သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုလေ့လာရေး မြန်မာလူငယ်အဖွဲ့ VOA ကိုလာရောက်


လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုလေ့လာရေး မြန်မာလူငယ်အဖွဲ့
လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုလေ့လာရေး မြန်မာလူငယ်အဖွဲ့

(Zawgyi/Unicode)

Bush Institute က စီစဉ်ပေးတဲ့ Liberty and Leadership လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု လေ့လာရေးအစီအစဉ်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လူငယ်တွေကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ဒီအစီအစဉ်မှာ ပါဝင်ကြသူတွေက ပြောပါတယ်။

ဒီ လေ့လာရေးခရီးစဉ်အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ မြန်မာနိုင်ငံ နယ်ပယ်မျိုးစုံက လူငယ်ခေါင်းဆောင်တွေ သောကြာ နေ့က VOA ရုံးချုပ်ကို လာရောက်လေ့လာစဉ် ပြောဆိုသွားကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ်။

အမေရိကန် သမ္မတဟောင်း George W. Bush ရဲ့ Bush Institute အဖွဲ့က နှစ်စဉ် စီစဉ်ပေးတဲ့ Liberty and Leadership (၃)ပတ်ကြာ လေ့လာရေး အစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ မြန်မာနိုင်ငံ နယ်ပယ်မျိုးစုံက လူငယ် ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ(၁)ရက် သောကြာနေ့ မွန်းလွဲပိုင်း VOA ရုံးချုပ်ကို လာရောက်လေ့လာခဲ့ကြပါတယ်။

Liberty and Leadership အစီအစဉ်မှာ ဘယ်လို လေ့လာမှုမျိုးတွေ ပါဝင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး Save the Children အဖွဲ့ မြန်မာပြည် ဆိုင်ရာရုံးခွဲရဲ့ အဟာရဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသူ စောအေဒင် ပြောပြတာကတော့

“Dallas မှာဆိုရင် ကျနော်တို့ကို leadership နဲ့ ဆိုင်တဲ့ Training တွေကို ကျနော်တို့ကို ပေးတယ်။ သမ္မတ Bush က ကျနော်တို့နဲ့ အတူတူ တွေ့ပြီးတော့ အမေးအဖြေတွေလုပ်တယ်။ Laura Bush က ကျနော်တို့ကို Bottom firm ကို ခေါ်သွားတယ်။ အဲဒီမှာ Development တွေကို ဘယ်လိုလုပ်ရသလဲ ဆိုတာကို ကျနော်တို့ကို ပြတယ်။ လေ့လာတယ် မေးခွန်းတွေနဲ့ ဆွေးနွေးကြတယ်။ ပြီးတော့ အဓိက Nutrition အပိုင်းဆိုရင် သီးနှံတွေစိုက်ပျိုးခြင်း ၊ အလုပ်အကိုင် ဖန်တီးချင်းဖြင့် ဘယ်လိုမျိုး ဆင်းရဲသားတွေရဲ့ ဘဝတွေကို မြှင့်တင်လို့ရသလဲ ဆိုတာကို သင်ယူရတာပေါ့နော်။ Washington DC မှာဆိုရင် Georgetown University မှာဆိုရင် Development အပိုင်းနဲ့ ပတ်သက်တာ liberty leadership အပိုင်းနဲ့ ပတ်သက်တာကို သင်ရတယ်၊ အဲဒါတွေအကုန်လုံး ကျနော်ဘာသင်ခန်းစာ ရသလဲဆိုတော့ ကိုကိုယ်တိုင်လည်း Leadership အနေနဲ့ လုပ်ရင် ဘာတွေဂရုစိုက်ရမလဲ ဘာတွေ လေ့လာရမလဲဆိုတာကို သင်ယူရတာပေါ့နော်။”

VOA ရုံးချုပ်ကို လာရောက် လည်ပတ်ကြစဉ်မှာ သတင်းဌာနတခုအနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့အတူ VOA ရဲ့ရပ်တည်ချက်ကို VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကလည်း ရှင်းပြပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ ၊ သတင်းသမားတွေရဲ့ ရပ်တည်မှုအရ ... ကျနော်တို့ ဘက်မလိုက်တဲ့ကိစ္စကို ပေါ်လွင်အောင် ဆိုလို့ရှိရင် ၊ အရှိကို အရှိအတိုင်းပဲ ကျနော်တို့ ပြောရမှာပါပဲ။”

Bush Institute ရဲ့လေ့လာရေး ခရီးစဉ်အတွင်း အမေရိကန်ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်လို့ NLD ပါတီ မင်္ဂလာဒုံ မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

“အမေရိကန်မှာရှိတဲ့ သာမန်ပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာ ပြောဆိုနေကြတယ်၊ အစိုးရကို မကြိုက်ဘူးဆိုရင်လည်း မကြိုက်ဘူးပေါ့နော် အဲဒီလို ပြောဆိုနေကြတာတွေက မြန်မပြည်သူတွေကို ပြန်ပြီးတော့ သိစေချင်တယ်။ ကျနော်တို့ နိုင်ငံမှာ အစိုးရကို ပြောတာ နိုင်ငံတော် သစ္စာဖောက်မှုလို့ ထင်နေကြတယ်ပေါ့။ အများစုက တချို့ဆိုရင် ဘယ်လိုထင်သလဲဆိုတော့ ဒါအမေရိကန်နိုင်ငံမှာ အဲလိုပြောတယ်ဆိုတာက လိမ်တာပါပေါ့နော်၊ အထူးသဖြင့် နဝတ လက်ထက်တွေမှာဆိုရင် ဒါမျိုးတွေ ကျနော်တို့ ကြုံခဲ့ရတာပေါ့နော် အဓိကတော့ ကျနော်တို့ စိတ်ထဲမှာ အကြီးအကျယ် ခံစားရတာ တခုကတော့ စောနက ပြောတဲ့ လွတ်လပ်စွာပြောဆိုခွင့်ပေါ့နော်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံကို ကျနော့်ဘဝမှာ ပထမဦးဆုံးလာခြင်းပဲပေါ့။ ပိုပြီးတော့ အားရှိသွားတယ် ကျနော်ကိုယ်တိုင် ဒီမိုကရေစီရဲ့ ကျင့်စဉ်တွေ ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုတာကို ကျင့်သုံးမယ်ပေါ့။ ဘယ်လောက်ပဲ အန္တရာယ်များများ ဒီနိုင်ငံမှာလည်း အခက်အခဲတွေအများကြီးထဲက ဒီလိုမျိုး ဒီမိုကရေစီကို ရောက်ခဲ့တာ ဖြစ်တဲ့အတွက် ဒါကို ကိုယ်တိုင် စပြီးပြောင်းမယ်လို့ ယူဆတယ်။”

ကချင်စစ်ဘေးဒုက္ခသည်အရေး သရုပ်ဖေါ်တင်ဆက်ခဲ့လို့ ငြိမ်းစုစည်ပုဒ်မနဲ့ ထောင်ဒဏ် ကျခံခဲ့ရဖူးသူ ကချင်လူငယ်များအစည်းအရုံး ဥက္ကဌ ဆိုင်းနူးပန်ကတော့ အမေရိကန်ခရီးစဉ်ကနေ ကချင်ပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လည်မျှဝေ ပေးနိုင်မယ်လို့ မျှော်လင့်သူပါ။

“ ဥပမာပြောရရင် War Museum တို့ဆိုရင် ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရတယ်ဆိုတာတွေရှိတယ်။ သူတို့နဲ့ တိုက်ခိုက်ကြတဲ့ Vietnam တွေကိုတောင်မှ သူတို့က ရုပ်ထုတွေလုပ်ပြီးမှ အသိအမှတ်ပြုထားတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ နိုင်ငံမှာလည်း စစ်ပွဲတွေအများကြီး ဖြစ်ခဲ့ပြီးပြီ ။ ဒါတွေကို တနေ့နေ့မှာ ကျမတို့ ဒါတွေကို အကောင်အထည်ဖော်ရမယ်လို့ မြင်တယ်။ အဓိကတော့ ကျမ ဒီက သင်ရတဲ့ ပညာရပ်တွေနဲ့ လူငယ်တွေကို sharing ပြန်လုပ်ဖို့ စဉ်းစားထားတယ်။ အမေရိကမှာ ဘယ်လောက်အထိ တိုးတက်နေပြီ ကျမတို့ ကချင်ပြည်နယ်က လူငယ်တွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက်ပြီးတော့ ကျမတို့ ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်တဲ့အခါမှာရော ဘယ်လောက်အထိ အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်မလဲဆိုတာကို ကျမ sharing လုပ်ဖို့ စဉ်းစားထားပါတယ်။”

ရန်ကုန်အခြေစိုက် Educational Initiatives ပညာရေးအဖွဲ့ ဒါရိုက်တာ ဘရန်ကြွယ်ကတော့ Bush Institute အစီအစဉ်ဟာ အကျိုးရှိစေမယ် လို့ ပြောပါတယ်။

“ မြန်မာပြည် ဒီမိုကရေစီ အရွေ့အတွက် ကျနော်တို့ မြန်မာပြည်ရဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို ဒီကအဖွဲ့အစည်းတိုင်းနဲ့ ကျနော်တို့ တွေ့ဆုံပြီးမှ မေးမြန်း အကြံပေးတဲ့ဟာမျိုးတွေ ကျနော်တို့ လုပ်ပါတယ်။ ဆိုတော့ ဒါတွေကလည်း ကျနော်တို့ မြန်မာပြည်အတွက် အင်မတန်မှကို အရေးကြီးတဲ့အပိုင်းတခု ဖြစ်တယ်ပေါ့။ ဆိုတော့ ဒီကနေ ပြန်သွားရင် မြန်မာပြည်အတွက် ကျနော့်အလုပ်တွေအတွက် အများကြီးကို အထောက်အပံ့ရမှာပါ။”

Generation Wave (GW)အဖွဲ့က မအေးလဲ့ကလည်း ဒီလေ့လာရေး ခရီးစဉ်ကနေ မြန်မာပြည်မှာဖြေရှင်းရမယ့် ပြဿနာတွေကို ပိုသတိပြုမိ စေတယ်လို့ ဆိုပါတယ်။

“ ဒီ U.S မှာလာပြီးတော့မှ ကြည့်လိုက်ရတော့ တကယ် ဗမာပြည်မှာရှိနေတဲ့ အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေ တော်တော်များများကို တွေ့လိုက်ရတယ်ပေါ့နော်။ အဲဒါတွေကိုလည်း ကျမတို့အနေနဲ့ ဘယ်လို လုပ်မလဲဆိုတဲ့ ဟာမျိုးလေး တဖက်မှာလည်း အများကြီး motivation ရတယ် ၊ အခြားတဖက်မှာလည်း ပြဿနာတွေ အများကြီး ဖြေရှင်းရမှာပါလားဆိုတဲ့ အတွေးတွေလည်း ရစေတယ်ပေါ့နော်။”

၂၀၁၄ ခုနှစ်က စတင်ခဲ့တဲ့ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင်တွေ အထူးသဖြင့် တိုင်းရင်းသားလူငယ် ခေါင်းဆောင်တွေ တနှစ်ကို အယောက် ၂၀ လောက် ခေါ်ယူနေတာပါ။ ကုန်ကျစရိတ် အားလုံးကို Bush Institute က ကျခံပေးတာဖြစ်ပြီး မြန်မာနိုင်ငံမှာရော အမေရိကန်မှာပါ စုစုပေါင်း လေးပတ်ကြာ ဆွေးနွေးပွဲ၊ သင်တန်းနဲ့ လေ့လာရေးခရီးတွေကို တက်ရောက်ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG