သုံးရလွယ်ကူစေသည့် Link များ

Irma ဟာရီကိန်း မုန်တိုင်းအဆင့် ၄ ဖလော်ရီဒါကမ်းရိုးတန်း ၀င်ရောက်

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Key West ကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဟာရီကိန်းမုန်တိုင်း အာမာ စတင် ၀င်ရောက်တိုက်ခတ်နေပြီး လေပြင်းနဲ့ အတူ မိုးလည်း ပြင်းပြင်းထန်ထန် ရွာသွန်းနေပါတယ်။

ဖလော်ရီဒါပြည်နယ် ကျွန်းဆွယ်တန်းကို စတင်ဝင်ရောက်လာချိန်မှာ ဟာရီကိန်း မုန်တိုင်း အာမာက မုန်တိုင်း အဆင့် ၄ အဖြစ် ရှိနေပြီး တနာရီကို လေတိုက်နှုန်း ၂၁၅ ကီလိုမီတာနှုန်း ရှိနေတယ်လို့ အမျိုးသား ဟာရီကိန်း စောင့်ကြည့်ရေး ဌာနက ပြောဆိုထားပါတယ်။

ဟာရီကိန်း မုန်တိုင်းက ဖလော်ရီဒါ အနောက်ဘက် ကမ်းရိုးတန်း တလျှောက် လူနေထူထပ်တဲ့ မြို့တွေရှိရာ မြောက်ပိုင်းကို ဦးတည်မယ်လို့ ခန့်မှန်းထားပြီး ရာစုနှစ် တခုအတွင်း အင်အားပြင်း မုန်တိုင်းကြီးတွေနဲ့ မတွေ့ခဲ့ရတဲ့ ကျွန်းဆွယ် ပြည်နယ်တွင်း အပျက်အစီးတွေ ရှိလာနိုင်တာပါ။

ဖလော်ရီဒါ အနောက်ဘက် ကမ်းရိုးတန်းက Naples နဲ့ Fort Myers တို့ကို ဟာရီကိန်း မုန်တိုင်း အာမာ ၀င်ရောက်တိုက်ခတ်ပြီး မြောက်ပိုင်းကို ရွေ့လျားပြီး Tampa မြို့ကြီးဘက်ကို ဦးတည်လာချိန်မှာဘဲ မုန်တိုင်းကြောင့် ရိုက်ခတ်လာမယ့် လှိုင်းလုံးကြီးတွေက သုံးမီတာကနေ ၄ မီတာလောက် အထိ ရှိလာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အစောပိုင်းတုန်းကတော့ မုန်တိုင်းက ဖလော်ရီဒါ အရှေ့ဘက် ကမ်းခြေ မိုင်ယာမီဘက်ကို ဦးတည်လာမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခု မုန်တိုင်းလမ်းကြောင်းက အနောက်ဘက်ကမ်း St. Petersburg ဘက်ကို ဦးတည်လာနေပါတယ်။

ဖလော်ရီဒါ အနောက်ဘက် ကမ်းခြေ ဒေသတွေ အတွက် အလွန်ဘဲ စိုးရိမ်ရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က ပြောဆိုထားပါတယ်။ ပြည်နယ်တွင်းက အရေးပေါ် ခိုလှုံရေး စခန်း ၄၀၀ လောက်မှာလည်း လူပေါင်း ၇ သောင်းခွဲကျော်လောက် ရောက်ရှိနေကြပါပြီ။ အိမ်ထောင်စုပေါင်း ၇ သောင်း ၆ ထောင်ကျော်တို့မှာ လျှပ်စစ်မီး ပြတ်တောက်သွားပါပြီ။ဖလော်ရီဒါ ပြည်နယ် လူဦးရေရဲ့ လေးပုံတပုံကျော်ရှိတဲ့ လူဦးရေ ၅ ဒသမ ၆ သန်းကို မုန်တိုင်းမလာခင် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားတာပါ။

XS
SM
MD
LG