ဂျပန်နိုင်ငံမြောက်ပိုင်းဒေသက စားသောက်ဆိုင် တဆိုင်မှာ ပေါက်ကွဲမှုတခု ဖြစ်ပွါးပြီး အနဲဆုံး လူပေါင်း ၄၂ ဦး ထက်မနဲ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ တဦးကတော့ ဒဏ်ရာ ပြင်းထန်ပါတယ်။
ဂျပန်မြောက်ပိုင်း Hokkaido ကျွန်းက Sapporo မြို့မှာ ရှိတဲ့ အထပ် ၂ ထပ်ပါ အဆောက်အဦးမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ တနင်္ဂနွေနေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း တာဝန်ခံ ရဲအရာရှိတွေက ပြောပါတယ်။
ဂျပန်သတင်း NHK ရုပ်သံမှာတော့ ပြိုကျပျက်စီးနေတဲ့ ပေါက်ကွဲမှုဖြစ်ပွါးရာ အဆောက်အအုံ ဆီက မီးခိုးလုံးတွေ တက်နေတာကို တွေ့ရပါတယ်။
ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တွေကတော့ ပေါက်ကွဲမှု ဖြစ်ပွါးချိန်တုန်းက ဓါတ်ဆီနံ့တွေ ရခဲ့ကြောင်းနဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် အနားဝန်းကျင်က အိမ်တွေမှာ မှန်ပြူတင်းတွေ ကွဲကုန်တဲ့ အပြင် ကားတွေမှာလည်း ပေါက်ကွဲမှုကနေ လွင့်ပျံလာတဲ့ အပိုင်းအစတချို့နဲ့ ဖုံးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း မီးသတ် အရာရှိတွေရဲ့ သတိပေးချက်နဲ့ အတူ မြို့အာဏာပိုင်တွေကလည်း ဒေသခံတွေ ဘေးလွတ်ရာ ခိုလှုံနိုင်ဖို့ နေရာတွေ အဆင်သင့် လုပ်ဆောင် ပေးခဲ့ပါတယ်။