သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးရသူတွေရဲ့ ရုပ်အလောင်း စစ်ကောင်စီတပ် သယ်ယူပုံ လူ့အခွင့်အရေးသမားတချို့ဝေဖန် 


ဓါတ်ပုံ-AP
ဓါတ်ပုံ-AP

(Zawgyi/Unicode)

စစ်အာဏာသိမ်း ဆန့်ကျင်သူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဆပ်စပ် သေဆုံးရသူ ရာချီ ရှိနေပြီး ဒီထဲက သေဆုံးသူ တချို့ရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်တပ်နဲ့ ရဲက နေ့ခင်း လူမြင်ကွင်းမှာ ယူဆောင်သွားခဲ့ကြတာပါ။ ဒီလုပ်ရပ်ဟာဆိုရင် လူထုကြား ထိတ်လန့်ကြောက်ရွံ့စေရေး အတွက် အသုံးချနေတာလို့ AP နဲ့ ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုဆိုင်ရာ စင်တာ HRC တို့ရဲ့ သုံးသပ်ချက်က ဖော်ပြထားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

AP သတင်းဌာနနဲ့ ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုဆိုင်ရာ စင်တာ HRC တို့က တွစ်တာမှာ ရေးသား ဖော်ပြချက် ၂၀၀၀ ကျော်နဲ့ အွန်လိုင်းပေါ်က ရုပ်ပုံတွေကို အခြေခံ လေ့လာခဲ့တာ ဖြစ်ပြီး ဒေသဆိုင်ရာ မီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ နောက် မိသားစုဝင်တွေ၊ မျက်မြင်တွေ့သူတွေကိုပါ မေးမြန်းခဲ့တာပါ။

Devon Lum က ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ် HRC က ဖြစ်ပါတယ်။

" လူတွေ အများကြီးက တွစ်တာမှာ ပြန်ပြီး ရေးကြတယ်နောက် ပြန်ပြီး တင်ကြတော့ အကြောင်းအရာကို စိစစ်ရတဲ့ နေရာမှာ သိပ်ပြီး ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဗွီဒီယိုကို ဘယ်အချိန်က တင်သလဲ၊ ဘယ်သူက တင်သလဲ ဆိုတာကို မူတည်ပြီး ဗွီဒီယိုပါ အကြောင်းအရာကို ပြောကြဆိုကြတာမှာလည်း အမျိုးမျိုး ဖြစ်နေလို့ပါ။"

အရပ်သား လူထု အတွင်း ကြောက်ရွံ့ ထိတ်လန့်ပြီး သံသယပွားစေရေး အတွက် လုံခြုံရေး တပ်ဖွဲ့တွေက သေဆုံးသူ ရုပ်အလောင်းတွေကို အသုံးချခဲ့တယ်လို့ ယူဆရတဲ့ အဖြစ်အပျက် ၁၃၀ ကျော်လောက် ရှိကြောင်း AP နဲ့ HRC Lab တို့က ဖော်ထုတ်ခဲ့ပါတယ်။

လေ့လာသုံးသပ်ခဲ့တဲ့ ဖြစ်ရပ်တွေထဲက သုံးပုံ နှစ်ပုံကျော်ကို အတည်ပြုနိုင်တာမျိုး ရှိသလို တချို့ကတော့ အတိုင်းအတာ တခု အထိ စိတ်ချ ယုံကြည်ရတယ်လို့လည်း ဖော်ပြပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး AP သတင်းအေဂျင်စီဘက်က စာပေးပို့ မေးမြန်းမှုကို အကြောင်းမပြန်ပါဘူး။ မိသားစု ခွင့်ပြုချက် မရှိဘဲ သေဆုံးသူတွေကို ရင်ခွဲ စစ်ဆေးခဲ့ပါတယ်။ ရင်ခွဲ စစ်ဆေးချက် တွေမှာလည်း လက်တွေ့ မြင်တွေ့ရတဲ့ အခြေအနေတွေ၊ မှတ်တမ်းတွေနဲ့ ကွဲလွဲနေပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က Richard Dicker က အခုလို ပြောပါတယ်။

"ပုံမှန်အားဖြင့် လူမသိ သူမသိ ညပိုင်း အမှောင်ရိပ်မှာ လုပ်လေ့ ရှိတဲ့ ဒီလို လုပ်ရပ်မျိုးကို လူမြင်ကွင်း လမ်းပေါ်မှာ လုပ်နေတာဟာ အသစ်အဆန်း ဖြစ်ပါတယ်။

လူတွေကြား စိုးရိမ်ကြောင့်ကြမှုတွေ၊ မရေရာမှုတွေနဲ့ ထိတ်လန့်တုန်လှုပ်အောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။"

"ဒီရာဇဝတ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ်ဆိုရင် ဒီလူတွေကို လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှု အရ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ပါတယ်။"

HRC Lab ရဲ့ တည်နေရာ သုံးသပ်ချက် အရ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ဒဏ်ရာ ရသူတွေနဲ့ သေဆုံးသူ ရုပ်အလောင်းတွေ လုယူမှုတွေရဲ့ ၄ ပုံ တပုံကျော်က ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမှာ ဖြစ်ခဲ့တာပါ။ တပ်မတော်နေ့ ကျင်းပခဲ့တဲ့ မတ်လ ၂၇ ရက်နေမှာ ဒီအဖြစ်အပျက်တွေ အများဆုံး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။

အဲဒီနေ့မှာ သူငယ်ချင်း ၂ ယောက်နဲ့ ဆိုင်ကယ်စီးလာတဲ့ ကိုကျော်မင်းလတ် လည်း ပစ်သတ်ခံရပါတယ်။ သူက ဆန္ဒပြပွဲတွေမှာ ပါဝင်သူ မဟုတ်ဘဲ အလုပ်ကနေ အိမ်ပြန်လာတာလို့ မိသားစုက AP ကို ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက သူ့ကို ပစ်ခတ်တာကို CCTV ကင်မရာနဲ့ ရိုက်ယူထားမှုမှာ တွေ့ရပါတယ်။ HRC Lab က ဂြိုဟ်တု ရုပ်ပုံတွေကို အသုံးပြုပြီး အဖြစ်အပျက်ကို ပြန်လည် တွက်ချက် သုံးသပ်တာမှာ ထားဝယ်မြို့ အာဇာနည်လမ်းက အထက်တန်းကျောင်းရှေ့မှာ မနက် ၁၀ နာရီ ၃၈ မိနစ်မှာ ဖြစ်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

" ဒီ ဗွီဒီယိုတွေထဲမှာ တွေ့ရတဲ့ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ မြေမျက်နှာ သွင်ပြင်ကို တွေ့တဲ့ အထိ အထက်တန်းကျောင်းတွေရဲ့ ပတ်ဝန်းကျင်တွေကို ဂြိုဟ်တု ဓာတ်ပုံတွေ၊ Google Earth Pro နဲ့ Google မြေပုံ တွေကို စပြီး သုံးခဲ့တာပါ။"

လုံခြုံရေး တပ်ဖွဲ့တွေက ကိုကျော်မင်းလတ်ကို ပစ်သတ်ပြီး သူ့ရဲ့ အလောင်းကို ဆွဲယူသွားတာပါ။ အဲဒီ အဖြစ်အပျက် အပြီး ၁၆ မိနစ် အကြာမှာ လဲနေတဲ့ မော်တော်ဆိုင်ကယ် အနီးကနေ ကိုကျော်မင်းလတ်ရဲ့ ရုပ်အလောင်းကို သယ်ဖို့ လုပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဓာတ်ပုံကို ဖြတ်သွားသူ တဦးက လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။ နောက် ၂ နာရီ အတွင်းမှာဘဲ CCTV က ရိုက်ယူထားတဲ့ ဗွီဒီယိုကို လူမှုကွန်ရက်မှာ အတော်ပျံ့နှံ့နေပါပြီ။

စစ်ကောင်စီက ထုတ်တဲ့ ရင်ခွဲ စစ်ဆေးချက်မှာတော့ ကိုကျော်မင်းလတ်ဟာ ဆိုင်ကယ်မှောက်ပြီး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးကြောင်း ဖော်ပြထားတာပါ။ သေဆုံးသူတွေကို ကောင်းကောင်းမွန်မွန် သဂြိုဟ်လို့ မရမယ့် အရေး စိုးရိမ်စိတ်နဲ့ တချို့ မိသားစုဝင်တွေကလည်း လုံခြုံရေး တပ်ဖွဲ့တွေ အလောင်း လာမယူခင်မှာ အမြန် သဂြိုဟ်ကြပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုက အသက် ၁၃ နှစ် အရွယ် ကိုထူးမြတ်ဝင်းဟာ အိမ်ထဲမှာ နေရင်း ရင်ဘက် ကျည်ထိပြီး သေဆုံးခဲ့ရမှုမှာ ဆိုရင် မိသားစုက သူ့ရဲ့ ရုပ်အလောင်းကို လုံခြုံရေး အဖွဲ့တွေ လာမယူနိုင်အောင် သိုဝှက်ထားပြီး နောက်နေ့မှ မီးသဂြိုဟ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)



Devon Lum က ကယျလီဖိုးနီးယား ဘာကလေ တက်ကသိုလျ HRC က ဖွဈပါတယျ။














XS
SM
MD
LG