သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးစွပ်စွဲချက်တွေနဲ့အင်ဒိုဗိုလ်ချုပ်ဟောင်း ရွေးကောက်ပွဲရလဒ်ဦးဆောင်


Indonesia holds presidential and parliamentary elections
Indonesia holds presidential and parliamentary elections

အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဖြစ်လာဖွယ်ရှိတဲ့ အာဏာရှင်ဆူဟာတိုရဲ့သားမက် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) ဟာ အရင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရသူဖြစ်လို့ သူသမ္မတဖြစ်လာမှာအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက သတိထား စောင့်ကြည့်နေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မဲရေတွက်မှုတွေအပြီး ကနဦးရလဒ်တွေအရ လက်ရှိကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဆူဘီရန်တိုက သူရွေးကောက်ပွဲနိုင်ကြောင်း ကြေညာထားတာပါ။

သူဟာ ၁၉၉၈ ခုနှစ်တုန်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီး ပြန်ပေးဆွဲဖို့ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်မှာ စစ်တပ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီတုန်းကဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက ဒါဇင်နဲ့ချီတဲ့သူတွေဟာ အခုထက်ထိ သတင်းအစအနရှာမရ ပျောက်ဆုံးနေဆဲ ဖြစ်နေတာပါ။ ဒါ့အပြင် ဆူဘီရန်တိုဟာ အရှေ့တီမောမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

စစ်တပ်က အထုတ်ခံရပြီးနောက်မှာ ဆူဘီရန်တိုဟာ ဂျော်ဒန်နိုင်ငံမှာ သူ့ ဆန္ဒအလျောက် သွားရောက်နေထိုင်ခဲ့ဖူးသလို အရင်ကလည်း အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ ဆူဘီရန်တိုဟာ သူ့အပေါ်စွပ်စွဲချက်တွေကို တစိုက်မတ်မတ်ငြင်းဆိုခဲ့သလို သူ့အပေါ်မှာလည်း တရားဝင်စွဲချက်တင်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ အငြင်းပွားဖွယ် လူ့အခွင့်အရေးမှတ်တမ်းတွေရှိခဲ့တဲ့ ဆူဘီရန်တို အာဏာရလာရင် အင်ဒိုနီးရှားမှာ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ဆုတ်ယုတ်လာမှာကို စိုးရိမ်နေကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အင်ဒိုနီးရှားဆိုင်ရာ အမှုဆောင်ဒါရိုက်တာ အူစမန်ဟမစ်ဒ် (Usman Hamid) ကတော့ “လူငယ် ကျောင်းသား တက်ကြွလှုပ်ရှားသူတွေရဲ့ မျက်ရည်တွေ၊ သွေးတွေနဲ့ ပေးဆပ်ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်သွားမှာကို စိုးရိမ်ကြောင်း” ဗွီအိုအေကို ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ (Matthew Miller) ကတော့ “ဒီရွေးကောက်ပွဲက ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ စနစ်အဖွဲ့အစည်းတွေ အပေါ် အင်ဒိုနီးရှားပြည်သူတွေရဲ့ စမ်းသပ်ချက် ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် ရွေးကောက်ပွဲ ရလဒ်တွေကို စောင့်မျှော်နေကြောင်း” မှတ်ချက်ပြုပါတယ်။

အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ဆူဘီရန်တိုဟာ သမ္မတရွေးကောက်ပွဲမှာ တတိယအကြိမ်မြောက် ဝင်အရွေးခံခဲ့တာပါ။ သူဟာ ၂၀၀၉ ခုနှစ်တုန်းက သမ္မတဟောင်း မဂ္ဂဝါတီ ဆူကရာနိုပူထရီ (Megawati Sukarnoputri) နဲ့ အတူ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မအောင်မြင်ခဲ့သလို ၂၀၁၄ နဲ့ ၂၀၁၉ ရွေးကောက်ပွဲတွေမှာလည်း အခု ရာထူးက ထွက်ခွာရတော့မယ့် လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒိုကို ရှုံးနိမ့်ခဲ့ပါတယ်။

တရားဝင်မဟုတ်သေးတဲ့ မဲရေတွက်မှု ရလဒ်တွေထွက်လာအပြီး ဗုဒ္ဓဟူးနေ့မှာ ထောက်ခံသူထောင်နဲ့ချီကို မိန့်ခွန်းပြောရာမှာတော့ ဆူဘီရန်တိုက ဒါဟာ “အင်ဒိုနီးရှားနိုင်ငံသားအားလုံးရဲ့အောင်ပွဲ" လို့ ခေါ် ဆိုပြီး အင်ဒိုနီးရှားရဲ့ အကောင်းဆုံးသော ရင်သွေးတွေနဲ့ သူ့ရဲ့အစိုးရကို ဖွဲ့စည်းမယ်လို့ ကတိပြုခဲ့ပါတယ်။

ဂျကာတာစံတော်ချိန် နေ့လယ်တနာရီ မဲရုံတွေပိတ်ပြီးနောက် လွတ်လပ်တဲ့ မဲရလဒ် စောင့်ကြည့်သူတွေရဲ့ တွက်ချက်မှုရလဒ် အရ မဲ အရေအတွက် ၆၀ ရာခိုင်နှုန်းကို ဆူဘီရန်တိုက ရရှိခဲ့ပြီး ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီ ဘက်စ်ဝါဒန်ကတော့ ၂၀ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ပါတယ်။ တခြား ပြိုင်ဆိုင်သူတဦးဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနိုဝို (Ganjar Pranowo) ကတော့ သူတို့နှစ်ဦးစလုံးရဲ့နောက်မှာ မဲအပြတ်အသတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ တကယ်လို့ တရားဝင်ရလဒ်တွေ ထုတ်ပြန်ချိန်မှာ ဆူဘီရန်တိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ်တဝက်မှာ အနည်းဆုံးမဲ ၂၀% နဲ့အတူ မဲအားလုံးရဲ့ ၅၀% ကျော်ကိုသာ ရရှိခဲ့ရင် သူ့အနေနဲ့ သမ္မတရာထူးကို ပြတ်ပြတ်သားသား ရယူနိုင်မှာဖြစ်ပြီး ဇွန်လမှာ ကျင်းပဖို့စီစဥ်ထားတဲ့ ဒုတိယအကျော့မဲပေးပွဲမှာ ယှဥ်ပြိုင်စရာမလိုတော့ပါဘူး။ အပြီးသတ်မဲရလဒ်တွေ တရားဝင်ထုတ်ပြန်ဖို့ကတော့ နောက်ထပ် ရက်သီတင်းပတ်အနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG