သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်


ဧပြီလ ၂၉ ရက်နေ့တုန်းက ကချင်ပြည်နယ် စစ်ရှောင် camp များတွင် ဗန်းမော်လူငယ်အဖွဲ့မှ ဆေးဖြန်းစဉ် (ဓါတ်ပုံ - Manmaw Buga Hpung Ramma facebook)
ဧပြီလ ၂၉ ရက်နေ့တုန်းက ကချင်ပြည်နယ် စစ်ရှောင် camp များတွင် ဗန်းမော်လူငယ်အဖွဲ့မှ ဆေးဖြန်းစဉ် (ဓါတ်ပုံ - Manmaw Buga Hpung Ramma facebook)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါ ဒုက္ခသည်စခန်းတွေထဲ မဖြစ်ပွားရအောင် ကြိုတင် ကာကွယ်ဆောင်ရွက်နေတဲ့အခြေအနေနဲ့ ဒုက္ခသည်တွေထဲ ပိုးကူးစက်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အကြောင်း စုစည်းတင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်းကူးစက်မှုတွေ တကျော့ပြန်ဖြစ်လာတဲ့အချိန်မှာ လူအများအပြားစုပြုံနေထိုင်ရာ စစ်ပြေးစစ်ရှောင် စခန်းတွေ IDP စခန်းတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်မှုတွေဖြစ်လာမှာကို ဒုက္ခသည်တွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက စိုးရိမ်နေကြတာပါ။

ရောဂါပိုးကူးစက်ပြန့့်ပွားခြင်းမရှိအောင် ထိန်းချုပ်နေရတဲ့ အရေးကြီးအခြေအနေဖြစ်လာချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနဘက်က ဒုက္ခသည်စခန်းတွေထဲ လိုက်နာရန်လမ်းညွှန်ချက်တွေသြဂုတ်လ ၂၄ရက်နေ့က အရေးပေါ်ထုတ်ပြန်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ ကယ်ဆယ်ရေးစခန်းတွေမှာ ကိုဗစ်၁၉ ရောဂါကူးစက်မှုမဖြစ်စေရေး လိုက်နာရမယ့် လမ်းညွှန်ချက်များ ဆိုပြီး ထုတ်ထားပါတယ်။ ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ တာဝန်ရှိသူတွေ ဆောင်ရွက်ရန် အချက်ရယ်၊ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့သူတွေ လိုက်နာရန်အချက်ရယ် ကယ်ဆယ်ရေး စခန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ NGOတွေ ပြည်တွင်းပြည်ပအဖွဲ့အစည်းကလူတွေ လိုက်နာရန်အချက်ဆိုပြီး ၃ပိုင်းခွဲ ထုတ်ထားပါတယ်။ ဘာဖြစ်လို့ အဲလိုထုတ်ရသလဲဆိုရင် ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်သူတွေမှာ လူဦးရေ သိပ်သည်းစွာနေထိုင် ရတဲ့ပြဿနာရှိတဲ့အခါမှာ ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတယ်။ ကယ်ဆယ်ရေးစခန်းမှာ တာဝန်ရှိသူတွေ ဆောင်ရွက်ရမယ့်ကိစ္စကတော့ သံသယလူနာတွေကို ရှာဖွေထောက်လှမ်းနိုင်မှ ပိုးတွေ့လူနာတွေ့မှ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။”

လတ်တလောမှာတော့ နှစ်ရှည်နေထိုင်နေကြရတဲ့ ဒုက္ခသည်ကမ့်တွေထဲမှာ အပြင်လူဝင်ခွင့်မပြုသလို လူအဝင်အထွက်တွေကို စောင့်ကြည့်စာရင်းပြုစုပြီး ကိုဗစ်၁၉ မကူးစက်ရေး ကျန်းမာရေး လမ်းညွှန်ချက်တွေ ဆောင်ရွက်ပေးနေတယ်လို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်နယ်မြေထဲက Mai Na IDP ဒုက္ခသည်စခန်းက ကချင်လူငယ် Hpau Dut Lu Htoi ပြောပြပါတယ်။

“ ကျမတို့ camp ထဲမှာ အခုကျတော့ လက်ဆေးတာတွေကို ကမ့်အဝင်ဝပေါက်မှာ ဘေစင်တွေ လုပ်ထားတယ်။ လူတွေ အသွားအလာကို အပြင်ကလူတွေကို မဝင်ခိုင်းဘူး။ နောက် ကမ့်ထဲကသူတွေကို အသွားလာလုပ်တယ်ဆိုရင်လည်း စာရင်းတွေပေးပြီးမှ သွားခွင့်ပေးတယ် ပြန်လာရင်လည်း လက်ဆေးပြီး စာရင်းပြန်ပေးရတယ်။ အဲ့လိုမျိုးအခြေအနေတွေတော့ လုပ်နေတယ်။ နောက် ပွဲအစီအစဉ်တွေ မလုပ်ရဘူးပေါ့နော်။ အပြင်ကလူတွေကို လုံးဝမဝင်ခိုင်းဘူးပေါ့။ ကမ့်ထဲမှာအပြင်ထွက်ရင် Maskတွေတပ်ရမယ်ဆိုပြီးMaskတွေ ထားပေးထားတယ်။”

ပြည်တွင်းကူးစက်မှု အရေးပေါ်အခြေအနေဖြစ်နေလို့ အိမ်ထဲမှာပဲနေဖို့ အမိန့်ထုတ်ထားတဲ့ ရခိုင်ပြည်နယ် ဘက်မှာတော့ စစ်ရေးပဋိပက္ခတွေက အတော်လေး တင်းမာနေဆဲမို့နေအိမ်တွေကနေပြေးလာရတဲ့ ဒုက္ခသည်တွေက စစ်ဘေးရော ရောဂါဘေးရော ကြောက်လန့် စိုးရိမ်နေကြရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပြပါတယ်။

“ ကျမတို့ဘက်မှာက စိန်ခေါ်မှုတွေကတော့တိုက်ပွဲတွေလည်းဖြစ်နေတယ်။ ကိုဗစ်၁၉ ရောဂါကိုလည်း ရင်ဆိုင်နေရတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီစစ်ဘေးရှောင်တွေကို ကိုဗစ်၁၉ မကူးဖို့က တော်တော်လေးကို အရေးကြီးပါတယ်။ ကူးစက်မှုကနေ ကာကွယ်မှုတွေလုပ်နိုင်ဖို့ အချက်အလက်တွေကို သူတို့လုံးဝမသိရှိတာလည်းများနေပါတယ်။ ဆိုတော့ ဒီလို ကိုဗစ်၁၉ ရောဂါဖြစ်နေတဲ့ အချိန်မှာ ဒေသခံပြည်သူတွေအတွက်ရော နောက် တိုက်ပွဲရှောင်ပြည်သူတွေ အတွက်ရော လက်နက်ကြီးတွေကျနေတဲ့ ရန်ကလည်း ကာကွယ်လို့ရအောင် တိုက်ပွဲတွေဖြစ်နေတော့ တနေရာကနေ တနေရာကိုပြေးနေရတဲ့အခြေအနေမှာ ဒီလိုကိုဗစ် အချိန်အတောအတွင်းမှာတော့ တိုက်ပွဲတွေ ရပ်ပေးဖို့ လိုပါလိမ့်မယ်လို့ ကျမပြောချင်ပါတယ်။”

စစ်ရေးပဋိပက္ခတွေ ရှိနေဆဲ ရှမ်းပြည်ဘက်မှာတော့ ရောဂါပိုးကူးစက်မှုမပြန့်ပွားရအောင် ကာကွယ်ရေး လမ်းညွှန်ချက်တွေကို ရှမ်းပြည်သူတွေ အထူးသတိထား လိုက်နာပေးကြဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွှန့်လွင်က တိုက်တွန်းပါတယ်။

“ကျနော်တို့ထဲက လွှတ်တော်ကိုယ်စားလှယ်တယောက်ကတော့ IDP စခန်းတွေကို လိုက်စာရင်းကောက်နေတာရှိတယ်။ အရေးကြီးတာကတော့ရှမ်းပြည်နဲ့က ဝေးပင်ဝေးသော်လည်း ပြောလို့မရဘူး သူကမမြင်ရဘူးလေနော် အခုက ဒုတိယလှိုင်းလိုဖြစ်ပြီး ရခိုင်ဘက်နဲ့ ရန်ကုန်ဘက်ဆိုပေမဲ့ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့လိုတယ်။”

ဒုက္ခသည်စခန်းလို လူအစုလိုက်အပြုံလိုက်နေသူတွေကြား ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှုမဖြစ်အောင် အထူးသဖြင့် စခန်းတွေမှာနေမကောင်းဖျားနာ၊ သံသယလူနာတွေကို စုံစမ်းကုသ စစ်ဆေးပေးဖို့နဲ့ကျန်းမာရေးလမ်းညွှန်ချက်တွေကို တိုင်းရင်းဘာသာတွေနဲ့ပါ ထုတ်ပြန်နိုင်ဖို့ အစီအမံတွေဆောင်ရွက်ထားပါတယ်လို့ ဒေါက်တာခင်ခင်ကြီးကဆက်ပြောပါတယ်။

“ ရောဂါရှိသူကို ရှာဖွေတဲ့အခါမှာလည်း ဖျားတယ် ချောင်းဆိုးတယ် မောပန်းတယ်။ အနံ့အရသာမရဘူး ဒါတွေနဲ့ရှာရမယ်။နောက်တခုက ကျန်းမာရေး အသိပညာပေး နိုးဆော်ချက်တွေကို မြန်မာဘာသာရယ် သက်ဆိုင်ရာတိုင်းရင်းဘာသာတွေနဲ့ လက်ကိုင်အသံချဲ့စက်တွေနဲ့ တနေ့ ၅ကြိမ် သူတို့သိအောင် ပြောပေးရမယ်။ အဲ့လိုများများပြောမှ နားထဲဝင်မယ် အဲ့တာမှ ဘယ်လို ကူးစက်မှုကနေ ဘယ်လိုရှောင်လွဲရမယ်ဆိုတာသိမယ်။ နောက်ကယ်ဆယ်ရေးစခန်းတွေထဲ ရေအဆက်မပြတ်ရနိုင်ဖို့ လက်ဆေးဖို့ဆပ်ပြာတို့ ဘေစင်တို့ လက်သန့်ဆေးတို့ ထားပေးဖို့ အမှိုက်ကိုစနစ်တကျစွန့်ပစ်ဖို့နဲ့ ရိက္ခာဝေတဲ့အချိန်မှာ လူအုပ်စုတွေ မဖြစ်စေဖို့ စနစ်တကျ စီစဉ်ဆောင်ရွက်ဖို့၊နောက်တခုက စခန်းမှာနေတဲ့သူတွေအနေနဲ့ ကျန်းမာရေးပြဿနာဘာပဲဖြစ်ဖြစ် ကျန်းမာရေးဌာနကို ချက်ခြင်း အကြောင်းကြား ဆက်သွယ်ပေးရပါမယ်။ ကယ်ဆယ်ရေး စခန်းထဲကသူတိုင်းဟာ ကိုယ့်ကိုရောဂါမကူးဖို့ ကိုယ်ကနေ တဆင့်မကူးအောင်လည်း အထူးသတိထားရပါမယ်။ ခပ်ခွာခွာနေရပါမယ် လူစုလူဝေးအခမ်းအနားတွေ မလုပ်ရပါဘူး။အရေးကြီးဆုံးအချက်ကတော့ စခန်းတွင်းနေသူတွေဟာခွင့်ပြုချက်မရပဲ မိမိတို့သဘောဆန္ဒနဲ့ စခန်းပြင်ပကို ထွက်ခွာခြင်း တခြားနေရာတွေကိုသွားရောက်တာမျိုး လုံးဝ လုံးဝ မလုပ်ဖို့လိုပါတယ်။ ဒါကတော့ ကမ့်ထဲမှာနေသူတွေ အထူးလိုက်နာရမယ့်အချက်တွေဖြစ်ပါတယ်။”

ဒ့ါအပြင် ရခိုင်ပြည်နယ်တွင်း ကူးစက်မှုတွေထဲ ရခိုင်ဒုက္ခသည်စခန်းတွေဆီသွားရောက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတချို့မှာ ရောဂါကူးစက်မှုတွေလည်း ရှိခဲ့တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေကို ဝင်ထွက်နေတဲ့သူတွေဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်း ထုတ်ပြန်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ ကယ်ဆယ်ရေးစခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်နေတဲ့ NGO INGO တွေ လိုက်နာရမယ့်အချက်တွေက- လက်ရှိမှာလည်း သူတို့မှာလည်း ပိုးကူးစက်မှု တွေရှာဖွေတွေ့ရှိတာတွေရှိတဲ့အတွက်ကြောင့်တာဝန်ထမ်းဆောင်မယ့်သူတွေ အနေနဲ့ ရောဂါပိုးရှိ-မရှိစစ်ဆေးခံရမှာဖြစ်ပြီး နဂတစ်ဖြစ် ပိုးမရှိမှ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နေမကောင်းဖြစ်နေရင် ကမ့်တွေထဲကို လုံးဝ မသွားရပါဘူး။ဖျားနာတဲ့သူ ကိုဗစ်၁၉ သံသယလူနာ ရှိရင်လည်း ချက်ခြင်း ဆေးရုံကို လွှဲပြောင်းပေးပို့ကုသမှု ခံယူရန်စတဲ့ အချက်တွေဖြစ်ပါတယ်။ ဆောင်ရွက်မယ့်လူစာရင်းကို ကျန်းဦးစီးကိုပေးထားရမယ်။ လုပ်ငန်းသွားဆောင်ရွက်တဲ့အချိန်မှာ အဖွဲ့အစည်းရဲ့ သီးသန့်နေရာတွေမှာပဲ နေရမယ်။ဒီအချက်တွေဟာဆိုရင် ကယ်ဆယ်ရေးစခန်းတွေထဲ ကိုဗစ်၁၉ မဖြစ်ပွားရအောင် ထုတ်ပြန်ထားတဲ့ အချက်တွေဖြစ်ပါတယ်။”

မြန်မာနိုင်ငံတဝှမ်းလုံးအတိုင်းအတာနဲ့ ကိုဗစ်၁၉ ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူက သြဂုတ်လ ၂၅ရက်နေ့ ည (၈)နာရီခွဲအချိန် ပထမအသုတ်ထုတ်ပြန်ချက်အရ လူနာသစ် ၃၀ဦး ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင်တော့ ၅၀၄ဦးအထိရှိသွားပြီဖြစ်ပြီး သေဆုံးသူကတော့ ၆ဦးရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်


............

(Unicode)
















XS
SM
MD
LG