သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူမှာ တနှစ်ကြာအဖမ်းခံနေရတဲ့ မြန်မာ ၅၀ လွှတ်ဖို့ တောင်းဆို


အိန္ဒိယ မြန်မာနယ်စပ် မဏိပူပြည်နယ်၊ မိုးရေးမြို့။
အိန္ဒိယ မြန်မာနယ်စပ် မဏိပူပြည်နယ်၊ မိုးရေးမြို့။

မြန်မာစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၅၀ ကျော်ဟာ မဏိပူရပြည်နယ်ထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်နီးပါး ရှိတော့မှာပါ။ ဒါ့ကြောင့် လူသားချင်း စာနာထောက်ထားပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဒုက္ခသည်ရေးရာ ကော်မတီနဲ့မိသားစုဝင်တွေဘက်က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနယ်စပ်ဖြတ်ကျော် ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားအယောက် ၈၀ ကျော်ကို မဏိပူရပြည်နယ်၊ မိုးရေးမြို့အနီးကကျေးရွာတွေမှာ ဒီနှစ်နှစ်ဆန်းပိုင်းတုန်းက ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဒီလူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခဲ့ပေမယ့် အသက်မပြည့်တဲ့ ကလေး ၉ ယောက် အပါအဝင် လူ ၂၈ ယောက်ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန် အယောက် ၅၀ ကျော်ကတော့ ခုချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ကျန်နေတဲ့သူတွေဟာ အင်ဖာမြို့က ထိန်းသိမ်းရေး အချုပ်ထောင်မှာ ဆက်လက် ထိန်းသိမ်းခံနေရပါတယ်။ ဒီလူတွေနဲ့ကျန်ရစ်တဲ့မိသားစုအခြေအနေတွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူတဦးရဲ့ ဇနီးဖြစ်သူက ခုလိုပြောပြပါတယ်။

"အဆက်သွယ်ကတော့လုပ်ရတယ်။ ရတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကတော့နှာစေးချောင်းဆိုးနဲ့ နေထိုင်မကောင်းတာများတယ်။ တနေ့ကတော့ရှေ့နေလာတယ်။ ရှေ့နေက ပိုက်ဆံမပေးရသေးသူတွေ ပိုက်ဆံပေးဖို့။ နောက်ထပ်လည်း ပိုက်ဆံတောင်းမယ်လို့ ဘယ်လောက်ထပ်ပေးရမလဲမသိဘူး။ ကျမတို့ပိုက်ဆံနဲ့ပဲ လိုက်ရတာ။ ကျမတို့စောစောကဆိုရင် တသိန်း၊ တသိန်းနှစ်သောင်းဦ ရှစ်သောင်း၊ကိုးသောင်း အဲလို ပေးရတယ်။ အိန္ဒိယ ရူပီးငွေရှင့်။ ဗမာငွေနဲ့ဆိုရင် သိန်း ၃၀၊ ၄၀ ရှိတယ်။ အဲဒါ မရှိတဲ့ကြားကပေးရတာ။ တောင်းဆိုချင်တယ်။ ပြောချင်တယ်။ ဖမ်းဆီးခံမိသားစုတွေ တော်တော်ဒုက္ခရောက်နေကြတယ်။ စားဝတ်နေရေးရော စိတ်သောကကော။ နေရတာလည်း သူများနိုင်ငံနေရတာလေ။ လုံခြုံမှုကမရှိသလောက်ပဲ။ လဝကအမှုဆိုရင်တောင် ၆ လနဲ့ပြီးပြီလေ။ သူတို့က မလွှတ်သေးဘူး။ ၈ လကနေ ၉ လထဲတောင် ရောက်နေပြီ။ ကျမထင်တာကတော့ကျမတို့ကို သက်သက် ငွေညှစ်နေတယ် ထင်နေတော့တာပါပဲ။"

မြန်မာနိုင်ငံသားတွေကို အရင်က နယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင် စစ်ဆေးတာတွေလုပ်နေပေမယ့် မေလဆန်းကဖြစ်ပွားခဲ့တဲ့ ကသည်းနဲ့ကူကီးလူမျိုးစုတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း မဏိပူရပြည်နယ်မှာ အစိုးရလုပ်ငန်းယန္တရားတွေလည်း ရပ်ဆိုင်းသွားခဲ့တာကြောင့်လည်း ကြန့်ကြာမှုတွေ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံ ဒုက္ခသည်များကော်မတီ (ကဘော်ဒေသ) နာယကလည်းဖြစ်၊ တမူးဒေသရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထန်းဆေးက ပြောပါတယ်။

မြန်မာပြည်တွင်း အကျပ်အတည်းတွေကြောင့် အိန္ဒိယနိုင်ငံကို ခိုလှုံလာသူတွေ အပေါ် လူသားချင်း စာနာထောက်ထားပြီး ပြန်လည်လွှတ်ပေးစေချင်တယ်လို့လည်း သူကပြောပါတယ်။

"ဇန်နဝါရီ ၂၇ ရက်နေ့ကဖမ်းထားတာဆိုရင် ခုဆို ၅၅ ဦး ကျန်သေးတယ်။ ဖမ်းခံရသူကော၊ ကျန်တဲ့မိသားစုဝင်တွေကော အခက်အခဲ ပြဿနာတွေအများကြီးရှိတယ်။ ဘာအပြစ်မှကျူးလွန်တာ မရှိဘူး။ ဘာပုဒ်မမှ ပြစ်မှားတာမရှိဘူး။ ဖမ်းဆီးချိန်တုန်းကတော့ နယ်စပ်ကျေးရွာတွေမှာနေတဲ့အချိန် တရွာ တရွာသူကြီးတွေရဲ့ နယ်မြေအငြင်းပွားမှုကြောင့်မလို့ အပြန်အလှန်တိုင်ကြရင်း ကျနော်တို့စစ်ဘေးရှောင်တွေက ကြားထဲက ဓါးစာခံမြေစာပင်လို အဖမ်းခံရတဲ့အခြေအနေမျိုးဖြစ်တယ်။ ဒီဘက်ဒေသ ပြဿနာဖြစ်တဲ့အခါကျတော့ တရားရုံးတွေလည်း ပိတ်သွားတယ်။ ရုံးလုပ်ငန်းတွေပါ ရပ်သွားတယ်။ ခု လောလောဆယ် ၈ လ ကျော်လာပြီဖြစ်တဲ့အခါကျတော့ ဒီဟာကို လူသားချင်းစာနာမှုနဲ့ ပြန်ပြီးတော့ လွှတ်ပေးစေချင်တဲ့ ဆန္ဒရှိတယ်။"

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုလည်း တင်ပြထားပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ဖို့လည်း ဒုက္ခသည်တွေဘက်ကမျှော်လင့်နေကြပါတယ်။ ဖမ်းဆီးခံထားရသူတွေကို မြန်မာနိုင်ငံဘက် လွှဲပြောင်းမှာကိုလည်း ဒုက္ခသည်တွေဘက်က စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ မေလလောက်ကဖြစ်ခဲ့တဲ့ ကသည်းနဲ့ ကူကီးလူမျိုးစု အဓိကရုဏ်းမှာ လူ ၁၀၀ ဝန်းကျင် သေဆုံးပြီး ၄၀၀ ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပဋိပက္ခအတွင်း မိုးရေးမြို့က ကသည်းလူမျိုးအချို့လည်း မြန်မာနိုင်ငံဘက်ကို တိမ်းရှောင်ခိုလှုံရတာတွေ ရှိခဲ့ပါတယ်။ ဒီလူမျိုးရေး ပဋိပက္ခတွေကြောင့် လူငါးသောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ ရတာရှိခဲ့ပါတယ်။ ဒီပြဿနာတွေအပြီးမှာတော့ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းပြီး နယ်စပ်တလျှောက် မိုင် ၃၇ ကျော် အရှည်ရှိတဲ့ ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်မှု တွေလုပ်မယ်လို့ မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြောဆိုထားပေမယ့် ခုချိန် ထိတော့ ဒီလုပ်ငန်းစဉ်မစနိုင်သေးဘူးလို့ ဒေသခံတွေဘက်ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း မြန်မာဘက်ကနေ ထွက်ပြေးခိုလှုံလာသူ အများစုဟာ မီဇိုရမ်၊ မဏိပူနဲ့ နာဂလန်း ဒေသတွေမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည် ၄ သောင်း၊ မဏိပူရ ပြည်နယ်မှာ ၅ ထောင်ကျော်နဲ့ နယူးဒေလီမှာ ၂ ထောင်ကျော်လောက် ရှိမယ်လို့ ဒုက္ခသည်အရေး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG