သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးတိုး၊ စုစုပေါင်း သေဆုံးသူ ၇၅ ဦးရှိ


ဧပြီလ ၉ ရက်နေ့က ရန်ကုန်ရှိ ကွာရန်တင်းစင်တာတခု
ဧပြီလ ၉ ရက်နေ့က ရန်ကုန်ရှိ ကွာရန်တင်းစင်တာတခု

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၁၅၄ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၄,၆၂၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

စနေနေ့ မနက် ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူူ နောက်ထပ် ၅ ဦး ရှိလာတဲ့ အတွက် အခုချိန်အထိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံး ရသူ စုစုပေါင်း ၇၅ ဦး ရှိသွားပါပြီ။ နောက်ထပ်သေဆုံးသူ ၅ ဦးဟာ အသက် ၆၂ နှစ် ကနေ ၈၅ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၂ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးက ၂ ဦးနဲ့ ရန်ကုန် COVID-19 ကုသရေးဌာနမှာ တက်ရောက်နေသူ တဦးတို့ ဖြစ်ပါတယ်။

သောကြာနေ့မှာ ပထမအသုတ် စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၁၆၈ ဦးကို တွေ့ရကြောင်း သောကြာနေ့ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အခု ဒုတိယအသုတ် စစ်ဆေးမှုကနေ အတည်ပြုလူနာသစ် ၁၅၄ ဦး တွေ့ရတာကြောင့် သောကြာနေ့မှာ စုစုပေါင်း ဓာတ်ခွဲနမူနာ (၅,၂၅၂) ခုအား စစ်ဆေးခဲ့တာမှာ နောက်ထပ် အကူးစက်ခံရသူ စုစုပေါင်း ၃၂၂ ဦး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းခွင့်ရသူကလည်း စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်း အထိဆို ၁, ၁၃၀ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လ လယ်လောက်စပြီး ရခိုင် ပြည်နယ် အတွင်း ပြည်တွင်း ကူးစက်မှုတွေ တွေ့ရှိလာပြီး နောက်ပိုင်း လူရာနဲ့ချီ အကူးစက်ခံလာရတာပါ။

ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် ခရီးစဉ်တွေကို စက်တင်ဘာလကုန်အထိ ရပ်ဆိုင်း ထားလိုက်သလို ကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့အတွင်းက မြို့နယ် ထက်ဝက် နီးပါးအတွက်လည်း အိမ်မှနေရတဲ့ Stay-at-Home ကန့်သတ်ချက်တွေ ချမှတ်ထားခဲ့ရပါတယ်။

.............

(Unicode)







XS
SM
MD
LG