သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဥက္ကဋ္ဌ သံတွဲရောက်၊ လုံခြုံရေးတင်းကြပ်


ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ : Photo- REUTERS (February 19, 2019)

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ငပလီမှာ ဒီကနေ့မနက်ပိုင်း ၁၀နာရီကျော်လောက်က စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံစစ်ဦးစီးချုပ် Chalermpol Srisawat တို့ တွေ့ဆုံခဲ့ကြပါတယ်။ လက်ရှိမှာတာ့ သံတွဲမြို့နယ် တခုလုံးမှာ လုံခြုံရေး တိုးမြင့်ချထားသလို လမ်းသွားလမ်းလာတွေကိုလည်း တင်းကြပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုစည်သူ ပြောပြမှာပါ။

မြန်မာနဲ့ ထိုင်းနိုင်ငံ စစ်ဖက်ဆိုင်ရာအစည်းအဝေးကို ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်က ငပလီမှာ ပြုလုပ်ရာမှာ ထိုင်းနဲ့ မြန်မာနှစ်ဖက် ကာကွယ်ရေးဦးစီးချုပ်တွေ ဒီနေ့တွေ့ဆုံခဲ့ကြတာပါ။ သံတွဲမြို့နယ်ကို ဒီကနေ့မနက်ပိုင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိလာတာကြောင့် လုံခြုံရေးတင်းကြပ်ထားတယ်လို့ သံတွဲဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ အရင်နေ့တွေက သူမလာသေးဘူဆိုပေမယ့် သူ့ရှေ့က ဝန်ကြီးသားတွေသမီးတွေ ရောက်နေပြီပေါ့နော်၊ လုံခြုံရေးကတော့ အရမ်းတင်းကြပ်ထားတယ်၊ ဘယ်လောက်လဲဆိုတော့ တစ်ဖာလုံလောက်မှာ တစ်ယောက်နှုန်း ဝတ်စုံအပြည့် လက်နက်အပြည့်အစုံနဲ့ စောင့်နေတယ်၊ ဒီသာယာတွင်းလမ်းတလျှောက်ကော ဂွနဲ့ တောင်ကုတ်ဖက်သွားတဲ့ လမ်းတွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်။ မှတ်ပုံတင်စစ်တွေအရမ်းများတယ် လုံခြုံရေး ဂိတ်တွေမှာဆိုရင်လဲ ဆိုင်ကယ်စီးလာရင်လဲ သူတို့ရှေ့ရောက်ရင် ဆိုင်ကယ်တွန်းပြီးတော့ လမ်းဆင်း လျောက်ရတယ် အဲမျိုးပေါ့။”

ဒေသခံတွေပြောချက်အရတော့ ဒီကနေ့မနက်ပိုင်း ဆယ်နာရီကျော်လောက်က ငပလီလေဆိပ်ကနေလုံခြုံရေးယာဉ်တန်းတွေ ထွက်သွားတာကို တွေ့ရတယ်လို့မျက်မြင်တွေကပြောပါတယ်။ ဒါအပြင့် ငပလီမှာရှိတဲ့ ဟိုတယ်တွေမှာ လုံခြုံရေးအပြည့်ချထားသလို ဟိုတယ် အတွင်းသို့ ဝင်ထွက်သွားလာတာတွေကို ခွင့်မပြုဘူးလို့လဲ ငပလီဒေသခံတွေ ကပြောဆိုကြ ပါတယ်။

မြန်မာစစ်ကောင်စီဖက်ကတော့ ဒီကနေ့ ငပလီအစည်းအဝေးနဲ့ ပတ်သတ်ပြီး တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။

စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံစစ်ဦးချုပ်တို့တွေ့ဆုံတာဟာ မြန်မာနိုင်ငံရဲ့ စစ်ရေး နိုင်ငံရေးတွေကို ဆွေးနွေးတာဖြစ်နိုင်ပေမယ့်သူတို့တွေ့ဆုံမှုဟာ ရခိုင်ပြည်နယ်အတွက် တစုံတရာ အကျိုးသက်ရောက်မှု မရှိလောက်ဘူးလို့လဲ ရခိုင်အရေးလေ့လာသူ ဦးဖေသန်း ကပြောပါတယ်။

“ အဓိကအားဖြင့် ထိုင်းနိုင်ငံက CRPHတို့ လိုအဖွဲ့အစည်းတွေ EAOတွေ နယ်စပ်ဒေသမှာ နေထိုင်မှုတွေနဲ့ ပတ်သတ်ပြီးတော့ စစ်ကောင်စီဖက်က ဒီကိစ္စတွေကို သူတို့ဖက်ကို မလို လားတဲ့ အခြေအနေတွေလို တင်ပြဆွေးနွေးတာလဲ ဖြစ်နိုင်တယ်၊ ဆိုတော့ အာဆီ ယံနိုင် ငံထဲမှာလဲ ထိုင်းနိုင်ငံက သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်မရှိဘူး၊ ဗမာ စစ်ကောင်စီနဲ့ အာဆီ ယံကြားမှာ ကတိကဝတ်တွေနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုတာမရှိဘူး၊ အာဆီ ယံထဲမှာ အနီးစပ်ဆုံးအားကိုးရတဲ့ မဟာမိတ်နိုင်ငံတ နိုင်ငံဖြစ်တယ်လို့ ပြောလို့ရတယ်၊ သမိုင်း စဉ်လားအားဖြင့်လည်း သူတို့အချင်းချင်းနွေးထွေးတဲ့ အစဉ်မလာရှိတယ်၊ ဒါကြောင့် ဒီအခြေ အနေမှာ ဒီနိုင်ငံရဲ့စစ်ရေး နိုင်ငံရေး အခြေအနေကို အဓိက ဆွေးနွေးကြတယ်လို့ ယူဆ ပါတယ်။”

ဒီကနေ့ သံတွဲမြို့နယ် ငပလီကိုရောက်နေတဲ့ စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို သွားရောက်ဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား နှုတ်အားဖြင့် နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG