သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုစာရင်းထဲ မြန်မာပါနေဆဲ


၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ တုန်းက ရန်ကုန်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်စဉ် (AFP)
၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ တုန်းက ရန်ကုန်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်စဉ် (AFP)

(Zawgyi/Unicode)

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တာမှာ မြန်မာနဲ့ တရုတ် အပါအဝင်နိုင်ငံတချို့ကို ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းထားပါတယ်။

"ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ပတ်သက် လို့ နိုင်ငံတကာ လွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး ICJ မှာ ရဲရဲဝံ့ဝံ့ ဖော်ထုတ် တရားစွဲခဲ့တာကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် ကာကွယ်ဖို့ကြိုးစားတဲ့ အပေါင်းလက္ခာဆောင်တဲ့ ဖွံ့ဖြိုး တိုးတက်မှု တခုဖြစ်တယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့က နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အနှောက်အယှက်ပြုတာတွေဆက်ပြီး ရှိနေသလို တခြားလူနည်းစု ဘာသာဝင်တွေဖြစ်တဲ့ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ်မှာလည်း အလားတူ ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေဆက်ပြီး ရှိနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရသလို ရိုဟင်ဂျာတွေဟာ ဖိနှိပ်မှုတွေဆက်ပြီး ကြုံနေရဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အမေရိကန် အပါအဝင် နိုင်ငံတကာက စွပ်စွဲပြောဆိုတဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာတွေ ရှိခဲ့တယ်ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။

..............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG