သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ပုံတင်အခက်အခဲကြောင့် ဟိန္ဒူနဲ့ မွတ်စလင်တချို့ မဲပေးခွင့် မရေရာ


မဲဆန္ဒရှင်စာရင်း ကြည့်ရှုနေတဲ့ ရန်ကုန်ဒေသခံတဦး။ (၂၅ ဇူလိုင်၊ ၂၀၂၀)
မဲဆန္ဒရှင်စာရင်း ကြည့်ရှုနေတဲ့ ရန်ကုန်ဒေသခံတဦး။ (၂၅ ဇူလိုင်၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံက တချို့သော မွတ်စလင်တွေနဲ့ ဟိန္ဒူတွေဟာ မှတ်ပုံတင်တခု လက်ဝယ်ပိုင်ဆိုင်ခွင့်ရဖို့ ကိစ္စမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ မြင်ကြပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးချင်ပေမယ့် မှတ်ပုံတင်မရှိလို့ အခက်ကြုံနေရတာကို ညည်းတွားပြောဆိုကြတဲ့အကြောင်း AFP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

အရွယ်ရောက်သူ လူငယ် သန်းနဲ့ချီရှိတဲ့ မြန်မာနိုင်ငံမှာ မိတ္ထီလာမြို့က အစ္စလာမ်ဘာသာဝင် မမေသန္တာမောင်လည်း ပါဝင်ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရဖို့ ရင်ခုန်နေခဲ့သူပါ။ သူ့အသက် ၁၈ နှစ် ပြည့်နေပြီဖြစ်ပေမယ့် မှတ်ပုံတင်သွားလုပ်တော့လည်း ခုထိ မှတ်ပုံတင် ထုတ်မပေးတာကြောင့် ဒီရွေးကောက်ပွဲမှာ မဲပေးခွင့် မရတော့မှာကို စိုးရိမ်နေပါတယ်။

မိတ္ထီလာမြို့ဟာ ၂၀၁၃ ခုနှစ်တုန်းက ဘာသာရေး အဓိကရုဏ်းနဲ့ အကြမ်းဖက်မှု၊ မငြိမ်မသက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။

သက်တူရွယ်တူ ဗုဒ္ဓဘာသာဝင် လူငယ်တွေ မှတ်ပုံတင် အလွယ်တကူ ရနေချိန်မှာ ဘာသာခြားဖြစ်တဲ့ သူ့ကို မြို့နယ် လဝက အရာရှိတွေက တနှစ်ကြာလာတဲ့အထိ မှတ်ပုံတင် ထုတ်မပေးတာက ခွဲခြားဆက်ဆံသလို ခံစားရကြောင်း ပြောပါတယ်။

"မှတ်ပုံတင် ရချင်ပါတယ်။ ရွယ်တူချင်းမှာ သူများလည်း ရတယ်ဆိုတော့ ကိုယ်လည်း ရချင်တာပေါ့။ သူ့မှာရှိရင် ကိုယ့်မှာလည်း ရှိချင်တာပေါ့။ ကျောင်းမှာဆိုလည်း ဒီကျောင်းတခုတည်းမှာပဲလေ ဟုတ်တယ်မဟုတ်လား။ အကုန်လုံးကို လုပ်ပေးတယ်ဆိုရင် ဘာသာခြားတွေ ဘာတွေ ခွဲခြားစရာမှ မလိုတာ၊ လုပ်ပေးမယ်ဆို အကုန်လုံးကို လုပ်ပေးရမှာပေါ့။ မဲပေးမယ့် ကိစ္စမှာကျတော့ ခွဲခြားထားသလို ခံစားရတာပေါ့။ ကိုယ်လည်း ဒီနိုင်ငံမှာ နေတာပဲလေ။ ဘာသာခြားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အုပ်ချုပ်သူကို ရွေးချယ်ပိုင်ခွင့် ရှိရမယ်လေ။"

မြန်မာနိုင်ငံက မွတ်စလင် အများစုဟာ မှတ်ပုံတင်တခုရဖို့ လဝက ဝန်ထမ်းတွေကို လာဘ်ထိုးနေရတယ်လို့ မိတ္ထီလာမြို့ခံ မွတ်စလင်တချို့က ပြောပါတယ်။ မှတ်ပုံတင်တခု ရဖို့အတွက် အနည်းဆုံး ကျပ်ငွေ ၅ သိန်း ပေးရတယ်လို့ AFP ကို ပြောပါတယ်။ ဒါပေမယ့် အမည်မဖော်လိုတဲ့ လဝက အရာရှိတဦးကတော့ ဒီစွပ်စွဲချက်တွေ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မွတ်စလင်လူဦးရေ ၄.၁ ရာခိုင်နှုန်းကျော် ရှိတာပါ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး မျှော်လင့်ချက်ထားခဲ့ပေမယ့် ခွဲခြားဆက်ဆံမှု ရှိနေဆဲကိစ္စမှာ စိတ်ဓာတ်ကျစရာတွေ ကြုံလာရတယ်လို့ မိတ္ထီလာမြို့က ဗလီဆရာတဦးဖြစ်တဲ့ ဦးမောင်ချိုက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် တက်လာတော့ အများကြီး မျှော်လင့်တာပေါ့လေ။ သူတက်လာရင် ဖြစ်လာမှာပဲဆိုပြီး တွေးထားတာ။ အဲဒီတော့ အခု သူတက်လာတော့ အဲလိုဖြစ်မလာတော့ အများကြီး စိတ်ပျက်မိတယ်။ စိတ်ပျက်သလို စိတ်ဓာတ်လည်း ကျတယ်။ ကျနော်တို့ ၂၀၂၀ အတွက်ကို ခုထိ စိတ်ထဲမှာ မရှိသေးဘူး။ ကျနော်တို့ မွတ်စလင်တွေ အများစု ပါးစပ်ထဲမှာတော့ မဲမပေးကြဘူးတဲ့။ ကျနော်တို့ကတော့ လိုက်ပြီးတော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် မဲပေးကြဖို့ ပြန်ပြီး ဆော်သြနေရတာပေါ့လေ။"

ကျောင်းတွေမှာ၊ လုပ်ငန်းခွင်တွေမှာ၊ အစိုးရအလုပ်အကိုင် လျှောက်ထားရာမှာပါ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှု ရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ရန်ကုန်အခြေစိုက်သုတသီ David Mathieson ကလည်း ပြောပါတယ်။

မွတ်စလင်တွေသာမက လူဦးရေ ၂ သိန်းခွဲကျော်ရှိတဲ့ မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်တွေဟာလည်း မှတ်ပုံတင်ကိစ္စမှာ ခွဲခြားဆက်ဆံတာ ခံရတယ်လို့ ရန်ကုန်မြို့နေ ကိုပတေ့က ရှင်းပြပါတယ်။

"ဟာ.. ငါတို့လူမျိုးတွေကို မပေးဘူးပေါ့နော်၊ ငါတို့လူမျိုးတွေဟာ အပယ်ခံထားရတယ်။ ကုလားမို့လို့လား၊ နိုင်ငံသားမဟုတ်တဲ့ သွေးနှော.. အဲလိုမျိုးတွေ ပြဿနာ ဖြစ်နေတာပေါ့နော်။ ကျနော်တယောက်တည်းတင် မဟုတ်ပါဘူး၊ ကျနော်တို့ လူမျိုးစုထဲမှာ အများကြီးရှိတယ်။ လူများတွေလည်း မဲပေးချင်ကြတယ်။ ရွေးကောက်ပွဲလာပြီဆို မဲပေးချင်ကြတာပဲ။ ဒါပေမယ့် ဒီမှတ်ပုံတင် မရှိတဲ့အတွက်ကို မဲမပေးရတော့ဘူး။ သူတို့မှာလည်း ဒီလိုမျိုး မီဒီယာတွေက လာမေးတဲ့လူတွေ မရှိတဲ့အတွက် ကျနော်တို့က ဘယ်သူ့ကိုပြောလို့ ပြောရမှန်း မသိဘူး။"

မှတ်ပုံတင်တခုရဖို့ ၁၀ နှစ်လောက်ထိ စောင့်လိုက်ရတဲ့ ရန်ကုန်မြို့က ဟိန္ဒူဘာသာဝင် ကားဆရာ ကိုထွန်းမင်းကတော့ သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ လမ်းပွင့်သွားပြီလို့ ဆိုပါတယ်။

"ကျနော့်အိပ်မက်ပေါ့နော်၊ အိပ်မက်က အကောင်အထည် ပေါ်သွားပြီ။ အခုချက်ချင်းပဲ ကျနော် လိုင်စင်ဖြေလိုက်တယ်။ လိုင်စင်ဖြေလိုက်ပြီး အခု ကျနော် ကားမောင်းလို့ရပြီ၊ ဘဏ်စာအုပ်တွေလည်း လုပ်လိုက်ပြီ။ ပြီးတဲ့ခါကျတော့ ပတ်စ်ပို့ပါ လုပ်လိုက်ပြီ။ အခု ကိုဗစ်ဖြစ်နေချိန်ဆိုတော့ ကျနော် ဘာမှလုပ်လို့ မရသေးဘူး။ အားလုံး ငြိမ်းချမ်းသွားပြီဆိုရင် ကျနော် လုပ်စရာရှိတာ သွားစရာရှိတာတွေကို ကျနော် လှုပ်ရှားတော့မယ်။"

NLD အစိုးရ လက်ထက်မှာလည်း လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေ ဆက်ရှိနေဆဲပဲလို့ စွပ်စွဲကြပေမယ့် လာတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မွတ်စလင်တွေဖြစ်တဲ့ ဒေါ်ဝင်းမြမြလို ကိုစည်သူမောင်တို့လို ပုဂ္ဂိုလ်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် NLD ပါတီက ရွေးချယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)
















XS
SM
MD
LG