သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အပေါ်ပိတ်ဆို့မှု တိုးချဖို့ ဥရောပသမဂ္ဂကို Burma Campaign ယူကေ တိုက်တွန်း


ဒီဇင်ဘာ ၂၄ ၂၀၁၈ခုနှစ်က သြစတြီးယားနိုင်ငံမှာ လုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်
ဒီဇင်ဘာ ၂၄ ၂၀၁၈ခုနှစ်က သြစတြီးယားနိုင်ငံမှာ လုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်

ဥရောပသမဂ္ဂကနေ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ထားပေမဲ့ ဥရောပမှာရှိတဲ့ နည်းပညာကုမ္ပဏီတချို့ဟာ အဲဒီပိတ်ပင်ထားချက်မှာ မပါတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို မြန်မာကို ရောင်းချ အမြတ်ထုတ်နေကြောင်း Burma Campaign ယူကေရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို စစ်လက်နက်တွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချတာကိုပါ လုံး၀ ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ပြဌာန်းဖို့ ဥရောပသမဂ္ဂကို ဥရောပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက တိုက်တွန်းထားတယ်လို့လည်း သူကပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် ကချင်နဲ့ အခြားတိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူဖို့၊ မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေချိန်မှာပဲ ဥရောပ မှာရှိတဲ့ နည်းပညာကုမ္ပဏီ တချို့ဟာ မြန်မာစစ်တပ်ကို စစ်ပိုင်းဆိုင်ရာ နည်းပညာ ပစ္စည်းတွေ ရောင်းချနေကြောင်း ဗြိတိန်အခြေစိုက် Burma Campaign ယူကေရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

“ဥရောပသမဂ္ဂက Arms Embargo ဆိုတဲ့ လက်နက်ရောင်းချမှု ပိတ်ဆို့ထားမှုမှာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်တားမြစ်ထားခြင်း မရှိတာဟာ ပြဿနာတခုပါ။ ဒါကြောင့် ဥရောပ ကုမ္ပဏီတွေအနေနဲ့ သေနတ်တွေ၊ တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေကို မြန်မာစစ်တပ်ကို ရောင်းချလို့ မရပေမဲ့ ရေတပ်သင်္ဘောအတွက် လိုအပ်တဲ့ အင်ဂျင်တွေကို ရောင်းလို့ရနေပါတယ်။ စစ်သုံး သံချပ်ကာ ကားတွေအတွက် အင်ဂျင်တွေကို မြန်မာစစ်တပ်ကို ရောင်းချနိုင်ပါတယ်။ မြန်မာစစ်တပ် ရဲ့ တိုက်လေယာဉ် လေ့ကျင့်ရေးမှာသုံးဖို့ အထောက်အကူနည်းပညာ ပစ္စည်းတွေ ရောင်းချနိုင်ပါတယ်။”

ဒါကြောင့် ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ထားမှုမှာ ပိုပြီး ပြည့်ပြည့်စုံစုံပါဝင်ဖို့ နှစ်အတန်ကြာကတည်းက သူတို့ တောင်းဆိုထားခဲ့ကြောင်းလည်း Mark Farmaner ကဆိုပါတယ်။

“ Burma Campaign ယူကေအပါအဝင် ဥရောပ-မြန်မာ ကွန်ယက်အဖွဲ့ တွေက နှစ်အတန်ကြာ ကတည်းက ဥရောပသမဂ္ဂကို တောင်းဆိုခဲ့တာက သေနတ်နဲ့ အခြားစစ်လက်နက်ပစ္စည်းတွေတင် မကပဲ စစ်သုံးအထောက်အကူပြု ပစ္စည်းတွေ ရောင်းချတာကိုပါ လုံးဝပိတ်ပင် တားမြစ်ဖို့ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို ဥရောပသမဂ္ဂက ထည့်သွင်းစဉ်းစားခဲ့ပေမဲ့ လက်မခံပဲ ပယ်ချခဲ့ပါတယ်။ ဥရောပ ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်ကို စစ်အသုံးအဆောင်အထောက်အကူပစ္စည်းတွေ ဆက်ပြီးရောင်းချဖို့ ဥရောပသမဂ္ဂက ခွင့်ပြုခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထက် စီးပွားရေး အကျိုးအမြတ်ကိုပဲ ကြည့်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့ အစီရင်ခံစာထဲမှာ နာမည်ပျက်စာရင်း ထည့်သွင်းခံရပြီး သူတို့ အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြပါတယ်။”

မကြာခင်မှာလည်း ဘယ်ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ရောင်းချနေသလဲဆိုတဲ့ အမည်စာရင်းကို Burma Campaign ယူကေအနေနဲ့ ထုတ်ပြန်ဖို့ရှိတယ်လို့လည်း Mark Farmaner ကဆိုပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ သူတို့ ကုမ္ပဏီနာမည်တွေ ပါလာတဲ့အတွက် ဥရောပမှာရှိတဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးမှာ ပိုပြီးသတိထားလာမှာဖြစ်သလို၊ မြန်မာစစ်တပ်အနေ နဲ့လည်း စစ်သုံးအထောက်အကူပြုပစ္စည်းတွေကို ဝယ်ယူရာမှာ ပိုပြီး အခက်အခဲဖြစ်စေတယ်လို့ Mark Farmaner က ပြောပါတယ်။

“ကုမ္ပဏီတွေအနေနဲ့ နောက်ပိုင်းမှာ အထူးသတိထား ဂရုစိုက်လာဖို့ရှိပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတဲ့ ကုမ္ပဏီတွေကို ကျနော်တို့ အရင်ကတည်းက အဆက်အသွယ်လုပ်ပြီး အကျိုးအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ဟာ မြန်မာစစ်တပ်နဲ့ လုပ်နေတယ်ဆိုတာတောင် သတိမထားမိကြပါဘူး။ နောက်ပြီး ဂရုလည်း မစိုက်ကြပါဘူး။ အခုတော့ ကုလသမဂ္ဂလို အဆင့်မြင့် ကမ္ဘာ့အဖွဲ့အစည်းတခုကနေ သူတို့နာမည်စာရင်းတွေကို ထုတ်ပြန်လာတဲ့အပေါ်မှာ ဒီကုမ္ပဏီတွေလည်း ပိုပြီး သတိထားလာကြတော့မှာပါ။ မြန်မာစစ်တပ်ကို နည်းပညာ ပစ္စည်းတွေရောင်းချနေတဲ့အပေါ်မှာ သူတို့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုကို ထည့်စဉ်းစားလာကြတော့မှာပါ။ ဒါဟာ မြန်မာစစ်တပ် အတွက် ဥရောပနဲ့ အနောက်နိုင်ငံ ကုမ္ပဏီတချို့က စစ်အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ အခက်အခဲဖြစ်စေမှာပါ။”

Burma Campaign ယူကေ ဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ ရောင်းချနေတဲ့ နည်းပညာကုမ္ပဏီတွေကို ပြုစုပြီး ကုလသမဂ္ဂ မတိုင်ခင် အမည်မည်းစာရင်းအဖြစ် အရင်ဆုံး ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်ဟာ သူရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ဘယ်လို အကျိုးအမြတ်တွေ ရနေလဲဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်းက သြဂုတ်လ အစောပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် အဲဒီ အစီရင်ခံစာမှာ မြန်မာတပ်မတော်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၅ ခုထက်မနည်းရှိနေသလို၊ နောက်ထပ် နိုင်ငံခြားကုမ္ပဏီ ၄၄ ခုဟာ စစ်တပ်စီးပွားရေးနဲ့ တနည်းတဖုံ ဆက်စပ် လုပ်ကိုင် နေကြတယ်လို့လည်း ထောက်ပြထားပါတယ်။ ဒါကြောင့်လည်း အဲဒီစာရင်းမှာ ပါနေတဲ့ ဥရောပရှိ စီးပွားရေးနဲ့ နည်းပညာကုမ္ပဏီ တချို့ကို အစီရင်ခံစာ ထွက်ပြီးနောက်ပိုင်း ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ဘယ်သူတွေက စီးပွားရေးလုပ်နေသလဲ၊ လက်နက်ပစ္စည်းတွေ ရောင်းချနေသလဲဆိုတာတွေကို နိုင်ငံတကာသတင်းမီဒီယာတွေမှာ အကျယ်တဝန့် ဖေါ်ပြခဲ့ကြသလို၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ ကုမ္ပဏီတွေကို တိုက်ရိုက်ရေးသား မေးမြန်းတာတွေ လုပ်ခဲ့ကြတယ်လို့ Mark Farmaner ကပြောပါတယ်။

ဗြိတိန်နိုင်ငံ Aberdeen မြို့ အခြေစိုက် ရေကြောင်းသွားလာရေးဆိုင်ရာ navigation နည်းပညာတွေ အဓိက ထုတ်လုပ် ရောင်းချတဲ့ Veripos ကုမ္ပဏီဆိုရင် မြန်မာရေတပ်ကို နည်းပညာပစ္စည်းတွေ ရောင်းချခဲ့တာနဲ့ ပတ်သက်လို့ ဖြေရှင်းချက် ထုတ်ခဲ့ရသလို၊ နောက်ပိုင်းမှာ သူတို့ကုမ္ပဏီအနေနဲ့ ကုလသမဂ္ဂပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ အခြေစိုက် ဂြိုလ်တု ဆက်သွယ်ရေး လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Newtec ဆိုရင်လည်း မြန်မာစစ်တပ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီနဲ့ ဆက်ဆံလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းမယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG