သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရည်အသွေးပြည့်မီတဲ့ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးရေး အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်း


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ- Myanmar State Counsellor Office)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ- Myanmar State Counsellor Office)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးနိုင်အောင် အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်နေကြောင်း အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံ မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် အရေး ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးနိုင်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံ (ABIS)က အလေးထား ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းကို လာမယ့် အရည်အသွေးရှိ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ပံ့ပိုးဆောင်ရွက်ပေးနိုင်ဖို့ မူဝါဒပိုင်း၊ ရုပ်ပိုင်းနဲ့ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အဦးပိုင်း တိုးတက်ရေး ကြိုးပမ်းနေပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ ကျမတို့ရဲ့ Project Bank အစီအစဉ်က လုပ်ငန်း စီမံကိန်းတွေ အလွယ်တကူ လေ့လာစေနိုင်မယ့်၊ တင်ဒါ ခေါ်ယူရာမှာ ပွင့်လင်းမြင်သာမှုနဲ့ ပြိုင်ဆိုင်မှု ပိုပြီး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ Land and Property Bank စနစ်ဆိုရင် နိုင်ငံပိုင် မြေတွေ၊ ပစ္စည်းတွေ ငှားရမ်းတာမှာ အီလက်ထရောနစ် စနစ်နဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော် အနီးက Nonthaburi မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို တက်ရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံကို တက်ရောက် မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အစိုးရ ဌာနဆိုင်ရာတွေ အဆင့်ဆင့် သွားစရာ မလိုတော့ဘဲ တနေရာတည်းမှာဘဲ ဌာနဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နိုင်မယ့် စနစ်ကိုလည်း စပြီး သုံးနေပါပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေ အတွက် အချိန်ကုန် သက်သာအောင် အတွက်လည်း ဆောင်ရွက်ချက် နောက်တခုကတော့ Single Window စနစ်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်တဲ့ ခွင့်ပြုချက်တွေ လိုင်စင်တွေ အတွက် အစိုးရ ဌာန အသီးသီးကို သွားနေစရာ မလိုဘဲ တနေရာတည်းမှာဘဲ ရရှိနိုင်ပြီ ဖြစ်ပါတယ်။”

အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းတွေ အတွက် တနေရာတည်းမှာဘဲ အပြီး လုပ်ပေးတဲ့ စနစ်ကို သီလဝါ အထူးစီးပွားရေး ဇုန်မှာ သုံးနေပြီ ဖြစ်ပြီး တခြား စီးပွားရေးဇုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာလည်း အသုံးပြုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မြန်မာပြည်သူရဲ့ ၇၅ ရာခိုင်နှုန်းက ဘဏ်စာရင်းမရှိကြောင်း၊ ဘဏ်အကြွေးဝယ်ကတ် သုံးနိုင်တဲ့ မြန်မာ ပြည်သူက ၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြီး ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချကာ ရင်းနှီးမြှုပ်နံှမှုတွေ ဖွင့်ပေးဖို့ ဆောင်ရွက်သွားမယ့် အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွင်းမှာဘဲ အာဆီယံ ၁၀ နိုင်ငံနဲ့ ဒေသတွင်း ၆ နိုင်ငံတို့ ပါဝင်မယ့် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက် အတွက်ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ မြန်မာ အပါအဝင် ဒေသတွင်း ၁၆ နိုင်ငံ ပါဝင်မယ့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် မူကြမ်းရပြီလို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒါပေမယ့် လာမယ့် နှစ်ဆန်းပိုင်းမှာ လက်မှတ် မထိုးခင် အရေးကြီး အချက် တချို့ကိုတော့ ဆွေးနွေး ညှိနှိုင်းဖို့ လိုသေးတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

RCEP လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကတော့ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ အပါအဝင် တခြားနိုင်ငံ ၆ ခုကြား ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီ ၁၆ နိုင်ငံထဲက ၁၅ နိုင်ငံ အနေနဲ့ ဒီနှစ်ကုန်ပိုင်းလောက်မှာ အပြီးသတ် ဆွေးနွေးညှိနှိုင်းနိုင်မယ့် အလားအလာရှိပြီး လာမယ့်နှစ် အစောပိုင်းမှာ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ အပြင်မှာ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Le Yucheng က သတင်ထောက်တွေကို ပြောပါတယ်။

ဒီသဘောတူညီချက် ပြီးပြတ်သွားချိန်မှာ အိန္ဒိယလည်း ပါဖို့ အဆင်သင့်ရှိတယ်လို့လည်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် အိန္ဒိယ ဘက်ကတော့ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယ ဈေးကွက်အတွင်း တရုတ် ပစ္စည်းတွေ အလုံးအရင်းနဲ့ ရောက်လာမယ့် အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Zawgyi / Unicode)










XS
SM
MD
LG