သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေက ကိုဗစ်ကူးစက်မှုဟာ ရခိုင်ပြဿနာမဟုတ်ဘဲ တနိုင်ငံလုံးကိစ္စဖြစ် (ဒေါ်အောင်ဆန်းစုကြည်)


မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဇူလိုင်လ ၂၈ ရက်တုန်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်(ဓါတ်ပုံ- Myanmar State Counsellor Office)
မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဇူလိုင်လ ၂၈ ရက်တုန်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်(ဓါတ်ပုံ- Myanmar State Counsellor Office)

(Zawgyi/Unicode)

ကူးစက်မြန် အဆုတ်ရောင် ရောဂါ COVID 19 စစ်တွေမြို့အတွင်း ပျံ့နှံ့ ကူးစက်နေတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်ကိစ္စသာ မဟုတ်ဘဲ ပြည်ထောင်စု တစ်ခုလုံး လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကိစ္စ ကို စိုးရိမ်စရာ ကိစ္စထက် ဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတစ်ခုလို သဘောထား ကြဖို့လိုတယ်လို့လည်း မနေ့ တနင်္လာနေ့ညက ရခိုင် ပြည်နယ်အတွင်း COVID 19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို အစီရင်ခံရာမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။ အခုကိစ္စကို ရခိုင်ပြည်နယ် အခြေအနေကြောင့် မျက်နှာငယ်ရတဲ့ မြန်မာလူထုအနေနဲ့ အခွင့်အရေးတစ်ခုအဖြစ် မြင်ဖို့လိုတယ်လို့လည်း ပြော ပါတယ်။

"ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကိုးကွယ်တဲ့ ဘာသာအရ၊ လူမျိုးအရ ကွဲခြားမှုတွေရှိတယ်။ ဒီ ကွဲခြားမှုတွေကနေပြီးတော့ အကြမ်းဖက်မှုတွေ အထိ ရောက်သွားတယ်။ ဒီ အကြမ်းဖက်မှုတွေကနေ မတည်ငြိမ်မှုတွေဖြစ်ပြီးတော့ ကျွန်မတို့ တစ်နိုင်ငံလုံး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒါတွေကို ကျွန်မတို့ ပြုပြင်နိုင်ဖို့ ဒီဟာတွေကို ပြန်ပြီး ပြန်လှန် နိုင်ဖို့ အခွင့်အရေးတစ်ခုရတယ် လို့ ကျွန်မတို့ ပြည်သူပြည်သားတွေကို မြင်စေချင်ပါတယ်။ ဒီကိစ္စကို စိုးရိမ်မှုထက် သန္နိဋ္ဌာန်ခိုင်မာမှုနဲ့ တုန့်ပြန်ဖို့ လိုပါတယ်။"

ဩဂုတ်လ ၁၆ရက်က စတင်ပြီး စစ်တွေမြို့ထဲCOVID 19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာတဲ့အပေါ် လူထုအကြား စိုးရိမ် ပူပန်မှု တွေ ထွက်ပေါ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည့်က အခုလို COVID 19 နောက်ဆုံး အခြေအနေကို အခုလို တိုင်းပြည်ကို အစီရင်ခံ တာ ဖြစ်ပါတယ်။

စစ်တွေမြို့ထဲ ရောဂါကူးစက် ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ ပိတ်ပင်တာဟာ ရောဂါ ကာကွယ်ရေးအတွက် ဖြစ်ကြောင်း၊ သီးခြား ခွဲခြား ထားတဲ့ အစီအစဉ်တွေမှာ အကူအညီပေးဖို့ စေတနာ့ ဝန်ထမ်း အဖွဲ့တစ်ဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်နေပြီ ဖြစ်သလို နောက်ထပ် အဖွဲ့တွေ သွားဖို့လည်း တိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဩဂုတ်လ ၁၆ နောက်ပိုင်း စစ်တွေကနေ ရန်ကုန်နဲ့တစ်ခြားဒေသတွေကို ခရီးသွားခဲ့ကြသူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ပြီး ရောဂါစစ်ဆေးဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။

အခုကိစ္စကို တုန့်ပြန်ရမယ်ကိစ္စက အသစ်အဆန်းမဟုတ်ဘဲ နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာနဲ့ အိမ်မှာ နေတာလို ရောဂါ ကြိုတင် ကာကွယ်ရေး အခြေခံ စည်းမျဉ်းတွေကို လိုက်နာရုံသာ ရှိတယ်လို့လည်း ပြောပါတယ်။

အခု ဖြစ်ပွားမှုဟာ မြန်မာနိုင်ငံအတွင်း COVID 19 ဒုတိယလှိုင်းလို့ သူ့အနေနဲ့ မယူဆကြောင်းနဲ့ စစ်တွေမြို့တွင်းမှာ ဖြစ်ပွားမှုကနေ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ဒုတိယလှိုင်းမဖြစ်ဖို့အရေး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID 19 ကူးစက်သူ နောက်ထပ် ၁၁ ဦးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲ ၉ ယောက်ဟာ ရခိုင်ပြည်နယ်က ဖြစ်သလို၊ ရန်ကုန်မှာတွေ့ရှိတဲ့ တစ်ယောက်က လည်း ရခိုင်ပြည်နယ်ကို ခရီးသွားခဲ့ သူ ဖြစ်ပြီး မွန်ပြည်နယ်က တစ်ယောက်ကတော့ ပြည်ပ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့က ၂၁-၈-၂၀၂၀ ရက်အထိ (၅) ရက်တာ ကာလထဲ ရခိုင်ပြည်နယ်မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်အတွင်း ဓါတ်ခွဲအတည်ပြုလူနာ ၂၂ ရက်နေ့မှာ ၂၂ ဦး၊ ၂၃ ရက်နေ့မှာ ၈ ဦးနဲ့ ၂၄ ရက်နေ့မှ ၂၂ ဦးရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကိ ကြေညာခဲ့ပါတယ်။ တနင်္လာနေ့အထိ အစိုးရကထုတ်ပြန်ထား တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၄၇၄ ဦး ရှိသွားပြီဖြစ်ပြီး၊ ကုသမှုခံယူပြီး ပျောက်ကင်းလာသူက ၃၄၁ ဦးနဲ့ သေဆုံး ၆ ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)










XS
SM
MD
LG