သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ခွက်ရေနံမြေ Well 2 ရေနံလုပ်ကွက် တိုက်ခိုက်ခံရ 


တိုက်ခိုက်မှုတွင်ပါဝင်သည့် ကျားသစ်နက်တပ်မတော် (B.L.P.A.) ၏ facebook စာမျက်နှာတွင်တွေ့ရသည့် ဓါတ်ပုံ
တိုက်ခိုက်မှုတွင်ပါဝင်သည့် ကျားသစ်နက်တပ်မတော် (B.L.P.A.) ၏ facebook စာမျက်နှာတွင်တွေ့ရသည့် ဓါတ်ပုံ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေက Well 2 ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Well 2 ရေနံလုပ်ကွက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်တင်ပြပါမယ်။

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေက Well 2 မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက စုပေါင်းပြီး မတ်လ ၉ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ Well 2 ရေနံမြေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ ၁ နာရီနီးပါး ပစ်ခတ်ရှင်းလင်းခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက် တပ်မတော် ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“Well 2 ရေနံမြေမှာ စခန်းချထားတဲ့ စစ်တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အနီးကပ် လက်နက်ငယ်များနဲ့ စခန်းအတွင်းထဲအထိ တိုက်ပွဲဖြစ်ခဲ့တယ်။ Mi35 ၂ စင်းနဲ့ လာပစ်တဲ့အခါကျတော့ စခန်းသိမ်းဖို့အတွက် နည်းနည်းလေး ကျွန်တော်တို့ဘက်က ကျည်မလောက်တဲ့ အခြေအနေပေါ့နော်။ ကျည်မလောက်တဲ့ အခြေအနေကြောင့်မို့လို့ စခန်းတော့ လုံးဝသိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘူး။ သူတို့ဆီက အဆောက်အဦးတချို့ကိုတော့ ဖျက်ဆီးခဲ့နိုင်တယ်ခင်ဗျ။”

ဒီ Well 2 ရေနံလုပ်ကွက်ကို ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်တာ အခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှုအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံးရှိခဲ့သလို စစ်တပ်ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မကွေးတိုင်းအတွင်းမှာဘဲ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသထဲမှာတော့ မင်းရွာမှာ စစ်တပ်တပ်စွဲနေတာ ကြာမြင့်နေပြီဖြစ်လို့ အနီးဝန်းကျင်က ဘေးလွတ်ရာ ပုန်းခိုနေသူတွေ အတော်လေးဒုက္ခရောက်နေပါတယ်။ နေရင်း ၊ မင်း ၊ ပေါက်တော ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၈ လ ကျော်ရှိနေပါပြီ။ အခုလို စစ်ဘေးတိမ်းရှောင်နေရတာ ကြာမြင့်နေပြီဖြစ်တဲ့အတွက် စားဝတ်နေရေး ကျန်းမာရေးအခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“စစ်ဘေးအမြဲရှောင်နေရတာက ၃ ရွာလောက်ရှိတယ်။ နေရင်းရယ်၊ ပေါက်တောရယ်၊ မင်းရွာရယ်။ စစ်တပ်က အဲ့မှာ တပ်စွဲထားတာကြာပြီ၊ ၈ လလောက်ရှိပြီ။ ရွာထဲကို ပြန်ဝင်လို့ မရတော့ဘူး။ ပြည်သူတွေက သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေလောက်ပဲ အနည်းအကျဉ်းပဲ ကျန်ခဲ့တော့တာ၊ ၅ ပုံ ပုံ ၁ ပုံလောက်တောင် မရှိပါဘူး။ လိုအပ်တာကတော့ စားရေးသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလေးပေါ့။ အဲ့လောက်ပါပဲ။”

ရေစကြိုမြို့နယ်ရဲ့ ရေလယ်ကျွန်းဒေသဆိုတာဟာ ချင်းတွင်းမြစ်ရယ် ဧရာဝတီမြစ်ရယ် ကြားထဲက ကျေးရွာတွေကို ဆိုလိုတာဖြစ်ပြီး မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းအစပ်မှာ တည်ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က အဲ့ဒီရေလယ်ကျွန်းဒေသကို စစ်တပ်က နယ်မြေ ရှင်းလင်းတာတွေ လုပ်တဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းမှု မရှိပေမဲ့ စစ်တပ်ဘက်က စစ်သင်္ဘောတွေနဲ့ လှည့်ပတ်နေတာအပြင် စစ်တပ် ထောက်ခံအားပေးတဲ့ ပျူစောထီးတွေက မကြာခဏ ပစ်ခတ်တာတွေ လုပ်တဲ့အတွက် ဒေသခံတွေဟာ ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG