သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာပိတ်မိနေတဲ့ နိုင်ငံခြားသားတချို့ ပထမဆုံးအကြိမ် ထွက်ခွာခွင့်ရ


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲဝင်ဖို့ စောင့်နေသူများ။ (နိုဝင်ဘာ ၁၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲဝင်ဖို့ စောင့်နေသူများ။ (နိုဝင်ဘာ ၁၊ ၂၀၂၃)

အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက ပိတ်မိနေတဲ့ နိုင်ငံခြားသားတချို့ဟာ ပထမဆုံးအကြိမ်အဖြစ် ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်ကနေ အီဂျစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့က ထွက်ခွာခွင့်ရပါတယ်။ နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို ထွက်ခွာခွင့်ပြုဖို့ အီဂျစ် ရာဖာနယ်စပ်ကို ပြန်လည်ဖွင့်လှစ်ပေးရေးအစီအစဥ်က အစ္စရေး၊ အီဂျစ်နဲ့ ဟားမတ်စ်ကြား ကာတာက ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။

အနည်းဆုံးနိုင်ငံခြားသား ၄၀၀ ကို အီဂျစ်နိုင်ငံကို ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီလိုဘေးလွတ်ရာကိုထွက်ခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို သမ္မတဂျိုးဘိုင်ဒန်က X လူမှုကွန်ရက်ကတဆင့် ထုတ်ဖော်ထားပြီး ထွက်ခွင့်ရတဲ့အထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ဖို့မျှော်လင့်ကြောင်းနဲ့ လာမယ့်ရက်တွေထဲမှလည်း အလားတူ ထွက်ခွာခွင့်ရသူဦးရေ ပိုမိုများပြားလာလို့ ဆိုပါတယ်။ နိုင်ငံခြားသားတွေအပြင် ဒဏ်ရာရ ပါလက်စတိုင်း ၈၁ ယောက်လောက်ကိုလည်း အီဂျစ်ဆေးရုံတွေမှာ ကုသနိုင်ဖို့ ဂါဇာကနေ လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီလူနာတွေဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း စတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသကနေ ပထမဆုံး ထွက်ခွာနိုင်တဲ့ ပါလက်စတိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း အထူးသံတမန် Tor Wennesland က ဆေးကုသနိုင်ဖို့ ဘေးလွတ်ရာ ရွှေ့ပြောင်းခွင့်ပေးတာကို " မှန်ကန်တဲ့ လမ်းကြောင်းအတွက် အရေးကြီးတဲ့ ခြေလှမ်း" အဖြစ် ကြိုဆိုကြောင်း ပြောပါတယ်။

အရင်အပတ် သောကြာ နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ဂါဇာကမ်းမြောင်ဒေသမှာ ဆက်သွယ်ရေးတွေပြတ်တောက်နေချိန်မှာပဲ ဒီလို နိုင်ငံခြားသားတွေနဲ့ ပါလက်စတိုင်းလူနာတချို့ ဘေးလွတ်ရာကို ထွက်ခွာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယ အကြိမ် အင်တာနက်အပါအဝင် ဆက်သွယ်ရေးပြတ်တောက်မှုက ပြန်လည်ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ဆက်ကြောင်းတွေ ထပ်ပြတ်သွားတာကြောင့်လို့ ပါလက်စတိုင်းဆက်သွယ်ရေးကုမ္ပဏီ Paltel က ပြောပါတယ်။ ဒီလို ပြတ်တောက်မှုဟာ ဂါဇာရဲ့အကြီးဆုံး ပါလက်စတိုင်း ဒုက္ခသည်စခန်း ဂျာဘာလီယာကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်း အဲဒီစခန်းဟာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ “လူနေထူထပ်တဲ့ ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာ အစ္စရေးရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် သေဆုံးခဲ့ရတာအပါအဝင် ပြင်းထန်လာနေတဲ့ ဂါဇာကအကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထိတ်လန့်တုန်လှုပ်ကြောင်း” ကုလ အကြီးအကဲ အန်ထိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြီး ထွက်ပေါ်လာတဲ့ အရပ်သားသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ရာမှာတော့ “ဒါတွေဟာ စစ်ရာဇ၀တ်မှုမြောက်တဲ့ မမျှတဲ့ အင်အားသုံး တိုက်ခိုက်မှုတွေဖြစ်မှာ စိုးရိမ်ကြောင်း” ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ဘက်ကတော့ ဂျာဘာလီယာစခန်းကို အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း CNN သတင်းဌာနကို အတည်ပြုခဲ့ပြီး “အကြီးတန်း ဟားမတ်စ်တပ်မှူး” အဲဒီ အနီးတဝိုက်မှာရှိနေလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီ တပ်မှူးရဲ့အမည်က Ibrahim Biari လို့ ဖော်ပြခဲ့ပြီး အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွတွေ အောက်တိုဘာ ၇ ရက်က ဝင်တိုက်ခဲ့ရာမှာ အဓိက ခေါင်းဆောင်ဖြစ်ကြောင်း ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးတဲ့အထဲမှာ အဲဒီ တပ်မှူးမပါဘဲ သေဆုံးဒဏ်ရာရသူ ၄၀၀ ရှိကြောင်း ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားပတ်စ်ပို့ကိုင်ဆောင်ထားသူ သုံးဦးအပါအဝင် ဓားစာခံခုနစ်ဦးပါဝင်တယ်လို့ ဟားမတ်စ်အဖွဲ့ကပြောကြောင်း ပြင်သစ်သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာပြောပြီး ဟားမတ်စ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဟားမတ်စ်ကို အမေရိကန်နဲ့ အခြားနိုင်ငံတချို့က အခြားအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားပြီး အရပ်သားတွေကို လူသား ဒိုင်း အကာအရံအဖြစ် အသုံးပြုကာ လက်နက်၊ ရိက္ခာနဲ့ အခြားထောက်ပံ့ရေးပစ္စည်းတွေ သိုလှောင်ထားတယ်လို့ ယူဆရတဲ့ ဂါဇာကမ်းမြောင်ထဲက ကျယ်ပြောလှတဲ့ ဥမင်လိုဏ်ခေါင်းတွေထဲမှာ ဖြန့်ကျက်ထားတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG