သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းအဖွဲ့ အပစ်ရပ်ကြေညာပေမယ့် ရခိုင်မှာ တိုက်ပွဲဖြစ်ဆဲ 


မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကနေ ဒီနှစ်ကုန်အထိ အပစ်ရပ်စဲသွားမယ်လို့ တရားဝင် ထုတ်ပြန်ထားပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ တိုက်ပွဲပြင်းထန်စွာဖြစ်နေဆဲပါ။ ဒီနေ့မှာတော့ ဘူးသီးတောင်မြို့နယ် ဘက်မှာ မြန်မာစစ် တပ် နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့သလို မနေ့ကလဲ မြေပုံမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့ ကြောင်း နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေး နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာအနီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ မနေ့ကနဲ့ ဒီကနေ့မနက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ဒီနေ့ စက်တင်ဘာလ(၂၃)ရက်နေ့မှာလဲဘဲ မနက်(၁၁)နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ အဲဒီတောင်တန်းပေါ်ကို ဗမာစစ်တပ်ဖက်ကနေပြီးတော့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် မို့လို့ အဲဒီမှာ(၁၅)မိနစ်လောက်အကြာ အပြန်အလှန် ပစ်ခတ်မှု တွေဖြစ်ပွား ခဲ့တာရှိတယ်။ ဒီမြေပုံမြို့နယ်ထဲမှာတော့ (၂၂)ရက်နေ့မှာတော့ တိုက်ပွဲနှစ်ကြိမ် ဖြစ်တာပေါ့။ အဲဒီမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာကတော့ ညနေ(၄)နာရီကနေ (၇)နာရီလောက် အထိပေါ့နော်။ မြေပုံမြို့နယ်ကမ်းထောင်းကြီးရွာရဲ့အရှေ့မြောက်ဖက် (၁.၅)ကီလိုမီတာအကွာလောက် မှာရှိတဲ့ တောင်တန်းပေါ်မှာ ဖြစ်တာ။ ဗမာစစ်တပ်ကနေပြီးတော့ အဲဒီတောင်တန်းပေါ်မှာနေပြီးတော့ အဲဒီတောင်တန်း ပေါ်ကနေပြီးတော့ သူတို့လက်နက်ကြီးတွေ တင်ပြီးတော့မှ အဲဒီ ခမရ(၃၇၃)က နေပြီး သူတို့မနားတမ်း ပစ်နေ တာ ရှိနေတယ်။ ထိခိုက်ကျဆုံးမှု ကတော့ ဗမာစစ်တပ်ဖက်ကနေ ပြီးတော့ အဲဒီတောင်ကုန်းကို ကျွန်တော်တို့ဖက်က သိမ်း ပိုက်ရရှိတဲ့ အချိန်မှာ အလောင်း(၁၀)လောင်း ကျန်ခဲ့တယ်။ နောက်ပြီး စစ်လက်နက်ပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်း (၁၈) လုံးကျန်ခဲ့တယ်။ လက်နက်ကြီး တချို့ပေါ့နော် အဲဒီမှာစစ်အသုံးဆောင်ပစ္စည်းတွေပေါ့။ သိမ်းဆည်းရမိတဲ့ပစ္စည်း အားလုံးကိုတော့ ကျွန်တော်တို့လက်ရှိမှာ စာရင်းပြုစုနေတုန်းရှိသေးတယ်။”

မြေပုံမြို့နယ်တိုက်ပွဲမှာ မြန်မာစစ်တပ်ဖက်က ကျဆုံးမှုများပြားတယ်လို့ AAဖက်ကပြောနေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က မြေပုံမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

“မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ အဲတာဘဲ ပြောလို့ရမယ်။ မြေပုံမြို့နယ် ယွန်းချောင်းရဲ့ အရှေ့မြောက်ဖက်မှာ။ တနာရီ လောက်ကြာတယ်။ ကျန်တဲ့ဟာတော့ ဘာမှမသိရသေးဘူး။ ”

တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေထိခိုက်မှုတွေကိုတော့ မသိရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကလဲ ဘူးသီးတောင်မြို့က မြန်မာစစ်တပ်ရဲ့ စကခ(၁၅)တပ်မဌာနချုပ်ကို AAဖက်က လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော်အေရှားဝေါလ် ဆိပ်ကမ်းမှာလဲ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။

အငူမော်အေရှားဝေါလ်ဆိပ်ကမ်းမှာ ဗုံးပေါက်ကွဲအပြီး ပစ်ခတ်မှုကြောင့် ရွာသားတဦးလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီကနေ့မှာ အိမ်အတွင်းဗုံးရှာဖွေတွေ့ရှိမှုနဲ့ အငူမော်ရွာသား ဦးအိုးဖောက်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရွာသားတဦးကပြောပါတယ်။

“သူကနေပြီးတော့ အသုဘမှာ အုတ်တွေဘာတွေ သယ်နေတဲ့အချိန်မှာ သူ့အိမ်မှာ ဗုံးတလုံးမိတယ် ဆိုပြီးတော့ လာခေါ်သွားတယ်။ အခုစခန်းမှာဘဲ ထားပါတယ်ခင်ဗျ။ နယ်ခြားစောင့်စခန်းပေါ့ ရွာထိပ်မှာဘဲ။ သူကနေပြီးတော့ ဒီရွာမှာ လေ ကောင်းကောင်းမွန်မွန်လုပ်စားတဲ့လူတယောက်ပါ။ သူဝပ်ရှော့လုပ်ပြီး ကားတွေဘာတွေလုပ်စားနေတာ။”

အငူမော်ရွာကိုလဲ လုံခြုံရေးအရ စစ်တပ်ကနေ ပိတ်ပင်ထားတဲ့အနေအထား ရှိနေတယ်လို့လဲ အငူမော်ကျေးရွာကို ရောက်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“ရွာကို အဲဒီအိုးဖောက်ကို ဖမ်းသွားပြီးတော့ တရွာလုံးကို ဝိုင်းထားသလိုဖြစ်နေတာ။ ကားလမ်း တလျှောက်လုံး ဆိုတော့ လူတွေကကြောက်ပြီးတော့ လာတဲ့လူလည်း ပြန်လှည့်ပေါ့။ ဒီနေ့တော့ ပိတ်ထားသလို ဖြစ်နေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေကလဲ နေ့စဉ်နဲ့ အမျှ ကျယ်ပြန့်စွာဖြစ်ပွားနေပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား (၈၀)ကျော်သေဆုံးခဲ့သလို ဒဏ်ရာရတာက (၁၂၀)ကျော် အထက်ရှိနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဘက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက် မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကထုတ်ပြန် ကြေညာခဲ့ပေမဲ့ တပ်မတော်ဘက်က နောက်ဆုံးအကြိမ် အပစ်ရပ်စဲရေးကြေညာချက် ထုတ်ပြန်ထားတာစက်တင်ဘာ ၂၁ရက်မှာ ကုန်ဆုံးပြီး ဖြစ်လို့ အပစ်ရပ်ရေးထပ်မံထုတ်ပြန်ဖို့က မသေချာသေးတဲ့အခြေအနေမှာရှိနေပါတယ်။

................

{Unicode}

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG