သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



(Unicode/Zawgyi)





ICJ Provisional Measures Gambia vs Myanmar
ICJ Provisional Measures Gambia vs Myanmar










တိုက်ရိုက် လင့်ခ်


........................

(Zawgyi)

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာခုံရုံးဆုံးဖြတ်

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆သိန်းကျော်ရဲ့ အခြေအနေဟာ အတော်လေး စိုးရိမ်စရာရှိပြီး သူတို့ကို အရေးတကြီး အကာအကွယ်ပေးဖို့လိုတယ်လို့ပါ တရားရုံးက သုံးသပ်ခဲ့တာပါ။ နိုင်ငံတကာတရားရုံး ဆုံးဖြတ်ချက်နဲ့ သုံးသပ်ချက်တွေကိုတော့ ကိုသားညွန့်ဦး ပြောပြမှာပါ။

မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ဖို့ လိုတယ်လို့ ယူဆတဲ့အကြောင်းနဲ့၊ ဒီအတွက် ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာ ငြင်းဖို့ တရားရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူးလို့လည်း ICJ တရားရုံးက သုံးသပ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့အကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ အထောက်အထားတချို့ တွေ့ရတယ်လို့ ICJ က သုံးသပ်သွားပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဂျီနိုဆိုဒ် တားဆီးရေး သဘောတူညီချက်အရ တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်ထားတာကို ICJ တရားရုံးက ပယ်ချပါတယ်။

မြန်မာကို နိင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေတွေလိုက်နာဘို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မှာသတိပေးခဲ့တာကိုလဲ ICJ က ကိုးကားသွားပါတယ်။ ခုံရုံးသဘာပတိအဖြစ်ဆောင်ရွက်တဲ့ ICJ တရားသူကြီး Abdul Qawi Ahmed Yusuf က အခုလို ဖတ်ကြားပါတယ်။

“မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ အန္တရာယ်ကျရောက်စရာ အလွန်အမင်း စိုးရိမ်စရာမှာရှိတယ်လို့ တရားရုံးက သုံးသပ်ပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက အစဉ်အဆက်နေထိုင်ခဲ့ကြပေမယ့်လို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံမဲ့ဖြစ်နေကြရသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်တွေ ရုပ်လိုက်တဲ့အတွက် ဒါဟာ အလွန်အမင်း စိုးရိမ်စရာရှိတယ်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ချမှတ်လိုက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ထဲ ဖော်ပြထားတာကို တရားရုံးအနေနဲ့ မှတ်သားမိပါတယ်။ နိုင်ငံတွင်းမှာကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုံး သတ်ဖြတ်တာတွေခံရမယ့် အန္တရာယ်အောက်မှာ ရှိနေတယ်ဆိုတာကို ခိုင်ခိုင်မာမာတွေ့ရတယ်ဆိုပြီး ကုလ အချက်အလက် စုဆောင်းရေးမစ်ရှင်က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့အချက်ကိုလည်း တရားရုံးအနေနဲ့ မှတ်သားထားပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိထိရောက်ရောက်အကာအကွယ်ပေးနေပါတယ်လို့ အခိုင်အမာ တင်ပြနိုင်ခဲ့ခြင်း မရှိဘူးလို့ တရားရုံးက သုံးသပ်ပါတယ်။ နောက်ဆုံးမှာတော့ တရားရုံးအနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်သွင်းတဲ့ ကြားဖြတ်အရေးပေါ် စီမံမှု သုံးချက်ကို လက်ခံသလို၊ ဖြစ်ထွန်းတိုးတက်မှုတွေကို တရားရုံးကို မပြတ်အစီရင်ခံဖို့ဆိုတဲ့ အချက်ကိုပါ ထည်သွင်းဆုံးဖြတ်လိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ဖြစ်စေ အမြဲတမ်း မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်စေ အဖွဲ့အစည်းတခုခု လူ ပုဂ္ဂိုလ်တဦးဦးဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာ သတ်ဖြတ်ဖို့ ကြံစည်ပူးပေါင်းတာ သတ်ဖြတ်မှုဖြစ်အောင် လှုံဆော်တာ ကြိုးပမ်းတာ မှန်သမျှ မဖြစ်အောင် အကာအကွယ်ပေးထိန်းချုပ်နိုင်ရပါမယ်။”

တရားရုံးဆုံးဖြတ်တဲ့ ကြားဖြတ်အရေးပေါ်စီမံချက် လေးချက်ကတော့ -
(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေ ဆောင်ရွက်သွားရမယ်။
(၂) မြန်မာစစ်တပ်ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်နိုင်အောင်နဲ့ ကျူးလွန်အောင် လှုံဆော်မှုတွေမဖြစ်အောင် မြန်မာနိုင်ငံအနေနဲ့ ဒီအဖွဲ့အစည်းတွေကို ထိန်းချုပ်ကိုင်တွယ်ရမယ်။
(၃) ဖြစ်ပြီးခဲ့တဲ့ ကျူးလွန်မှုတွေက ကျန်တဲ့ သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းပေးရမယ်၊ မဖျက်ပစ်ရဘူး။
(၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်ကာလအတောအတွင်းမှာပဲ မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လ တခါ ပထမအအကြိမ် တရားရုံးကိုအစီရင်ခံစာတင်ရမယ်။ နောက်ပိုင်းမှာ ၆လတကြိမ် ပုံမှန်အစီရင်ခံစာတင်သွားရမယ်။
တရားရုံးအနေနဲ့ ဒီကြားထဲမှာနောက်ထပ်အရေးပေါ်စီမံမှုတွေ ဆုံးဖြတ်နိုင်တယ်လို့လည်း ပါရှိပါတယ်။

ဒီနေ့ ICJ တရားရုံးက ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေချမှတ်တဲ့အချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့ ဥပဒေအကျိုးဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ သဘောထားကို ဗွီအိုအေက မေးမြန်းခဲ့ပေမယ့်၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘာမှ မှတ်ချက်ပေးစရာမရှိဘူး မပြောလိုဘူးလို့ပဲ ဗွီအိုအေကို တုံ့ပြန်ပါတယ်။မြန်မာအစိုးရအနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ခံသုံးနှုန်းတာ မရှိပါဘူး။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကမြန်မာနိုင်ငံအပေါ် ဒီကနေ့ချမှတ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကြော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲချက်တင်ခဲ့တာပါ။

XS
SM
MD
LG