အပစ်အခတ်ရပ်စဲရေး ဟာမတ်စ်တောင်းဆိုချက်၊ အစ္စရေးတပ်ရုပ်သိမ်းရေးနဲ့ ဟာမတ်စ်လက်မှာ ကျန်ရှိနေတဲ့ဓားစာခံတွေနဲ့ အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်းတွေ အပြန်အလှန်လွှတ်ပေးရေးတွေကို ပယ်ချလိုက်လိုက်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နေတန်ယာဟု က ပြောပါတယ်။
သောကြာနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့စကားပြောရာမှာ အဆိုပါ အချက်တွေကို ပယ်ချခဲ့တာဖြစ်ကြောင်း နေတန်ယာဟုက ဆိုပါတယ်။ ဒီအချက်တွေကို သဘောတူလိုက်တာနဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမျိုးထပ်ဖြစ်လာဖို့က အချိန်ပဲ စကားပြောမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးဆိုတဲ့ အမေရိကန်ရဲ့တောင်းဆိုချက်ကိုလည်း သူက ပယ်ချလိုက်ပါတယ်။ ဂါဇာဟာ အစ္စရေးကို ခြိမ်းခြောက်တဲ့အနေအထားမရှိအောင် သေချာဖို့ သူက ရည်ရွယ်ကြောင်းပြောပါတယ်။ ပါလက်စတိုင်းနိုင်ငံ ဟာ အစ္စရေးနိုင်ငံရဲ့ဖြစ်တည်မှုအန္တရာယ်လို့လည်း မစ္စတာ နေတန်ယာဟုက ဆိုပါတယ်။
နိုင်ငံနှစ်နိုင်ငံ ထူထောင်အဖြေရှာရေးအဆိုကို ငြင်းဆိုလိုက်တာဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။ ဟာမတ်စ်အပေါ် လုံးဝအောင်ပွဲခံပြီး ဓားစာခံတွေပြန်လွှတ်တဲ့အထိ အစ္စရေးက ထိုးစစ်ဆက်ဆင်နေမယ်လို့ မစ္စတာ နေတန်ယာဟုက ဆိုပါတယ်။