သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ပြည်တွင်းမှာအရေးမယူနိုင်လျင် တခြားနည်းရှာသင့်


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ အရေးယူဖို့ မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းတာအပါအဝင် လုပ်ဆောင်နိုင်မယ့် တခြားနည်းလမ်းတွေကို ရှာဖွေရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ချခံရတဲ့ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ ဝန်ကြီး Jeremy Hunt ကပြောပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။

နှစ်ရက်ကြာခရီးစဉ်နဲ့ မြန်မာနိုင်ငံကိုလာရောက်သွားတဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ ကြာသပတေးနေ့ က ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးတာပါ။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဘယ်လို သတ်ဖြတ်မှုမျိုးအတွက်မဆို လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တာဝန်ခံမှုရှိစေရေး အရေးကြီးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီး Jeremy Hunt ကပြောပါတယ်။

“တရားဥပဒေနဲ့အညီ လုပ်ဆောင်ရေးနဲ့ တရားမျှတမှုရှိရေးအတွက် ဖွင့်ထုတ်ပြောဆိုဖို့ အရေးကြီးတယ်ဆိုတာ သူ့ကို ကျနော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ စစ်တပ်ကို သူထိန်းချုပ်ထားတာ မဟုတ်ဘူးဆိုတာ ကျနော်တို့ အမှတ်ရသင့်ပါတယ်။ ကျနော်တွေ့ချင်ပေမဲ့ ကျနော်နဲ့တွေ့ဖို့ ပြင်ဆင်မထားဘူးဆိုပြီး မတွေ့ခဲ့ရတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ သူ့ကိုသာ တွေ့ခဲ့ရရင် ကျနော်ပြောမှာက ဘယ်လို သတ်ဖြတ်မှုမျိုးမဆို ကျူးလွန်သူတွေကို အရေးယူဖို့ သိပ်ကို အရေးကြီးတယ်၊ တရားဥပဒေနဲ့အညီဖြစ်ရမယ်၊ အဲဒီလိုဖြစ်လာမလားဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ အဲဒီလို ဖြစ်မလာဘူးဆိုရင်တော့ ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိတဲ့အတွက် သူ တာဝန်ခံရပါလိမ့်မယ်။”

ဝန်ကြီး Hunt က “မြန်မာနိုင်ငံမှာ တာဝန်ခံမှုနဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်ချက် ဖြစ်မလာဘူးဆိုရင် ICC ကို လွှဲပြောင်းတာ အပါအဝင် နည်းလမ်းအားလုံးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှာဖွေဖို့ လိုအပ်ပါတယ်။ ICC ကိုလွှဲဖို့က လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုလိုပြီး ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အဲဒီလိုဆိုရင် တခြားနည်းလမ်းတွေကိုလည်း ကျနော်တို့ ရှာဖွေဖို့လိုပါတယ်” လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးထားပါတယ်။

မြန်မာစစ်တပ်ဟာ “လူမျိုးတုံး သုတ်သင်ရှင်းလင်းဖို့ ရည်ရွယ်ချက်” နဲ့ ရိုဟင်ဂျာတွေကို အများအပြား သတ်ဖြတ်တာနဲ့ လူစုလူ ဝေးနဲ့ မုဒိန်းကျင့်တာတွေ လုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြီးခဲ့တဲ့လမှာပဲ ပြောထားပါတယ်။ အဲဒီအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီး ငါးဦးကို နိုင်ငံတကာဥပဒေအရ အရေးယူသင့်တယ်လို့လည်း ဆိုထားတာပါ။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာဟာ သိပ်ကို အားကောင်းခိုင်မာလွန်းတယ်လို့ ဝန်ကြီး Hunt ကပြောပါ တယ်။

“မြန်မာ့တပ်မတော်ဟာ သိပ်ကိုဆိုးရွားရက်စက်တဲ့ ကျူးလွန်မှုတွေ လုပ်ထားတယ်ဆိုတာ ဖြစ်နိုင်ခြေ သိပ်များတဲ့ပုံ ရှိပါ တယ်။ ဒါကြောင့်လည်း ဘာဖြစ်ခဲ့တယ်ဆိုတာကို တွေ့ရဖို့အတွက် ရခိုင်ပြည်နယ်ကို ကျနော်ကိုယ်တိုင် သွားချင်ခဲ့တာပါ။ အခု လက်ရှိ မဖြစ်မနေလုပ်ရမှာက ဆိုးရွားတဲ့လုပ်ရပ် ကျုးလွန်သူတွေကို တရားဥပဒေနဲ့အညီ စစ်ဆေးစီရင်ဖို့ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ လူအများအပြားကို သတ်ဖြတ်တဲ့ဖြစ်ရပ်ကို အသေးစိတ် စုံစမ်းသတင်းလိုက်တဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး ထောင်ချခဲ့တဲ့အပေါ် သူ့အနေနဲ့ အလွန်အမင်း စိုးရိမ်တယ်လို့လည်း ဝန်ကြီး Hunt က ပြောပါတယ်။

“’ဒီကိစ္စအပေါ် ကျနော်တို့ အကြီးအကျယ် စိုးရိမ်မိပါတယ်။ ဒီက ဗြိတိသျှသံရုံးဟာ တရားစစ်ဆေးမှု အများစုကို တက် ရောက်ခဲ့ပါတယ်။ ကျနော်တို့ဟာ တကမ္ဘာလုံးမှာ သတင်းလွတ်လပ်ခွင့်အတွက် ထောက်ခံသူတွေ၊ အဲဒီအပေါ် ယုံကြည်သူတွေ ဖြစ်ပါတယ်။ ဒီအမှုမှာ တရားဥပဒေနဲ့အညီ လုပ်ဆောင်တာမျိုး မရှိခဲ့ဘူးဆိုတဲ့ ကျနော့်ရဲ့ စိုးရိမ်ချက်တွေကို ဒေါ်အောင်ဆန်းစု ကြည်ကို ကျနော်ပြောပါတယ်။ သူက ဒီအပေါ် သူ ဆန်းစစ်မယ်လို့ပြောပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ ကြာသပတေးနေ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မွတ်ဆလင်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်ဆိုပြီး မြန်မာနိုင်ငံတွင်းမှာ တော့ အစိုးရက အဲဒီအခေါ်အဝေါ်ကို အသိအမှတ်ပြုသလို လူထုကြားမှာလည်း အခြေအတင်အငြင်းပွားစရာဖြစ်နေတာပါ။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်နိုင်ဖွယ်ရှိတယ်လို့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Adama Dieng က သောကြာနေ့မှာ ပြောထားပါ တယ်။

တိုက်ရိုက် လင့်ခ်


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်
please wait

No media source currently available

0:00 0:03:52 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG