သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ရဲ့ သံတမန်ရေးကြိုးပမ်းမှု (ဒေါ်ဇင်မာအောင်နဲ့ ဆက်သွယ်မေးမြန်းချက်)


NDAA အမေရိကန်ဥပဒေပါ မြန်မာ့အရေးဖော်ပြချက်ဟာရုပ်ဝတ္တုအကူအညီထက် နိုင်ငံရေးအရပိုပြီးအရေးပါတဲ့တိုးတက်မှုဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ NUG အနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ Silent Diplomacy သိုသိုသိပ်သိပ်သံတမန်နည်းလမ်းနဲ့ ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။ ကိုသားညွန့်ဦး မေးထားပါတယ်

NUG သံတမန်ရေးကြိုးပမ်းမှု ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့သီးသန့်ဆက်သွယ်မေးမြန်းချက်
ဒီဇင်ဘာ ၃၀၊ ၂၀၂၂ (ဗွီအိုအေမြန်မာပိုင်း)

NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဖော်ပြချက်ဟာ ရုပ်၀တ္တုအကူအညီထက် နိုင်ငံရေးအရ ပိုပြီးအရေးပါတဲ့ တိုးတက်မှုဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့ အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးမှာ နိုင်ငံကိုယ်စားပြုမှု တရားဝင်ရအောင် ကြိုးစားနေသလို၊ ဒေသတွင်းနိုင်ငံတွေနဲ့ Silent Diplomacy ခေါ်တဲ့ သိုသိုသိပ်သိပ် သံတမန်ရေးနည်းလမ်းနဲ့ ထိစပ်ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေကို သမ္မတကလည်း အတည်ပြုလိုက်တော့ ဥပဒေဖြစ်သွားပါပြီ။ အဲဒီထဲမှာ NUG တို့ PDF တို့ကိစ္စတွေ ပါဝင်ပါတယ်။ တလောတုန်းက ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကို အင်တာဗျူးတော့ NDAA နဲ့ဆက်စပ်ကိစ္စတွေကို နိုင်ငံခြားရေးဌာနက အဓိကထား လုပ်မယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီ NDAA ကိစ္စ အမေရိကန်ဆီက အကူအညီရယူဖို့ကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လိုပြင်ဆင်ထားပါသလဲ၊ အမေရိကန်အစိုးရနဲ့ ဘယ်လောက်အထိ ထိစပ်ထားနိုင်ပြီလဲ၊ နောက် ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ။ အဲဒီအထဲ မူအားဖြင့် ဖော်ပြထားချက်တွေက တော်လေးလေး ကောင်းတယ်။ ဒီ Principle မူတွေပေါ်မှာ အခြေခံပြီးတော့ အမေရိကန်အစိုးရ ကျမတို့ advocate လုပ်ဖို့ရာ အများကြီးအထောက်အပံ့ဖြစ်တယ်လို့ တစ် အချက်မြင်တယ်၊ နိုင်ငံရေးအရနော်။ ဒီဥပဒေကို နှစ်ပိုင်းခွဲမြင်ရမယ်လို့ ကျမမြင်တယ်။ ဘတ်ဂျက်အရရယ်၊ နိုင်ငံရေးအရရယ်ပေါ့။ ဆိုတာ့ ကျမမြင်တာကတော့ ဘတ်ဂျက်အရထက်စာရင် ဒါဟာ နိုင်ငံရေးအရ ကျမတို့အတွက် ပိုပြီးကောင်းမွန်တဲ့တိုးတက်မှုလို့မြင်ရတယ်။ အမေရိကန်အစိုးရရဲ့ Commitment ကို တိုးမြှင့်ပြီးတော့ မြင်ရတဲ့သဘောလို့ ကျမနားလည်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်ကလည်း CDM ပါတယ်၊ Civil Society ဆိုတာ ပါတယ်။ အရင်နှစ်တွေတုန်းကလည်း Civil Society ကို ထောက်ပံ့မယ်၊ ဒီမိုကရေစီရေးမြှင့်တင်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ ပါဝင်တယ်။ ဒီနှစ်မှာကျတော့ specifically အသေးစိတ်တိတိကျကျ ဖော်ပြထားတဲ့ စာပိုဒ်တွေအရ တချိုု့ဟာတွေက လုပ်ကိုလုပ်ရမယ့်ဟာတွေရှိတယ်၊ တချို့ဟာတွေကျတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်ချင်ရင်လုပ်လို့ရတယ်ပေါ့။ ဆိုတော့ နှစ်ပိုင်းပေါ့။ လုပ်ကိုလုပ်ရမယ့်ဟာတွေကို တကယ်လုပ်ဖြစ်အောင် effectively ဘတ်ဂျက်အရပဲဖြစ်ဖြစ် နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ တကယ့်ကို end user တွေဆီရောက်အောင် ကျမတို့ တွန်းရလိမ့်မယ်။ နောက် ဒုတိယတချက်ဖြစ်တဲ့ လုပ်ချင်ရင်လုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးကျပြန်တော့ အစိုးရဖက်ခြမ်းကို ကျမတို့ တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဖြစ်အောင်လို့ advocate လုပ်ရမယ့် အပိုင်းတွေရှိတယ်လို့ နှစ်ပိုင်းမြင်ပါတယ်။ ပြောရရင် ဘတ်ဂျက်ကတော့ မနှစ်ကဘတ်ဂျက်နဲ့ ပမာဏအားဖြင့် အတူတူပဲ၊ ဒါပေမယ့် အကြောင်းအရာအားဖြင့် ဥပမာပေါ့ အားလုံးလည်း သိထားပြီးကြပါပြီ။ PDF နာမည်ကို ထည့်သွင်းသုံးစွဲလာတယ်။ ဒါကတော့ မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ PDF တွေအတွက်တော့ အရမ်းအားတတ်စရာကောင်းတယ်။ ရောက်ချင်မှတော့ ရောက်မယ် ပွင့်ပွင့်လင်းလင်းပြောရရင်။ အရမ်းလည်း Broad ကျယ်ပြန့် တယ်၊ ငွေပမာဏအားဖြင့်ရော.. နောက်ပြီးတော့ stakeholders တွေလည်း တအားများတယ် ဖော်ပြထားတဲ့အထဲမှာ။ NUG ပါတယ် NUCC ပါတယ် CRPH ပါမယ်၊ ပြီးတော့ Civil Disobedience ပါမယ်၊ နောက် တချို့ဟာဆိုရင် ဥပမာအားဖြင့် ပြည်သူ့ရင်ခွင်ခုံလှုံလာတဲ့ defectors တွေဆိုတာလည်း ထည့်သွင်းသုံးစွဲလာတယ်။ ဒါကတော့ ကောင်းတဲ့ကိစ္စလို့ မြင်တယ်။ အရင်တုန်းကဆိုရင် အမေရိကန်အစိုးရပေါ်လစီအရ စစ်တပ်မှာတာဝန်ထမ်းဆောင်ထားတဲ့သူဆိုရင် ပြည်ဝင်ခွင့်ဗီဇာ မပေးတာတွေ ရှိတယ်။ ဆိုတော့ အခု ဘာပဲဖြစ်ဖြစ် ဖြေလျှော့လာတယ်လို့ ကျမတို့မြင်တယ်။ ဒီအပေါ်မှာအခြေခံပြီး နိုင်ငံရေးအရ အမေရိကန်ပြည်ထောင်စုကို ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် advocate လုပ်သွားဖို့ ရှိပါတယ်။

မေး။ ဒီ ဥပဒေထဲမှာ NUG / NUCC ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း ဒီအသုံးအနှုံးသုံးထားတာ သတိထားမိပါတယ်။ ဆိုတော့ အမေရိကန်အစိုးရအနေနဲ့ NUG ကို တရားဝင်အသိအမှတ်ပြုနိုင်တဲ့ အလားအလာရော ဘယ်လိုရှိပါသလဲ။

ဖြေ။ (စစ်ကောင်စီကို) ဒီသံခင်းတမန်ခင်းနဲ့ နိုင်ငံတွေကို ဆက်ဆံတဲ့အခါမှာတော့ အသုံးအနှုံးကတော့ အမြဲတမ်း - အမေရိကန်မှမဟုတ်ပါဘူး၊ တခြားသံတမန်တွေနဲ့ တွေ့တဲ့အခါမှာလည်း၊ သူတို့က state (နိုင်ငံ) ကို ဆက်ဆံတာဖြစ်တယ်၊ Government (အစိုးရ) ကို ဆက်ဆံတာမဟုတ်ဘူး။ ဆိုတော့ အစိုးရကို အသိအမှတ်ပြုတာမဟုတ်ဘူး နိုင်ငံကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးပေါ့။ နဲနဲလေးတော့ ပညာသားပါတယ်လို့ ပြောရမယ် ဒစ်ပလိုမေစီမှာ။ အဲတော့ publicly engagement (တရားဝင်ကြေညာဆက်ဆံမှု)လုပ်ဖို့ ကျမတို့က ပိုတောင်းဆိုရတယ်။ sovereign state (အချုပ်အချာအာဏာပိုင်နိုင်ငံ) အနေနဲ့ မြန်မာနိုင်ငံကိုပဲ အသိအမှတ်ပြုထားတာဖြစ်တယ်။ ဒါပေမယ့် အဲဒီ့မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ဆက်ဆံတဲ့အခါကျတော့ လက်တွေ့ဆက်ဆံမှု ဘယ်သူ့ကို လုပ်နေလဲဆိုတဲ့အပေါ်မှာတော့ ကျမတို့က ယူသော်ရ၏ သဘောမျိုး အဓိပ္ပါယ်ကောက်ယူလို့ရတယ်။ ကျမတို့ တွန်းတွန်းတိုက်တိုက်လုပ်နေတာကတော့ ကျမတို့ကို publicly တရားဝင် အသိအမှတ်ပြုဖို့။ ဟုတ်ပြီ အစိုးရကို အသိအမှတ်ပြုတာမဟုတ်ဘူး နိုင်ငံကို အသိအမှတ်ပြုတာဆိုရင်လည်း၊ ကျမတို့ကို အစိုးရတရပ်အနေနဲ့ public engage လုပ်တာမျိုးပေါ့။ လူထုကို ကိုယ်စားပြုတဲ့၊ ကိုယ်စားပြုခွင့်ရှိနေတဲ့ အစိုးရအနေနဲ့ ကျမတို့ကို publicly engagement လုပ်တာမျိုး မရဘူးလားဆိုပြီး ကျမတို့ advocate လုပ်နေတာရှိပါတယ်။

မေး။ ဟုတ်ကဲ့ ကျနော်တဆက်တည်းမေးချင်တာက UNSC ဆုံးဖြတ်ချက်ကိစ္စပါ။ မကြာခင်တုန်းက UNSC ကနေ ထူးထူးခြားခြား မြန်မာနိုင်ငံနဲ့ပတ်သက်လို့ - ဒါလွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက်ထွက်လာပါတယ်။ စိုးရိမ်နေကြတဲ့ တရုတ် ရုရှားဆိုရင် ဗီတိုအာဏာမသုံးပါဘူး။ မဲမပေးပဲနေခဲ့တော့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားတယ်။ ဒီ UNSC ဆုံးဖြတ်ချက်က လက်ရှိ မြန်မာ့ဒီမိုကရေစီအရေးအတွက်ရော NUG အတွက်ပါ ဘယ်လောက်အထိ မျှော်လင့်စရာတွေရှိပါသလဲ။

ဖြေ။ စစ်ကောင်စီက တုန့်ပြန်တဲ့အခါ အခုနက NDAA ကိုသာ.. ကြံခိုင်ရေးတွေ ဘာတွေ သုံးပြီးတော့ ဆန္ဒပြတာတွေရှိပေမယ့်၊ ဒီ UNSC resolution ကို အရမ်း တင်းတင်းရင်းရင်းကြီး ပြောတာမရှိဘူး၊ စစ်ကောင်စီထုတ် statement နှစ်ခုကို ယှဉ်ကြည့်ရင် မြင်သာတယ်။ UNSC ဆုံးဖြတ်ချက်ကကျတော့ နိုင်ငံတနိုင်ငံတည်းကမဟုတ်ဘူး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လုံခြုံရေးကောင်စီဝင်အားလုံးရဲ့ သဘောတူညီချက် - အနည်းဆုံးတော့ မကန့်ကွက်ဘူးပေါ့ - ဗီတိုအာဏာကိုင်စွဲထားတဲ့နိုင်ငံတွေက မကန့်ကွက်ပဲ သွားတဲ့အတွက်ကြောင့် ဒါဟာ binding စည်းနှောင်မှုပိုရှိတယ်။ ဒါက statement ကြေညာချက်သက်သက်မျှသာမဟုတ်ဘူး ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲတော့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ (စစ်ကောင်စီမှာ) ဒီဆုံးဖြတ်ချက်ကို လိုက်နာရမယ့် အကောင်အထည်ဖော်ရမယ့် တာဝန်ရှိသွားတယ်။ စစ်ကောင်စီမှာ ပိုပြီး Pressure ဖိအားရသွားတယ်လို့ ကျမမြင်တယ်။ ကျမတို့ လိုချင်သလောက် term တွေမရဘူး၊ language (စာသား)တွေက အရမ်း မပြင်းထန်ဘူးဆိုပေမယ့် ဒီဟာက ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် စည်းနှောင်မှုရှိတဲ့ အထောက်အထားတခုလို့ ကျမတို့ ပြောလို့ရပါတယ်။

မေး။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီကနေ့ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် မြန်မာနိုင်ငံကိုရောက်တယ်။ ဒီမတိုင်ခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့တယ်လို့ သိရပါတယ်။ ပြောရမယ်ဆိုရင် တရုတ်အစိုးရ ရပ်တည်ချက်က နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်ကောင်စီကို ဆက်ဆံတာက၊ အရင့်အရင် စစ်အစိုးရတွေကို ဗြောင်ဗြောင်တင်းတင်း ရပ်တည်ပေးတဲ့ပုံစံမျိုးတော့ မတွေ့ရဘူး။ အဲတော့ NUG နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ဟုတ်ကဲ့ ဒီ UN လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ နိုင်ငံအလိုက်ကိုယ်စားလှယ်တွေက ပြောဆိုသွားကြတာတွေ နားထောင်မိကြမှာပါ။ ဒါက သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒလို့ ကျမတို့ မှတ်ယူပါတယ်။ အိန္ဒိယကိုယ်စားလှယ်ပြောသွားတဲ့အထဲမှာ မြန်မာပြည်နဲ့ပတ်သက်လို့ ဒေသတွင်း engagement လုပ်တဲ့အခါမှာ silent diplomacy ( သိုသိုသိပ်သပ် သံတမန်ရေး) က ပိုပြီးလိုလားတယ်ဆိုတဲ့သဘော ကျမတွေ့လိုက်တယ်။ ပြောရရင်တော့ ဒါပါပဲ။ အာဆီယံနဲ့ဖြစ်ဖြစ် အိမ်နီးနားချင်းနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် အစောပိုင်းတွေကတုန်းက ကျမတို့ publicly လူသိရှင်ကြားပဲ၊ စာပို့တာကအစ ဘာလုပ်လုပ် facebook ပေါ်တင်တယ် လူထုကို အသိပေးတယ်ပေါ့။ ဒါတွေ ပြန်သုံးသပ်တဲ့အခါကျတော့ သိပ်အလုပ်မဖြစ်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင်။ ကျမတို့ နိုင်ငံတကာမှာ ဆက်ဆံနေရတာက ပုံစံနှစ်မျိုးရှိတယ်။ ဒေသတွင်းကို ဆက်ဆံတဲ့အခါကျတော့လည်း ပုံစံတမျိုးရှိတယ်။ Diplomacy မှာလည်း ပုံစံမျိုးစုံရှိကြတာကိုး။ ဆိုတော့ Silent Diplomacy (သိုသိုသိပ်သိပ် သံခင်းတမန်ခင်း) ကလည်း နည်းနာတမျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျမတို့အနေနဲ့ အတတ်နိုင်ဆုံး ဆက်ဆံရမယ့်၊ အိမ်နီးနားချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေနဲ့ တောက်လျှောက် engagement ဆက်ဆံရေးလုပ်တယ်၊ ကျမတို့ဖက်က စပြီး ဆက်ဆံခဲ့တာရှိတယ်။ စောင့်ရတာတွေရှိတယ်။ သူတို့ဖက်က တုန့်ပြန်လာဖို့ စောင့်ခဲ့ရတဲ့အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ဒေသတွင်း အိမ်နီးနားချင်းနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ကျမတို့ actively engagement (တတ်တတ်ကြွကြွထိစပ်ဆက်ဆံမှု) လုပ်နေပါတယ်လို့ ဒီလောက် ပြောလို့ရပါတယ်။ Engagement ရှိပါတယ်ပေါ့။

မေး။ တဆက်တည်း အာဆီယံကိစ္စမေးချင်ပါတယ်။ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ချထားတယ်။ နိုင်ငံတကာကလည်း ဒီအတိုင်းဆက်လုပ်ဖို့၊ ကုလ လုံခြုံရေးကောင်စီတောင်းဆိုချက်တွေမှာလည်း ပါလာတယ်။ တလောကတော့ ထိုင်းနိုင်ငံက ကမကထလုပ်ပြီး တချို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်ကောင်စီနဲ့ တွေ့တာမျိုးတွေလည်းရှိပါတယ်။ NUG အနေနဲ့ ဒီ စကစ (မြန်မာစစ်ကောင်စီ)နဲ့ စေ့စပ်ဆွေးနွေးပြီး ညှိုနှိုင်းလာအောင် အာဆီယံက ဖိအားပေးလာမယ့် သဘောမျိုး ရှိလာနိုင်ပါသလား။

ဖြေ။ အာဆီယံချည်းကပ်မှုဟာ အာဆီယံ Charger ပဋိဉာဏ်မှာ အခြေခံရလိမ့်မယ် တစ်အချက်ပေါ့။ နောက် ဒုတိယတချက်ကတော့ မြန်မာပြည်နဲ့ပတ်သက်ရင် 5 points Consensus (ဘုံသဘောတူညီချက်ငါးရပ်)ဆိုတာရှိတယ်။ နောက်ဆုံး 15 points (အချက် ၁၅ချက်)ဆိုတာရှိပါတယ်။ all stakeholders (သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး) နဲ့ သူတွေ့ရမယ် စကားပြောရမယ်။ မြန်မာပြည်ရဲ့အရေးကို ဖြေရှင်းတဲ့အခါမှာ မြန်မာကဦးဆောင်တဲ့ အဖြေမျိုးဖြစ်ရမယ်ဆိုတဲ့သဘောတရားမျိုးရှိတယ်။ ထို့အတူ လူထုရဲ့ဆန္ဒကို ထင်ဟပ်ရမယ်။ အဓိက အဲဒါအရေးအကြီးဆုံးပဲလို့ထင်ပါတယ်။ ဒီအခြေခံတွေကို ကျော်လွန်ပြီးတော့ ကျမတို့ကို ဖိအားပေးလို့ရမယ်မထင်ပါဘူး။

မေး။ နောက်ဆုံးတခုမေးချင်ပါတယ် ဒေါ်ဇင်မာအောင်ရဲ့ ပုဂ္ဂိုလ်ရေးခံယူမှုပါ။ ပြောရရင် ဒေါ်ဇင်မာအောင်က CRPH ရော NUG ရော စပြီးတော့ ဖွဲ့စည်းဖို့ ကြိုးပမ်းမှုထဲမှာ ထိပ်ဆုံးက ဦးဆောင်သူတဦးဖြစ်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင် ဘယ်လိုမျှော်လင့်ထားလဲ။ အရင်လိုပဲ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပြောင်းလဲမလား ၊ ဒါမှမဟုတ် တခြားပုံစံသစ်တခုခု မျှော်လင့်ထားပါသလား။

ဖြေ။ ဒီ စစ်တပ် Institution ကို ခေါင်းဆောင်မှုပေးနေတဲ့သူတွေရဲ့ စဉ်းစားပုံတွေဟာ သူတို့ တကိုယ်ရည်ကိုယ်ကျိုးစီးပွားကို ကျော်လွန်ပြီး စဉ်းစားတာမရှိဘူးလို့ ကျမမြင်တယ်။ စစ်တပ်ရဲ့အကျိုးစီးပွားကိုတောင် စဉ်းစားတာမဟုတ်ဘူးလို့ ကျမမြင်တယ်။ အဲတော့ နိုင်ငံရဲ့အကျိုးစီးပွားဆိုတာတော့ ပြီးရောပေါ့။ ပြောရရင် ဒီ ၂၀၀၂ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးသွားပြီ။ အလုပ်မဖြစ်တော့ဘူး။ သူတို့ကိုယ်တိုင်ချိုးဖောက်လိုက်တာဖြစ်တယ်။ ခုမှ ပြန်ပြီးတော့ ပြောမနေနဲ့တော့၊ တကယ်တော့ အာဏာသိမ်းကတည်းကိုက ၂၀၀၈ ကို ချိုးဖောက်ပြီးသားဖြစ်သွားတယ်။ နောက်တခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း သွားလို့ မရတော့ဘူးဆိုတာ ဒါက သက်သေပြနေတယ်။ ဆိုတော့ ကျမတို့ နည်းလမ်းတခုလိုတယ် စဉ်းစားပုံအသစ်တခုလိုတယ်။ ဒါတွေက တကယ်တော့ အသစ်တော့မဟုတ်ပါဘူး အရင်ကတည်းက Alternative စဉ်းစားထားတဲ့ စဉ်းစားပုံတွေပါ။ စစ်တပ်ရဲ့ Supremacy ပေါ့ မြန်မာ့နိုင်ငံရေးထဲမှာ. ကယ်တင်ရှင်ဆိုတဲ့ စိတ် .. ဒီဟာတွေနဲ့တော့ အလုပ်မဖြစ်တော့တာ သေချာတယ်။ ဒါကို အခြေခံထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကျမတို့ လက်ခံလို့မရတော့ဘူး။ စစ်တပ်က နိုင်ငံရေးမှာ မပါဖို့ ကိုယ့်နေရာကိုယ်နေဖို့က အရေးကြီးတယ်လို့ ကျမတို့မြင်တယ်။ ဒီတော်လှန်ရေးရဲ့ အဓိကအခြေခံအကြောင်းတရားက ဒါပဲပေါ့။ ဒါကို လက်ခံဖို့လိုတယ် လက်ခံတဲ့ခေါင်းဆောင်တွေ စစ်တပ်ထဲ ပေါ်လာဖို့လိုတယ်။ ဒါမှသာလျှင် လူထုနဲ့ တခြားစီဖြစ်သွားတဲ့ စစ်တပ်ရဲ့ဂုဏ်သိက္ခာကို သူတို့ ပြန်တည်နိုင်မှာ။ အဲတော့ စစ်တပ်ထဲမှာလည်း သူရဲကောင်းတွေလိုတယ်။ အရပ်သားတွေထဲမှာတော့ ဒီလောက် သေရဲတဲ့ သူရဲကောင်းတွေပေါ်နေတာ၊ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီးတော့ လက်နက်တွေကိုင်ထားပြီး ရဲရဲတောက်လုပ်လာခဲ့တဲ့ တပ်မတော်သားတွေထဲမှာ မပေါ်ရတာလဲ။ ကျမတော့ ဒီနေရာမှာ ဒါ ပြောချင်တယ်။ လိုအပ်တယ် ကိုယ့်စစ်တပ်ကို ကိုယ်ကိုယ်တိုင် ကယ်တင်ရလိမ့်မယ်။ ဒီလို လူတစု အာဏာရူးလက်ထဲကနေ ကယ်တင်မယ့် သူရဲကောင်းတွေလိုပါတယ်။ ကျမ ဒီနေရာကနေ စစ်တပ်ကို ဒီသတင်းစကားပေးချင်တယ်။ ဒါမှ ပြည်သူ့တပ်မတော်ပြန်ဖြစ်မှာ။ တခွန်းတဲ့ ကျမတို့ ဒီတခေါက်လိုတာကတော့ ဒီတော်လှန်ရေးအလွန်ကာလမှာSecurity Sector Reform လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ကို လုပ်ရလိမ့်မယ်။ အခုဆို လက်နက်ကိုင်အဖွဲ့တွေလည်း အများကြီးဖြစ်လာပြီ။ စစ်တပ်ကိုယ်တိုင်ကလည်း ပျက်ယွင်းသွားပြီ။ လုံခြုံရေးကဏ္ဍပျက်ယွင်းသွားတဲ့အတွက်ကြောင့်မို့ ဖြစ်တဲ့ကိစ္စလို့ ကျမမြင်တယ်။ ဒါကို မတည်နိုင်မချင်း နိုင်ငံရေးပြဿနာလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အခြေခံအကြောင်းတရားအားဖြင့် နိုင်ငံရေးမှာ စစ်တပ်က ဝင်ပြီးတော့ မစွက်ဖက်ရဘူး၊ professional ဖြစ်ရမယ်ဆိုတဲ့ အခြေခံစဉ်းစားချက်ရှိကို ရှိရမယ်။ ဒါမှမရှိရင်တော့ ဒီအပြောင်းအလဲကို ကျမတို့ ဖော်ဆောင်ဖို့ ခက်ပါလိမ့်မယ်။

မေး။ အခုလို အချိန်ယူဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG