမှု၊ စားနပ်ရိက္ခာတွေကို ကန့်သတ်ထားမှု စတဲ့ ကျူးလွန်မှု လုပ်ရပ်တွေအတွက် ကြားဖြတ်အရေးယူ ဆောင်ရွက်မှု ဆိုင်ရာ အမိန့် ထုတ်ပြန်ပေးဖို့ သူတို့က တောင်းဆိုထားပြီဖြစ်ကြောင်း ဂမ်ဘီယာကဘက်က ထောက်ပြပြောဆိုနေတာဖြစ်ပါတယ်။ ဒီတော့ ဘယ်အချက်တွေကို တားမြစ်ရမလဲဆိုတဲ့ တိတိကျကျ အချက်အလက်စာရင်းနဲ့ တကွ သူတို့ဘက်က တရားရုံးကို တင်ပြတောင်းဆိုထားတာဖြစ်ပါတယ်။ ဒီလို ဂမ်ဘီယာရဲ့ တောင်းဆိုချက်ဟာ အလွန်ကောင်းတဲ့ ကြံစည်တွေးခေါ်မှုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ICJ တရားရုံးအနေနဲ့ ဒီကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အမိန့်ကို လိုလိုလားလား ချမှတ်မယ်ဆိုရင် ဒီအမှုဟာ အလွန်ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာဘက်က ပြောနေတာက တကယ်လို့ တရားသူကြီးတွေအနေနဲ့ ထိထိရောက်ရောက် မလုပ်ဘူး၊ ဥပဒေအချက်အလက် အတိအကျနဲ့ အမိန့်ချမှတ်တာမျိုး မလုပ်ဘူးဆိုရင် နောက်ထပ် လေး၊ ငါး၊ ခြောက်လ ကြာရင် သူတို့ကို ဒီတရားရုံးမှာ ထပ်ပြီး တွေ့မြင်ရမှာ ဖြစ်ပြီး၊ ဒီလို အခြေအနေမျိုးကို သူတို့ မလိုလားကြောင်း ဂမ်ဘီယာက လျှောက်လဲခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုမေးမြန်းခန်း နောက်ဆုံးအပိုင်းအနေနဲ့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှု အရည်အသွေးနဲ့ သူရဲ့ ခုခံချေပချက်တွေအပေါ် ဘယ်လိုသုံးသပ်ပါလဲ။

Michael Becker ။ ။ ကောင်းပါပြီ။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ အမွှမ်းတင်ခံရသူ တဦး၊ ဂုဏ်သိက္ခာ အဆင့်အတန်း ရှိထားသူတဦးက အခုလို ICJ တရားရုံးရှေ့မှောက် ကိုယ်တိုင် ခုခံချေပခဲ့တဲ့ လုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထူးခြားလှတဲ့ သမိုင်းဝင်ဖြစ်ရပ်ဆိုတာ သေချာပါတယ်။ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ အလွန်ပဲ ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဘက်မှာ မတူညီတဲ့ နားလည်မှုတွေ ရှိခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ဘာတွေဖြစ်ခဲ့သလဲ၊ သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ရသလဲ ဆိုတဲ့ အခြေအနေပေါ်မှာ မတူညီတဲ့ နားလည်မှုတွေ အတော်လေးရှိခဲ့တာပါ။

ဒါကြောင့် ICJ တရားရုံးကို ကိုယ်တိုင် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မှုက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအချက်ကိုကြည့်ရင် သူ့မှာ အခြား ရွေးချယ်စရာမရှိဘူးဆိုတာ ကိုလည်း ပြနေပါတယ်။ ဂမ်ဘီယာဘက်က အရင်ဆုံးလျှောက်လဲချက် ပေးခဲ့တဲ့နေ့ကဆိုရင် ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် ကျူးလွန်မှု စွပ်စွဲချက်တွေအတွက် တရားရုံးကို တင်ပြရာမှာ ကလေးတွေအပေါ် ကျူးလွန်တဲ့သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအကြောင်း ဂမ်ဘီယာနိုင်ငံဘက်က ဥပဒေပညာရှင်တွေ တင်ပြသွားတာတွေကို နားထောင်ရသူတွေအတွက် အလွန်ပဲ စိတ်နှလုံးထိခိုက်စေခဲ့ပါတယ်။ ဒီအချိန်မှာ တရားသူကြီးတွေရှေ့မှောက် ထိုင်ပြီး နားထောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန်ခက်ခဲတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် ခုခံလျှောက်လဲချက်ပေးတာကို ကြည့်ပြီး ကျနော် အချက်နှစ်ချက် မြင်မိပါတယ်။

တချက်က လူအများအပြားဝေဖန်ခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သူရဲ့ လျှောက်လဲချက်တွေ ထဲမှာ လုံး၀ ပြောဆိုခဲ့ခြင်းမရှိတာပါ။ မြန်မာဘက်က ပထမအကြိမ် ခုခံချေပတဲ့ နေ့မှာ ASRA အကြမ်းဖက်အဖွဲ့အကြောင်း ပြောတဲ့ အချိန်မှာ အဖွဲ့နာမည်မှာပါတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က တကြိမ်ပဲ သုံးခဲ့တာပါ။ နောက်ဆုံး အပိတ် လျှောက်လဲချက်မှာလည်း လုံးဝသုံးနှုန်းမသွားဘူးလို့ ကျနော် နားလည်ထားပါတယ်။ ဒီအချက်က သူကိုရော၊ မြန်မာကိုယ်စားလှယ် တဖွဲ့လုံးရဲ့ သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။ ဒီအသုံးအနှုန်းကို အသုံးမပြုဖို့ မြန်မာကိုယ်စားလှယ် တဖွဲ့လုံးက ဆုံးဖြတ်ချက် ချထားတာဖြစ်ပါတယ်။ ဒီအချက်ဟာလည်း သူကို တရားရုံးမှာ အထောက်အကူမပေးပါဘူး။

နောက်ထပ် အဓိကကျတဲ့ အချက်ကတော့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ တုန့်ပြန်ပြောသွားခြင်းမရှိတာပါ။ ဂမ်ဘီယာ လျှောက်လဲချက်မှာ အဓိကအရေးပါတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွပ်စွဲချက်တွေမှာလည်း သူက ဘာမှ တုံ့ပြန်ပြောဆိုသွားတာမျိုး မရှိပါဘူး။ ဒီအချက်ဟာ တနည်းတလမ်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံလျှောက်လဲချက်တခု လုံးကို အားနည်းစေပါတယ်။ ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်ဖို့ ပျက်ကွက်မှု ဒါမှမဟုတ် တုံ့ပြန်ခုခံချေပလို စိတ်မရှိတာ၊ ဒါမှမဟုတ် သူ့အစိုးရကို ကာကွယ်ဖို့ ဥပဒေကြောင်းအရ ပြန်ပြီးခုခံမယ်ဆိုရင်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ တွေအပေါ် သူ့ရဲ့ ကိုယ်ချင်းစာမှုကို အတိုင်းအတာတခုအထိ ပြသဖို့ ပျက်ကွက်ခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲှချက်တွေထဲမှာဆိုရင် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းဆောင်ရွက်နေတဲ့ သူ့အစိုးရရဲ့ အခြေအနေတွေကိုလည်း ထုတ်ဖေါ်ပြောသွားပါတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးမှာ အတော်လေး သတိထားရတဲ့ အခြေအနေကိုလည်း ပွင့်ပွင့်လင်းလင်းပြောသွားပါတယ်။ ဒီလိုဖြေရှင်းချက်မျိုးတွေ အပေါ်မှာက နိုင်ငံတကာက နားလည်ပေးလို့ရမလား။

Michael Becker ။ ။ ကျနော် အတော်လေး အံသြသင့်ခဲ့မိပါတယ်။ ပထမနေ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖွင့် ခုခံချေပလျှောက်လဲချက် တခုလုံးဟာ ကျနော်မျှော်လင့် ထားတာထက် ပိုပြီး အသေးစိတ်ခဲ့တာဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အနေနဲ့ ယေဘုယျအချက် အလက်တွေ လောက်ပဲ သူပြောမယ်လို့ ထင်ခဲ့တာပါ။ တရားရုံးမှာ သူကိုယ်တိုင် အဲဒီလောက် အသေးစိတ်ခု ခံချေပမယ်လို့ ကျနော် ထင်မထားခဲ့ပါဘူး။ သူရဲ့လျှောက်လဲချက်တွေ အပေါ် လူတွေနား လည်လက်ခံအောင် လုပ်နိုင်ခဲ့သလားဆိုတဲ့ အချက်မှာတော့ မြန်မာနိုင်ငံက အခြေအနေတွေက ရှုပ်ထွေးခက်ခဲတာဆိုတာ လူတွေနားလည်ပါတယ်။ သူ့ဦးဆောင်တဲ့ အစိုးရနဲ့ စစ်ဗိုလ်ချုပ်တွေကြား ဆက်ဆံရေး အခြေအနေ၊ အစိုးရမှာ သူယူထားတဲ့ နိုင်ငံရေးတာဝန် အကန့်အသတ်တွေ စတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော် သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင်တော့ သုံးသပ်လို့မရဘူး။ ဒါကြောင့် ဒီအချက်ပေါ်မှာ ကျနော် အများကြီးမပြောလိုပါဘူး။ ဒါပေမဲ့ ဒီကြားနာပွဲကို တကမ္ဘာလုံးက စောင့်ကြည့်လေ့လာနေတဲ့သူအများစုကိုတော့ သူပြောပြချက်တွေ ယုံကြည်လက်ခံလာအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွဲဆောင်မှုမရှိခဲ့သလို သူ့ရဲ့ ခုခံချေပချက်တွေဟာလည်း လုံလောက်မှု မရှိပါဘူး။ တကယ်လို့ သူပြောခဲ့တဲ့ အချက်တွေ အားလုံးဟာ မှန်ကန်ခဲ့တယ်ဆိုရင်တောင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အခြေအနေကို ဆင်ခြေပေးလို့ မရပါဘူး။ ဒီလောက်ကြီးမားလှတဲ့ ပြစ်မှု အတိုင်းအတာအတွက် သူရဲ့ဖြေရှင်းချက်တွေက မလုံလောက်ပါဘူး။

ပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို သူ့အစိုးရနဲ့ ဘယ်လိုကြိုးစား ဖြေရှင်းနေသလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အများကြီး ပြောသွားပါတယ်။ ဖြစ်ခဲ့တဲ့အခြေအနေတွေဟာ ပြည်တွင်းက လက်နက်ကိုင်သူပုန်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားပြီး ပုံဖေါ်ပြောဆိုသွားတာပါ။ ဒီအချက်ကို မြန်မာကိုယ်စားလှယ်တဖွဲ့လုံးက အဓိက အခြေခံတည်ဆောက်ပြီး ပြောမယ်ဆိုတာ ခန့်မှန်းနားလည်လို့ရပါတယ်။

ဒါပေမယ့် တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒီပဋိပက္ခ ဘယ်လို ပတ်သက်ဆက်စပ်ခဲ့သလဲဆိုတာ တုံ့ပြန် ဖြေရှင်းဖို့ မြန်မာအစိုးရကိုယ်စားလှယ်တဖွဲ့လုံး ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းချက်တွေကို လူအများလက်ခံဖို့ဆိုတဲ့နေရာမှာ ကြီးမားတဲ့ ဟာကွက် ရှိခဲ့တယ်လို့ ကျနော်မြင်ပါတယ်။

လက်ထောက်ပါမောက္ခ Michael Becker နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မအင်ကြင်းနိုင် Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

(Unicode Version)




















နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ရဲ့အမြင် (အပိုင်း ၂)
please wait

No media source currently available

0:00 0:07:47 0:00

ဆက်စပ်သတင်းများ ...

XS
SM
MD
LG