သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရဲ့ ဖယ်ဒရယ်အယူအဆ တိုင်းရင်းသားများ တုံ့ပြန်


NLD ပါတီတည်ထောင်တဲ့ ၃၁နှစ်ပြည့် အခမ်းအနား (Photo-National League for Democracy)
NLD ပါတီတည်ထောင်တဲ့ ၃၁နှစ်ပြည့် အခမ်းအနား (Photo-National League for Democracy)

ဒီမိုကရေစီစနစ်ကို ပူးပေါင်း အကောင်အထည်ဖော်ဖို့နဲ့ လက်ရှိနိုင်ငံရေးအနေအထားမှာ ဒီမိုကရေစီအစစ်အမှန် မရသေးတဲ့အတွက် ဒါကိုဖော်ဆောင် ပြီးမှသာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ကို ဝိုင်းပြီးပုံဖော်ကြမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရက ပါတီတည်ထောင်တဲ့ ၃၁နှစ်ပြည့်မှာ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသားပါတီတွေဘက်က သူတို့ရဲ့ မူလ အခွင့်အရေးတွေ အရင်ရဖို့နဲ့ ဖက်ဒရယ်ကို ဦးစားပေးဖို့ သုံးသပ်ပြောဆိုတာလည်းရှိပါတယ်။ တိုင်းရင်းသားပါတီ တချို့ရဲ့ အမြင်ကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က မေးမြန်း ပေးပို့ထားပါတယ်။

၁၉ ၈၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အများပြည်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီပြီး အခြေခံလူ့အခွင့်အရေးကို အာမခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာဖို့ ကြိုးစား နေတယ်လို့ ပါတီ ၃၁နှစ်ပြည့်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တကယ့် ဒီမိုကရေစီ ရပြီးမှသာ တိုင်းရင်းသားတွေ အားလုံးလိုလားတဲ့ ဖက်ဒရယ်စနစ်ကို ဝိုင်းပြီးပုံဖော်ကြမယ်လို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ပါတီ ၃၁နှစ်ပြည့်ပွဲမှာ မီဒီယာတွေကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ သွားနေတဲ့ ဒီမိုကရေစီရပြီ ရတဲ့အခါမှာ ဒီမိုကရေစီနည်းအရ တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ မိမိတို့လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံရဲ့ ပုံစံကို အဲဒီတော့မှ ဆွေးနွေးကြမယ်။ အခုကိုယ်လိုချင်တာတွေကို တောင်းနေရင် တဦးနဲ့တဦး အမြင်ချင်းမတိုက်ဆိုင်တာ ရှိပြီးတော့ ဘယ်တော့မှ ရှေ့ကိုရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီမိုကရေစီရအောင် ကျနော်တို့ ဝိုင်းပြီးတော့ အားကောင်းကောင်းနဲ့လုပ်မယ် ပြီးရင် ဖက်ဒရယ်စနစ်ကို ဝိုင်းပြီးတော့ ပုံဖော်ကြမယ်။”

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့်အခမ်းအနားမှာ ဒေါက်တာမျိုးညွန့်က အဲဒီလို ပြောကြားခဲ့တာပါ။

အာဏာရ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောသွားတဲ့အပေါ်မှာ တိုင်းရင်းသားတွေဘက်က သဘောထားကွဲလွဲတာလည်းရှိပါတယ်။

ပြည်နယ်တွေ အစုအဖွဲ့ သဘောတူညီမှုနဲ့ လွတ်လပ်ရေးကိုရခဲ့ပေမဲ့ ပြည်နယ်တခုချင်းစီရဲ့ လွတ်လပ်မှုကို မျက်ခြေပြတ်ခဲ့လို့ မြန်မာနိုင်ငံရဲ့ အနှစ်၇၀ကျော် နိုင်ငံရေးမှာ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာလို့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။ ဗမာတိုင်းရင်းသား အများစုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အထိုက် အလျောက် ရပြီးသားဖြစ်တဲ့ အနေအထားမှာ ဒီမိုကရေစီစနစ်ကို သွားတာဟာ မှန်နိုင်ပေမဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီနေ့အထိ မရသေးတဲ့အတွက် ဒုတိယနိုင်ငံသား အနေအထား ဖြစ်နေကြောင်း ပြောကြတာလည်း ရှိပါတယ်။

လူမျိုးစုတွေရဲ့ရပိုင်ခွင့်ကို လစ်လျူရှုပြီး ဒီမိုကရေစီလို နိုင်ငံရေးစနစ်တွေကို အရင်ဦးတည်တာဟာ မှားယွင်းနေတယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ဗွီအိုအေကို ပြောပါတယ်။

“ဖြစ်သင့်တာကပေါ့နော် self-determination ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်မှာ ကျနော်တို့ နိုင်ငံရေးပါတယ်၊ စီးပွားရေးပါတယ်၊ လူမှုရေးပါတယ်၊ ယဉ်ကျေးမှုပါတယ်။ အဲဒါတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ဟာက ဒီမျိုးနွယ်စု တွေရဲ့မူရင်းအခွင့်အရေးဖြစ်တယ်။ အဲဒါကို အကောင်အထည်ဖော်ပြီးမှ ကျနော်တို့ ဒီမိုကရေစီလား၊ အရင်းရှင်စနစ်လား၊ နောက် အာဏာရှင် စနစ်လား၊ အဲလိုမျိုးပြန်ပြီးတော့မှ သွားရမယ်ဗျ။ အခုဟာက စနစ်တွေကို အရင်အကောင်အထည် ဖော်တယ်။ self-determination ကိုနောက်မှ ဆိုတဲ့ အခါကျတော့ တကယ်တမ်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုအပ်နေတဲ့ မျိုးနွယ်စုတွေက နိုင်ငံရေးအရ မကျေလည်မှုတွေဖြစ်တယ်။ ဖြစ်လို့လည်း ပြည်တွင်းစစ်တွေ ဖြစ်လာတာပေါ့နော်။ နိုင်ငံရေးအရ စနစ်တွေကို အတင်းအကောင်အထည် ဖော်တာက အခြေအနေအရ မမှန်ကန်ဘူးပေါ့နော်။”

လက်ရှိမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြန်စနိုင်ဖို့အစိုးရက ကြိုးစားနေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် NLD ကို မျှော်လင့်ခဲ့ပေမဲ့ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖြစ်မလာခဲ့ကြောင်း တိုင်းရင်းသားပါတီတွေက ဝေဖန်တာလည်းရှိပါတယ်။

လက်ရှိသွားနေတဲ့ နိုင်ငံရေးမှာ ဖက်ဒရယ်နဲ့ အလှမ်းဝေးကွာလာတယ်လို့မြင်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆလိုင်းငိုင်ဆာ့ခ်က ပြောပါတယ်။

“ဒါကလက်တွေ့မှာ မဖြစ်နိုင်ဘူးထင်တယ် NLD ပြောတဲ့ဟာလေ။ ကျနော်တို့ ၁၉၄၇ တုန်းကလည်း ဖက်ဒရယ် တည်ဆောက်မယ် ဆိုတုန်းက ဒီမိုကရေစီ အရင်ဦးတည်ပြီး တည်ဆောက်ခဲ့လိုက်တာ ဖက်ဒရယ်နဲ့ ပိုပိုဝေးသွားတယ်။ ဆိုတော့ လက်တွေ့မှာ တိုင်းပြည်တကယ်တမ်း ငြိမ်းချမ်းစေချင်တယ်၊ ပြည်တွင်းစစ် ငြိမ်းချမ်းစေချင်တယ် ဆိုရင် ဖက်ဒရယ်ရော ဒီမိုကရေစီရော တပြိုင်နက်တည်း လုပ်ရမှာ။ အထူးသဖြင့်က ဖက်ဒရယ်ကို ဦးစားပေး လုပ်လိုက်ရင် ဒါက ဖက်ဒရယ်နိုင်ငံမှာ ဒီမိုကရေစီ မရှိလို့ မရဘူးလေ အခု NLD ပြောတဲ့ဟာက ကျနော်ယူဆတာကတော့ ဒီမိုကရေစီဆိုတာ အများစုက ဆုံးဖြတ်တာဆိုတော့ NLD ကအများစု ရအောင်ကိုပဲ ဦးတည်ပြီးတော့ သူမဲအများဆုံး အနိုင်ရအောင် ပြန်ကတိပေးတယ်လို့ပဲ ယူဆတယ် အဲဒါ။”

မကြာသေးခင်ကလည်း NLD ပါတီဟာ သူ့ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အာဏာရပါတီက တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ပုံစံ မဟုတ်ဘဲ၊ သီးခြား ကော်မတီ ဖွဲ့လိုက်တာဟာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပိုအလှမ်းဝေးသွားတယ်လို့ တိုင်းရင်းသား ပါတီတွေဘက်က ပြောကြပါတယ်။

......................

{Unicode}














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG