သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ အမှုအပေါ် မြန်မာဥပဒေပညာရှင်တွေရဲ့ အမြင်


(Zawgyi/Unicode)

လူမျိုးတုံး သတ်ဖြတ်မှုကို မတားဆီးနိုင်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက တရားစွဲဆိုထားတာကို ICJ နိုင်ငံတကာ တရားရုံးမှာ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။ ဂမ်ဘီယာဘက်က တင်သွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး မနေ့က မြန်မာနိုင်ငံက ပြန်လည် ချေပခဲ့တာ ဖြစ်ပြီး ရုံးတော်မှာ ပထမဦးဆုံး ဂမ်ဘီယာဘက် ကပြန်တုံ့ပြန်ခဲ့တာပါ။ လက်ရှိ တရားရုံးက အနေအထားတွေနဲ့ ပတ်သက်ပြီး မြန်မာ့ အရေးသုံးသပ်သူတွေနဲ့ ဥပဒေ ပညာရှင်တွေက ဘယ်လိုရှုမြင်ကြပါသလဲ။ ဗွီအိုအေသတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ဥပဒေ အကျိုးဆောင်တွေကတော့ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန် ခဲ့ကြောင်းနဲ့ ဒါကိုလည်း ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက လျှောက်လဲချက်ပေးရာမှာ ငြင်းဆန်ခဲ့တာ မရှိကြောင်း ဒီကနေ့လျှောက်လဲချက်တွေ တင်ပြတာမှာ ထည့်သွင်းပြောဆိုထား ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ကြောင်းလည်း အလေးထား ထပ်မံပြောဆိုခဲ့သလို၊ အခြေအနေတွေကို ဟန့်တားနိုင်ဖို့ အရေးပေါ် အစီအမံတွေ လိုအပ်ကြောင်းလည်း လျှောက်လဲခဲ့ကြပါတယ်။ ဒီလျှောက်လဲချက်တွေနဲ့ပတ်သတ်လို့ တရားလွှတ်တော်တဦးဖြစ်တဲ့ ဦးသိန်းသန်းဦးကတော့ အခုလိုရှုမြင်ပါတယ်။

“အမှုကြီးတခုလုံးရဲ့ ဖြစ်စဉ်နဲ့တော့ တိုက်ရိုက်မပတ်သက်ဘူး ဆိုလိုချင်တာကတော့ မြန်မာပြည်မှာ စိုးရိမ်စရာအခြေအနေတွေရှိပါတယ်။ ဒီအမှု စုံစမ်းစစ်ဆေးနေစဉ်မှာပဲ အခြေအနေတွေ ပိုဆိုးလာနိုင်တဲ့အတွက် ယာယီအားဖြင့် စီမံချက်ချပြီးတော့ တားဆီးတာတွေ လုပ်ပေးပါလို့ တောင်းတာပဲ ရှိသေးတယ်။ သူတို့ အချက်အလက်တွေ ခိုင်မာတယ်၊ မခိုင်မာဘူးဆိုတာက ပြောဖို့ ခက်သေးတယ်။ မြင်သာတဲ့သက်သေအထောက်အထား တချို့ကတော့ ရှိတယ် Provisional Measure ဆိုတာလည်း သိပ်ကြောက်စရာမရှိပါဘူး။ ဒါက အများကြီးတောင်းဆိုလို့မရဘူး အခုအဆင့်မှာတော့ ဒါကြောင့် သိပ်စိုးရိမ်စရာမလိုဘူးလို့ မြင်တယ်။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းကတော့ လက်ရှိ ဂမ်ဘီယာနိုင်ငံ ဘက်က တင်ထားတဲ့ ကြားဖြတ်အရေးပေါ် အစီအစဉ် လိုအပ်မှုရှိမရှိ ဆိုတာအတွက် နိုင်ငံတကာဘက်က အချက်အလက်တွေ လေ့လာစမ်းစစ်နိုင်ဖို့ နိုင်ငံတကာဘက်က စုံစမ်းစစ်ဆေးမှုတွေကို လက်ခံရနိုင်ဖွယ်ရှိတယ်လို့ သူ ကသုံးသပ်ပါတယ်။

“ဆိုတော့ Gambia ရဲ့ဟာ ဘယ်လောက်အထိ သက်ရောက်မလဲဆိုတော့ အမြင့်ဆုံးကတော့ Genocide ပေ့ါနော် ၊ အနိမ့်ဆုံးကတော့ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာကတော့ အနိမ့်ဆုံးပေါ့။ ဆိုရင် တရားရုံးက တည်ဆဲအချက်အလက်တွေကနေဆုံးဖြတ်မလား၊ တည်ဆဲအချက်အလက်တွေရဲ့ အပြင်မှာ အချက်အလက်အသစ် ထပ်မံစုဆောင်းမလား ။ အဲဒီ ငြင်းပယ်ထားတဲ့ အချက်တွေအပေါ်မှာပဲ အခြေခံပြီးတော့ ဒါမှမဟုတ် မြန်မာနိုင်ငံက ပြောဆိုတဲ့ အချက်တွေအပေါ်မှာ နဲ့ ချိန်ထိုးပြီးတော့ ဆုံးဖြတ်မလား ၊ ဒါမှ မဟုတ်အချက်အလက်အသစ်ရှာမလား ။ ကျနေ်ာထင်တယ် အချက်အလက်အသစ်ရှာတာ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်ထင်တယ်။ ဒီတခါကတော့ ငြင်းပယ်လို့ မရတော့ဘူး သူတို့ သီးခြားလွတ်လပ်တဲ့အဖွဲ့ လာရောက်ရှာဖွေမေးမြန်း ကြည့်ရှုတာကိုတော့ ပေးရလိမ့်မယ်လို့ ထင်တယ်။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း မနေ့တုန်းကပဲ ICJ မှာ လျှောက်လဲချက်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ ကြားနာပွဲ အဆုံးမသတ်ခင်မှာ စွပ်စွဲချက်တွေကို ချေပဖို့ရှိမယ်လို့ အများက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ဥပဒေကြောင်းအရ ဂမ်ဘီယာဘက်က တင်ပြချက်တွေကိုချေပနိုင်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်သူကတော့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ပါ။

“အဲဒါကတော့ သူတို့က ၂ နှစ်ကျော်ကျော်လောက် သေချာပြင်ဆင်ပြီးတော့ အားကောင်းတဲ့ ရှေ့နေအဖွဲ့နဲ့ သေချာ စနစ်တကျပြေတာ။ ဆရာတို့ဘက်က ပြင်ဆင်ချိန် ၂ ပတ်လောက်ပဲရတယ်၊ ရှေ့နေအဖွဲ့ကလည်း အင်အားမတောင့်တင်းဘူး။ ထိုက်သင့်သလောက်တော့ ခုခံနိုင်တယ်။ ဒါပေမယ့် သူတို့က ပိုပြီးလုပ်ထားတာတွေ အများကြီးရှိတယ်။ ဒါကြောင့် Genocide မဖြစ်ဘူးဆိုတဲ့ အပြီးသတ်အမိန့်မှာတော့ ဆရာတို့ နိုင်နိုင်တယ်။ သို့သော် စီရင်ပိုင်ခွင့် ရှိမရှိ ဆိုတာနဲ့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်လိုက်ရင် သူတို့က ဘယ်အချက်တွေ လိုက်လျောရမယ်ဆိုပြီး ဆုံးဖြတ်တဲ့နေရာမှာတော့ ဆရာက အဲဒါ နည်းနည်းစိုးရိမ်တယ်။ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်လိုက်ရင် ဆရာတို့နိုင်ငံ အန္တရာယ်ကျရောက်ပြီပဲ ။ အဲဒါကိုတော့ ဆရာတော်တော်စိုးရိမ်တယ်။”

၂ ဘက်တုံ့ပြန်မှုတွေကို ဒီကနေ့ ကြားနာအပြီးမှာ ကြားဖြတ်လုပ်ဆောင်ရမှာ တွေနဲ့ ပတ်သက်ပြီး ICJ က လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် ICJ ရဲ့ဆုံးဖြတ်ချက် ထွက်ဖို့ကတော့ နှစ် အတော် ကြာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)











XS
SM
MD
LG