သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံမိန့်ခွန်းအပေါ် HRW အမြင်


HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh နှင့် Skype အင်တာဗျူး
HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh နှင့် Skype အင်တာဗျူး

(zawgyi/Unicode)

ICJ တရားရုံးအတွေ့အကြုံရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းကိုကြည့်ရင် ICJ အမှုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုတွေ ပိုပြီးအားကောင်းလာစေဖို့ အတွက်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပြီး၊ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh က သုံးသပ်ပါတယ်။

သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ the Hague တရားရုံး ကြားနာပွဲကို တက်ရောက်နားထောင်ခဲ့သူဖြစ်ပါတယ်။ နယူးရောက် HRW ရုံးက Param-Preet Singh ကို Skype ကနေ သီးသန့်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့အထဲမှာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာက ICJ တရားရုံးမှာ အမှုစွဲတင်ထားတဲ့ ကိစ္စမှာ အဓိကအချက်အလက် အကြောင်းအရာတွေကို လျစ်လျူပြုထားတယ်၊ အထူးသဖြင့် တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ကြား အခုချိန်ထိဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအကြောင်း ထည့်သွင်းဖေါ်ပြခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

Param-Preet Singh ။ ။ အခု သူ့နိုင်ငံတွင်း ပြောတဲ့မိန်းခွန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ICJ နိုင်ငံတကာတရားရုံး တရားသူကြီး ၁၇ ဦးရှေ့မှောက် ခုခံချေပခဲ့တဲ့အချက်တွေနဲ့ ဆင်တူနေတာ ဒါမှမဟုတ် အလားတူ ခုခံချေပချက်တွေကိုပဲ ပြန်ပြီး ပြောပြတာမျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ICJ တရားရုံးရှေ့မှောက် ဒေါ်အောင်ဆန်းစုကြည်ခုခံချေပတုန်းကလည်း သူ့ပြောကြားချက်တွေဟာ ပြည်တွင်းက မြန်မာပြည်သူတွေကို တိုက်ရိုက်ဦးတည်ပြီး ပြောတာဖြစ်ပါတယ်။ ပြည်တွင်း နိုင်ငံရေး ထောက်ခံမှုတွေ ပိုပြီးခိုင်မာအားကောင်းဖို့ ရည်ရွယ်ပြီး အခု ICJမှာ တရားရင်ဆိုင်နေရမှုကို သူ့အစိုးရက မဖြစ်မနေ ခုခံကာကွယ်တာဖြစ်ပါတယ်။

အင်ကြင်းနိုင် ။ ။ ICJ တရားရုံးမှာ သူရင်ဆိုင်ခဲ့တဲ့အတွေ့အကြုံတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့အပြင် အခု အမှုကိစ္စမှာ လူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့ လူထုရဲ့ထောက်ခံမှုကိုလည်း အဓိက ထားပြောသွားပါတယ်။ အခုလို နိုင်ငံတကာတရားစီရင်ရေးကိစ္စမှာ ပြည်သူတွေဘက်က ဘယ်လို ပါဝင် ပတ်သက်ဖို့လိုမယ်လို့ မြင်ပါသလဲရှင့်။

Param-Preet Singh ။ ။ သူဘာကို အတိအကျဆိုလိုသလဲဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က the Hague တရားရုံး အပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အားရပါးရ ကြွေးကြော်အော် ဟစ်ပြီး ကြားနာပွဲ သုံးရက်စလုံး မပျက်မကွက် သူ့ကိုထောက်ခံကြောင်း ပြသခဲ့ကြတာပါ။ ဒီလို ထောက်ခံတဲ့ ဆန္ဒပြပွဲမျိုးကို သူက အားပေးချင်တာဖြစ်တယ်လို့ ကျမမြင်ပါတယ်။ ဒါက သူ့အပိုင်းပါ။ ဒါပေမယ့် သိထားရမှာက တရားရုံးအပြင်ဘက်မှာ ဘာတွေပဲဖြစ်ဖြစ်၊ တရားရုံးထဲက တရားသူကြီးတွေက ဒါတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို၊ သူတို့နဲ့လည်း မသက်ဆိုင်ပါဘူး။ တရားသူကြီးတွေ ကြည့်မှာက တရားရုံးမှာ ဂမ်ဘီယာက တင်ပြတဲ့ အချက်တွေနဲ့ မြန်မာဘက်က တင်ပြတဲ့ အချက်အလက်တွေကိုပဲဖြစ်ပြီး ဒီအပေါ်မှာ အမှန်တရားကို သုံးသပ်ဆုံးဖြတ်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် အခုလို နိုင်ငံတကာတရား စီရင်ရေးကိစ္စမှာ မြန်မာပြည်သူအများ ပိုပြီး သိရှိနားလည်လာဖို့ ဆိုပြီးတော့ ICJ တရားရုံးကို ကိုယ်တိုင်သွားခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ် တွေဘက်ကနေ ရှုထောင့်ပေါင်းစုံနဲ့ ဆွေးနွေးမယ့် စကားဝိုင်းတွေကို စီစဉ်ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါတွေဟာ တကယ်ပဲ ထိရောက်မှုရှိမယ်လို့ မြင်ပါလား။

Param-Preet Singh ။ ။ ကျမမြင်တာကတော့ ပြီးခဲ့တဲ့သီတင်းပတ် ကြားနာပွဲအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ အများပြည်သူအနေနဲ့ the Hague ကပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြားနေရာတွေကပဲဖြစ်ဖြစ် ကြားနာပွဲတွေကို ကြည့်ရှုနိုင်တာပါ။ နောက်လာမယ့် နှုတ်နဲ့ ကြားနာပွဲတွေကိုလည်း အများပြည်သူ နားထောင်ဖို့ ဖွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ဒီကြားနာစစ်ဆေးမှု တလျောက်လုံးကို တောက်လျောက်လေ့လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် သူ့အစိုးရအဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ဒီ ICJ ကိစ္စအပေါ် အများပြည်သူသိအောင် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်တွေလုပ်မယ် ဆိုတာ အစကတည်းက အများသိအောင် ဖွင့်ထားတဲ့ အမှုကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရရဲ့ အခုလိုလုပ်တဲ့အစီအစဉ်မှာ သီးခြားရှုထောင့်အမြင် ရှိနေပါတယ်။ ဒါကတော့ တကယ့်လက်တွေ့အခြေအနေကို နားလည်ဖို့ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေက သူတို့လိုချင်တဲ့ အချက်အလက်တွေနဲ့ ပုံဖေါ် ဆောင်ရွက်တဲ့ပုံမျိုး ဖြစ်နေပါတယ်။

အင်ကြင်းနိုင် ။ ။ နောက်ထူးခြားတဲ့တချက်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ ဒီလို လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနိုင်ပေမယ့် ဒါကို လူမျိုးတုံးသတ်ဖြတ်မှုဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ သတ်မှတ်လို့ မရနိုင်တဲ့အကြောင်း ပြောပါတယ်။ Param Singh အမြင်ကို သိချင်ပါတယ်။

Param-Preet Singh ။ ။ အခုမေးခွန်းထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားဖို့ကောင်းသလို၊ ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးတော်မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲှချက်တွေထဲမှာ ပြည်တွင်းက နားထောင်သူတွေကို တိုက်ရိုက်ဦးတည်ပြီး ပြောတာတွေ အလွန်များပါတယ်။ မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ သူ့ကိုနိုင်ငံရေးအရ ထောက်ခံသူတွေကို ပြန်ပြီး အစီရင်ခံနိုင်ဖို့ သေချာတဲ့ ဇာတ်အိမ်ဖြစ်အောင် သူက တွန်းအားပေး ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရားသူကြီးတွေကိုလည်း သူက တိုက်ရိုက်တင်ပြခဲ့တာတွေရှိပါတယ်။ သူပြောသွားတဲ့ အချက်တွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက တပ်အင်အားအလွန်အကျွံ သုံးတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ကောင်း ချိုးဖောက်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်က တကယ့်အသစ်အဆန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ပြစ်မှုကျူးလွန်မှု တချို့ရှိနိုင်တယ်ဆိုတာ ဝန်ခံတဲ့ သဘောမျိုး အများကြီး သက်ရောက်နေတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့ ခုခံချေပခဲ့တဲ့အတိုင်းပဲ ခုခံချေပခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မရှိဘူးဆိုတဲ့အချက်ကို အဓိကကိုင်ပြီး ခုခံချေပခဲ့ကြတာဖြစ်ပါတယ်။ ဒါကလည်း ဆက်ပြီးဖြစ်နေတာမဟုတ်တာ သေချာပါတယ်။ ဒီရှုထောင့်ကကြည့်ရင် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ခုခံချေပသွားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ထိထိရောက်ရောက် ခုခံချေပနိုင်ခြင်း ရှိမရှိ ဆိုတာကတော့ တရားရုံးက ဆုံးဖြတ်မှာပါ။

HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh ကို Skype ကနေ မအင်ကြင်းနိုင်က သီးသန့်မေးမြန်းထားတာပါ။

အတိုင်ပင်ခံမိန့်ခွန်းအပေါ် HRW အမြင်
please wait

No media source currently available

0:00 0:04:46 0:00
တိုက်ရိုက် လင့်ခ်


...................


(Unicode)













ICJ အတွေ့အကြုံရှင်းလင်းပွဲ မိန့်ခွန်းပေါ် HRW သဘောထား
please wait

No media source currently available

0:00 0:03:48 0:00

XS
SM
MD
LG