သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအင်ဂျင်နီယာ ဦးဆောင်တီထွင်တဲ့ ရဟတ်ယာဉ်ပါစက်ရုပ် အင်္ဂါဂြိုလ်ပေါ်ဆင်းပြီ 


စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်
စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်

(Zawgyi/Unicode)

NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာ ပါ စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာအတွက် နောက်ထပ်အောင်မြင်မှု တခုဖြစ်ပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှ စက်ရုပ်ယာဉ် Perseverance ရိုက်ကူးသည့် ပထမဆုံး ဓါတ်ပုံ
အင်္ဂါဂြိုလ်ပေါ်မှ စက်ရုပ်ယာဉ် Perseverance ရိုက်ကူးသည့် ပထမဆုံး ဓါတ်ပုံ

ဒီ တခေါက် နာဆာရဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်မှာ အထူးခြားဆုံးက Perseverance စက်ရုပ်ယာဉ်ဟာ နာဆာက မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တဲ့အဖွဲ့က တည်ဆောက်တဲ့ Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်လေးကို သယ်ဆောင် သွားတာ ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီသုံး ဒီရဟတ်ယာဉ်ကို ဆိုလာပြားတွေနဲ့ အားဖြည့်ပေးတာပါ။

Perseverance စက်ရုပ်ယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းနေတဲ့ ၇ မိနစ်တာအချိန်ကို တုန်လှုပ်စရာကာလ အဖြစ်သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ကျောက်တွေနဲ့ ပြည့်နေတဲ့နေရာကို စက်ရုပ်ယာဉ် ညင်ညင်သာသာ ဆင်းနိုင်အောင် လေထီးအပြင် အပေါ်ကနေချပေးတဲ့ ကရိန်းအကူအညီနဲ့ပါ ကိုက်အောင် လုပ်ဆောင်နေရတာကြောင့် အင်ဂျင်နီယာတွေ အသက်တောင်မရှုနိုင်ပဲ ဖြစ်ခဲ့ကြရတာပါ။

စက်ရုပ်ယာဉ်လေး အောင်အောင်မြင်မြင် ဆင်းနိုင်တော့မှ မြေပြင်ထိန်းချုပ်ရေး စခန်းတာဝန်ခံတွေ လက်ခုတ်လက်ဝါးတီး ပျော်ရွှင်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် Perseverance ယာဉ်လေး အင်္ဂါဂြိုဟ် မျက်နှာပြင်နဲ့ ထိပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဖြူအမဲ ဓါတ်ပုံရိုက်ပြီး မြေကမ္ဘာကို ပြန်ပို့တဲ့ အခါမှာတော့ ဝမ်းသာမဆုံး ဖြစ်ခဲ့ကြရတာပါ။

အခု ဒီစက်ရုပ်ယာဉ် ဆင်းသက်နိုင်ခဲ့တဲ့အတွက် နာဆာရဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ယာဉ်မှူးမပါပဲ လွှတ်တင်မယ့် အာကာသ စူးစမ်းရေးယာဉ် ဆယ်ခုထဲက ၉ ခုကို အောင်အောင်မြင်မြင် ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီယာဉ်မှာ မိုက်ခရိုဖုံး ပါတပ်ပေးလိုက်တာကြောင့် အင်္ဂါဂြိဟ်ပေါ် သူ ဆင်းသက်တဲ့ မှတ်တမ်းပါရေးတော့မှာဖြစ်ပါတယ်။

Perseverance စက်ရုပ်ယာဉ်နဲ့ ဟယ်လီကော်ပတာလို ဒရုံးယာဉ်လေး Ingenuity တို့ဟာ ဇူလိုင်လထဲမှာ သူတို့ရဲ့ မိုင် ၃၀၀ ခရီးကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တဲ့ အဖွဲ့က တီထွင်ထားတဲ့ Ingenuity ယာဉ်က အင်္ဂါဂြိုဟ်ရဲ့ ပါးလွှာတဲ့ လေထုထဲ ပျံသန်းလို့ ရမရ စမ်းသပ်မောင်းနှင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် အရင်ကလွှတ်တင်ထားတဲ့ စက်ရုပ်ယာဉ် ၄ ခုနဲ့ တူတဲ့ ၆ ဘီးတပ် Perseverance ယာဉ်ကို Jezero ချိုင့်ဝှမ်း မှာ စူးစမ်းလေ့လာခိုင်းမှာ ဖြစ်ပါတယ်။ ဒီချိုင့်ဝှမ်းဟာ အရင်က ရေကန်အောက်ခြေမှာ ရှိနိုင်တဲ့အတွက် အဲဒီမှာ သက်ရှိတွေ ရှင်သန်ခဲ့တဲ့ အထောက်အထားတွေ ရနိုင်မယ်လို့ သိပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

အခုလွှတ်တင်လိုက်တဲ့ ယာဉ်တွေကနေ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်က နမူနာတွေကောက်ယူပြီး သိမ်းထားခဲ့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာတော့ ဒီနမူနာတွေကို ပြန်ယူဖို့ နောက်ယာဉ်တစင်းကို လွှတ်တင်မှာ ဖြစ်ပါတယ်။

............


(Unicode)









XS
SM
MD
LG