သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံတွေ ဥပဒေအရ အကာအကွယ် ရယူခွင့် အတားအဆီးရှိ ( တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး) 


မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြသူများကို ရဲက ဖမ်းဆီးစဉ်
မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြသူများကို ရဲက ဖမ်းဆီးစဉ်

(Zawgyi/Unicode)

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေအနေနဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရအပြီး၊ တရားရုံးကိစ္စတွေအပါအဝင် အခက်အခဲမျိုးစုံကြုံနေရတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။

တရားရုံးချိန်းနေရာ ကြိုမသိရတာ၊ ရှေ့နေအာဏာ (Power) လွှဲ လက်မှတ်အချိန်မီ မရတာတွေအပြင်၊ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုတွေ သတင်းမသိရတာနဲ့ တွေ့ခွင့်မရတာတွေကြောင့်၊ စိုးရိမ်ပူပန်မူတွေ ပိုတိုးလာနေတယ်လို့၊ ‘သင့်အတွက်ရှေ့နေများ’အဖွဲ့ဝင်က ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

‘သင့်အတွက်ရှေ့နေများ’အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက အဓိကအခက်အခဲကို အခုလို စရှင်းပြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး။ ။ အခုအချိန်မှာ ပုဒ်မ ၅၀၅ (က)လှုံ့ဆော်မှု ဆိုတဲ့နေရာမှာတော့ သူကတော့ အစိုးရ Government Employee ဒါမှမဟုတ် အစိုးရဝန်ထမ်းကဲ့သို့ လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို နှောင့်ယှက်တဲ့သူတို့ ၊ နှောင့်ယှက်အောင် လှုံ့ဆော်တဲ့သူတို့ ဒီ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီကနေပြီးတော့မှ အသစ်ပြင်ဆင်ပြီးတော့မှ ထည့်သွင်း ပြဌာန်းလိုက်တဲ့ ပုဒ်မပေ့ါနော်။ အဓိက ဖြစ်နေတဲ့ ပြဿနာက ပုဒ်မ ၅၀၅ (က)ကို အမှုစစ်ဆေးမယ့် ပုံစံပေါ့နော်၊ ရှုပ်ထွေးနေတယ် ဥပမာဆိုကြပါဆို့ ဘယ်တရားရုံးမှာ ရုံးထုတ်မှာလဲ ၊ အင်းစိန်အကျဉ်းထောင်ထဲက ယာယီထုတ်မှာလား။ ဒါမှ မဟုတ် နဂို သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ တရားရုံးမှာ ရုံးထုတ်မှာလား ပိုပြီးရှုပ်ထွေးတယ် အဲဒါ ကျမတို့မှာ တော်တော် ဒုက္ခရောက်ရပါတယ်။

ကိုဝင်းမင်း။ ။ နောက် အဓိက ပြဿနာရော

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး။ ။ ရှေ့နေ ကိုယ်စားလှယ် လွှဲစာပေါ့နော် ၊ ကျမတို့က တင်ထားတယ်။ ဒါပေမယ့် အချိန်မီ မရဘူး ကျမတို့ အကျဉ်းထောင်ထဲ ဝင်မယ်ဆိုရင် ၁ မှုကို ရှေ့နေ တစ်ယောက်ကပဲ ဝင်လို့ရတယ်တဲ့။ ဒါပေမယ့် Power လက်မှတ်ပေါ့နော် အဲဒါပြနိုင်မှ ဝင်လို့ရမယ်လို့ ပြောတဲ့အခါကျတော့ ကျမတို့ ရှေ့နေတော်တော်များများက တော်တော်အခက်အခဲတွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့နေ Power ကလည်း ကျမတို့ လက်ထဲမှာလည်း အလျှင်မရောက်ဘူး ၊ နောက်ပြီးတော့ ၁ မှုကို ၁ ယောက်ပဲ လိုက်ပါဆောင်ရွက်ရမယ်ပြောတဲ့အခါ ဘယ်တရားရုံးတွေက အင်းစိန်အကျဉ်းထောင်ထဲ ရှိနေသလဲဆိုတာကျမတို့ ကြိုမသိရဘူး ။ အဲဒီမှာ တော်တော်တော့ ဗျာများရတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ဆုံး အဓိက ပြဿနာရော။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး။ ။ ဒီသက်ဆိုင်ရာ တရားရုံးတွေမှာ ရုံးထုတ်တယ်ဆိုရင် အမှုသည်ရဲ့ ပတ်သက်တဲ့ မိသားစု ဝင်တွေက အရင်တုန်းကဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ တွေ့ခွင့်ရှိတယ်လေ၊ ရုံးမထုတ်ခင်ခဏ ၊ ရုံးထုတ်ပြီး ခဏ ၊ ဘာပဲပြောပြော အနည်းဆုံး ၃၀ မိနစ်လောက် တွေ့လို့ရတယ်ပေါ့နော်။ အခုကကျတော့ အင်းစိန်အကျဉ်းထောင်မှာ သူတို့ ဝင်ခွင့်မရှိတဲ့အခါမှာ မိသားစုဝင်တွေက တွေ့ခွင့်မရဘူး။ ကျမတို့ ရှေ့နေကျပြန်တော့လည်း ဘယ်ရုံးမှာမှ ဘာတွေထုတ်နေသလဲဆိုတာ ကျမတို့ မသိရတော့ဘူးလေ။ အဲဒီအခါမှာ အမှုသည်ပေါ့နော်၊ အထူးသဖြင့် ဖမ်းဆီးခံရတဲ့ သူတွေက ဘာဖြစ်လာသလဲဆိုတော့.. ငါတို့မှာ ရှေ့နေမရှိဘူးလား ၊ ငါတို့ရှေ့နေတွေ ဘယ်မှာလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ သူတို့မှာရှိတယ်။ ဒါပေမယ့် တခုကောင်းတာကတော့ ကျမတို့ ရှေ့နေအချင်းချင်း တွေ့ပြီဆိုတာနဲ့ မစိုးရိမ်နဲ့ နင့်ရှေ့နေက တခြားတရားခွင်မှာ ရှိနေတယ်၊ ဖုန်းဆက်ပေးမယ်၊ ဆိုတဲ့ အဲဒါမျိုးလေးတွေကတော့ အချင်းချင်း ညှိပြီးတော့ ကျမတို့ လုပ်ရတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီလိုအခက်အခဲတွေကြောင့် ဘယ်လိုမျိုး သက်ရောက်မှုမျိုး အဓိက ကြုံလာရမလဲ။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး။ ။ ဒီနေ့ဆိုရင် တောင်ဒဂုံမြို့နယ် တရားရုံးက အင်းစိန်အကျဉ်းထောင်ထဲမှာ ရှိတယ်လို့ ပြောလို့ ကျမတို့လည်း ချက်ချင်း အင်းစိန်အကျဉ်းထောင်ထဲဝင်တယ်။ ဝင်တယ်ဆိုပေမယ့် တရားခွင်ကို ကျမတို့ ရှာမတွေ့ဘူး၊ မရှိဘူး။ မင်္ဂလာတောင်ညွှန့်ဆိုရင်လည်း မတွေ့ရဘူး။ ပြီးတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကျောက်တံတား အဲဒါတွေ မတွေ့ခဲ့ရဘူး။ နောက်ပြီး ရုံးချိန်းက ချိန်းပြီးသွားပြီဆိုတော့ မိသားစုဝင်တွေက ကျမတို့ အင်းစိန်ထောင်ကနေ ထွက်ပြီဆိုရင် ကျမတို့ အမှုသည်တွေက ဖုန်း တောက်လျှောက် ကျမတို့ကို ဆက်ပြီ၊ ဆရာမ ကျမ ယောင်္ကျားနဲ့ တွေ့ခဲ့လား၊ ကျမ သားနဲ့ တွေ့ခဲ့လားဆိုပြီးတော့လေ ။ အဲဒီအရာတွေက တော်တော်ခက်ခဲတာ။ အခက်အခဲအများဆုံးကတော့ အမှုသည်တွေရဲ့ စိုးရိမ်ပူပန်မှုကို ပိုပြီးတော့ မြင့်တက်စေတာ ။ ရှေ့နေနဲ့ အမှုသည် မတွေ့ရဘူးဆိုရင် သူတို့ ပူရင် ကျမတို့လည်း ပူရတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ မိသားစုရဲ့ အဓိက စိုးရိမ်မှုကိုရော ဘာတွေ့ခဲ့ရသလဲ။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး။ ။ အကုန်စိုးရိမ်တယ် အစိုးရိမ်ဆုံးကတော့ အင်းစိန်အကျဉ်းထောင်ထဲမှာ မရောက်နေဘူးဆိုရင် သူတို့ ပိုပြီးတော့ စိုးရိမ်တယ်။ ဗျာများနေတာကို ကျမတို့လည်း ဗျာများတယ် ၊ လူမတွေ့ရရင် ပြဿနာ။ နံပတ် ၂ ကျတော့ လူတွေ့ပြီဆိုရင် ကျန်းမာရေးပြဿနာကို သူတို့ စိုးရိမ်တယ်။ ဒဏ်ရာတွေနဲ့ ပါသွားပြီဆိုရင် အလောင်းပြန်ရမှာ၊ မရဘူးလားဆိုတာနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ်တယ်။ အကောင်းဆုံးကတော့ ဒီလိုမျိုး တရားလက်လွှတ်ဖမ်းဆီးတာမဖြစ်ဘူးဆိုရင် အကောင်းဆုံးပဲ နံပတ် ၁။ တကယ်လို့ တရားလက်လွှတ်ဖမ်းဆီးတာ ဆက်လက်ပြီးရှိနေတယ်ဆိုရင်တောင်မှ ဥပဒေပါ ပေးအပ်ထားတဲ့ အခွင့်အရေးပေါ့နော် အကျဉ်းထောင် အက်ဥပဒေအရသော်လည်းကောင်း ၊ တရားရုံးရဲ့ ပေးအပ်ထားတဲ့ အခွင့်အရေးအရသော်လည်းကောင်း ပြီးတော့ ရာဇဝတ် ကျင့်ထုံး ဥပဒေဆိုင်ရာ ပေးအပ်ထားတဲ့ အခွင့်အရေးအရသော်လည်းကောင်း မိသားစုဝင်တွေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ တွေ့ပေးမယ်ဆိုရင် စိုးရိမ်မှုတွေက အများကြီး လျှော့သွားမှာ ဖြစ်တယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG