သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း လူကုန်ကူးဂိုဏ်း အဓိကကြိုးကိုင်သူများ လွတ်မြောက်ဆဲ


မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၅။
မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၅။

ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် စတင်ဖြိုခွဲနှိမ်နှင်းနေတဲ့ ဒေသတွင်း လူကုန်ကူးရာဇဝတ်ဂိုဏ်းမှာ အဓိကကြိုးကိုင်သူတွေလို့ စွပ်စွဲခံရထားရတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်လုပ်ငန်းရှင်တချို့ လွတ်မြောက်နေဆဲရှိတယ်လို့ အမှု အစကနေ အဆုံးအထိ ပတ်သက် ပါဝင်ကူညီခဲ့သူ တဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ထောင်နဲ့ချီ ရွှေ့ပြောင်းလာသူတွေကို ဘင်္ဂလားပင်လယ်အော်ဘက်ကနေ လှေတွေနဲ့ အပြည့်အသိပ်တင်ဆောင်ပြီး ထိုင်း-မလေးရှား-အင်ဒိုနီးရှားနိုင်ငံတွေကို ပို့ဆောင်တဲ့ လူကုန်ကူးမှုမှာ ဒီလုပ်ငန်းရှင်တွေဟာ အကျိုးအမြတ်တွေ မတရားယူခဲ့ကြတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ထိုင်းနိုင်ငံမှာ အကြီးကျယ်ဆုံး လူကုန်ကူးမှုနှိမ်နင်းရေးသာဓကအနေနဲ့ ဇူလိုင်လ (၁၉)ရက်နေ့က ထိုင်းစစ်ဗိုလ်ချုပ်တဦးအပါအဝင် အစိုးရအဆင့်မြင့်အရာရှိကြီးတွေနဲ့ ရဲအရာရှိတွေကို ထိုင်းတရားရုံးချုပ်ကနေ ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။

ထိုင်း-မလေးရှားနယ်စပ်မှာ ၂၀၁၅ ခုနှစ်တုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့သူတွေလို့ ယူဆရတဲ့ လူကုန်ကူးခံရသူ ရုပ်အလောင်းတွေ အစုအပြုံလိုက်တွေ့ရှိခဲ့ရာကနေ ဒီ ရာဇဝတ်မှုကို ထိုင်းအစိုးရက ခြေရာခံခဲ့တာဖြစ်ပါတယ်။ လူကုန်ကူးသူတွေဟာ ရွှေ့ပြောင်းလာသူတွေကို ညှမ်းပမ်းသတ်ဖြတ်၊ မုဒိမ်းကျင့် စတဲ့ကျုးလွန်မှုတွေရှိခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

လူကုန်ကူးမှုမှာ လာဘ်စားခဲ့တဲ့ ထိုင်းအာဏာပိုင်တွေကို ထိုင်းအစိုးရက ပြင်းပြင်းထန်ထန်အ ရေးယူနှိမ်နင်းနိုင်ခဲ့ပေမယ့် ဒီအမှုမှာ ကိုယ်ထိလက်ရောက်ပါဝင် ခဲ့ကြသူတချို့တော့ အိမ်နီးချင်းနိုင်ငံတွေမှာ လွတ်မြောက်နေဆဲရှိတယ်လို့ ဒီအမှု အစကနေ အဆုံးအထိ ပတ်သက် ပါဝင်ကူညီခဲ့သူ တဦးက ဗွီအိုအေကို ပြောပါတယ်။ သူ့လုံခြုံရေးအရ သူ့အမည်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ ဒီအမှုကိစ္စပေါ်ပေါက်အောင် ပါဝင်ကူညီခဲ့ပုံနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျနော်တို့လုပ်တာကတော့ အထူးသဖြင့် ရခိုင်ပြည်ဘက်ကတချို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်စလင်တချို့။ လူကုန်ကူးတဲ့လူဆိုတာက ရက်ရက်စက်စက်လုပ်တဲ့လူတွေကိုပဲ ကျနော်တို့က တရားစွဲခိုင်းတာ အဲလိုမျိုးလုပ်ခိုင်းတယ် တရားလိုအနေနဲ့။ ကျနော်တို့အဲဒီလိုပုံစံနဲ့ လုပ်ခဲ့တာ ၊ လုပ်ခဲ့တဲ့အခါကျတော့ ဒီလိုမျိုးပါလာမယ်ဆိုတာ ကျနော်တို့ ခေါင်းထဲမှာတောင်မရှိဘူး။ ကျနော်တို့ဆီမှာလည်း အောက်ခြေကလူတွေကိုပဲ အပြောင်းအလဲလုပ်ပေးသွားမယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်စလင်တချို့ နဲ့ ရခိုင်ဘက်က မွတ်စလင်တချို့ကိုပဲ ဖမ်းပြီးတော့ ကျန်တဲ့တချို့ကို ဒဏ်ငွေတွေချပြီးလုပ်မယ်လို့ အဲလိုထင်ခဲ့တယ်။”

ဒီလူကုန်ကူးမှုမှာ နောက်ကွယ်က ကြိုးကိုင်သူလို့ စွပ်စွဲခံရတဲ့ မြန်မာ ပတ်စ်ပို့ကိုင်ဆိုင်ထားသူ မွတ်စလင် အမျိုးသား စိုးနိုင် ခေါ် Anawa ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ထိုင်းတရားရုံးကနေ ထောင်ဒဏ် (၉၄)နှစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် စိုးနိုင်ရဲ့ နောက်ကွယ်မှာ အရေးပါတဲ့ မွတ်စလင် လုပ်ငန်းရှင် သူဌေးတချို့ရှိနေပြီး သူတို့ဟာ ဒေသတွင်း နိုင်ငံတွေမှာ လွတ်မြောက်နေတယ်လို့ အမှုမှန်ပေါ်အောင် ကူညီပေးခဲ့သူက ပြောပါတယ်။

“ မောင်တောဘက်က အဆက် တချို့လူတွေ၊ ဘင်္ဂလားဒေ့ရှ်ဘက်က တချို့လူကုန်ကူးတဲ့လူတွေကတော့ လွတ်မြောက်နေတယ်။ အဖမ်းမခံရဘူး သူတို့အထဲကနေ အကြောင်းကြားတာပေါ့နော်။ Anawa ခေါ် စိုးနိုင် ကပေါ့လေ သူကအကြောင်းကြားလိုက်လို့ သူတို့ထွက်ပြေးသွားတယ် လွတ်မြောက်နေတယ်။ Anawa ကတော့ ထိုင်းမှာ သူက တာဝန်ခံပေါ့နော် ပြီးတော့ သူ့နောက်ကွယ်က ဘယ်သူတွေရှိသလဲဆိုတာကို ကျနော်တို့ ဖော်ထုတ်ဖို့လိုတယ်။ တချို့ဆိုရင် ရန်ကုန်မှာရှိတယ် ဒီကနေသွားပြီး အဲဒီမှာ ရောက်နေတာပေါ့နော်။ မလေးရှားအပိုင်း ကျတော့ အဲဒီမှာပဲ မလေးရဲ ကတော့ ဖမ်းပြီးတော့မှ ပိုက်ဆံရပြီးလွှတ်ပေးလိုက်တာတို့ရှိတယ်။ တချို့ဆိုရင် အင်ဒိုနီးရှားတွေကို ထွက်ပြေးသွားတာတွေရှိတယ်။ တချို့ကျတော့ ရခိုင်ပြည်နယ်ကပဲ ၊ ရခိုင်မှာမွေးတယ် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကြီးလာတယ်။ တချို့လည်း နိုင်ငံခြားမှာ ကြီးလာတယ်။ တချိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါတယ်။”

၂၀၀၇ ခုနှစ် နောက်ပိုင်းကစတင်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဒေသတွင်း အာဆီယံနိုင်ငံတချို့ကို ဘင်္ဂလားပင်လယ်အော်ကနေတဆင့် လှေတွေနဲ့ ထွက်ခွာပြီး ရွှေ့ပြောင်းအလုပ်လုပ်သူ အရေအတွက် များလာတာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မွတ်စလင်တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးလာပြီးနောက်ပိုင်း လူကုန်ကူးမှုဟာ ဒေါ်လာသန်းနဲ့ချီလည်ပတ်နေတဲ့ လုပ်ငန်းအဖြစ် မွတ်စလင် စီးပွားရေးသမားတချို့က ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ အမည်မဖေါ်လိုသူကဆိုပါတယ်။

“အကြီးစား စီးပွားရေးပေါ့လေ အဲလိုမျိုးဖြစ်သွားပြီးတော့မှ လူကြီးတွေပါ ပါလာတယ်။ တချို့သူဌေးတွေပေါ့လေ။ မွတ်စလင်သူဌေးတွေက investment လုပ်တာပေါ့နော် ။ စက်လှေအကြီးကြီးတွေ ဝယ်ပြီးမှ အဲဒီမှာ ဘယ်လောက်အထိပါလာသလဲဆိုရင် နောက်ဆုံးသိတဲ့အတိုင်း အာဏာပိုင်တွေတော်ပါလာတာပေါ့နော် ။ တဝက်တဝက်ကို မြတ်တာ ဘယ်လောက်မြတ်သလဲဆိုတော့ ၂၀၁၃-၁၄-၁၅ ကြားထဲမှာ ၃ နှစ် ဒါမှမဟုတ် ၂ နှစ်ခွဲကျတော့မှာ သူတို့မြတ်တယ်ဆိုတာက လူတယောက်ကို ဘက်ငွေ ၆ သောင်း ဆိုရင် ၃ သောင်းနဲ့ ၃ သောင်းခွဲ အနည်းဆုံး ဘက်ငွေ ၃ သောင်း ဒေါ်လာ ၁၀၀၀ ပေါ့ အဲဒီတုန်းကဆိုရင်။ အဲဒီလို လူတယောက်ကို အဲလိုမြတ်တဲ့အပေါ်မှာ စက်လှေ ၁ စီးမှာ လူ ၄၀၀-၅၀၀ လောက်ပါတယ်။ ဆိုတော့ တွက်ကြည့် လူတယောက်ကို ၁၀၀၀ ဆိုရင် ၃ သောင်းရတာပေါ့နော်။ ကျန်တဲ့ဟာကို အာဏာပိုင်တွေကို ပေးရတာပေါ့နော် ဘင်္ဂလားဒေ့ရှ်ကိုပေးရတာနဲ့ လမ်းခရီးမှာ စားရိတ်အဲဒါတွေပေါ့နော်။”

လူကုန်ကူးသူတွေရဲ့ညှမ်းပမ်းနှိပ်စက်ခံပုံတွေကိုလည်း သူက အခုလိုပြောပြပါတယ်။

“တချို့လူတွေဆိုရင်လည်း ဘာဆေးလည်းမသိဘူး။ အမောခံနိုင်အောင် ဆင်ကိုကြွေးတဲ့ ဆေးတမျိုးကို သူက စက်လှေပေါ်မှာ ထမင်းနဲ့ ဟင်းနဲ့ ရောပြီးအဲလိုကြွေးတာတို့ အဲလိုမျိုးနဲ့ ထိုင်း-မလေးရှားနယ်စပ် နောက်ပြီးတခြားနေရာတွေအများကြီးရှိသေးတယ်။ အဲဒီနေရာတွေမှာ ဟိုလူတွေက စက်လှေပေါ်ကနေ တက်လာတာနဲ့ သူတို့ ရောဂါဖြစ်ပြီးသေဆုံးသွားတာတို့ ၊ အရိုက်ခံရလို့ ဆုံးသွားတာတွေရှိတယ်။ တချို့လူတွေကကျတော့ ရာသီဥတု မိုးရွာတဲ့အခါကျတော့ အောက်ဘက်က ပလက်စတစ်ခင်းပြီးအိပ်ကြတယ်။ အဲလိုမျိုး အစားအသောက်ပုံမှန်မဟုတ်ဘူး၊ အဟာရလည်းချို့တဲ့ပြီးတော့မှ သူတို့အများဆုံးဖြစ်တာကတော့ swelling ရောင်တာ ဝမ်းလျှောရောဂါတွေဖြစ်ပြီးတော့မှ သူဆုံးသွားတာတွေရှိတယ်။”

၂၀၁၅ခုနှစ်က ထိုင်း-မလေးရှားနယ်စပ် ထူထပ်တဲ့တောထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရွှေ့ပြောင်းလာသူတွေလို့ ယူဆရသူ ရုပ်အလောင်းပေါင်း ၁၀၀ ကျော်တွေ့ရှိခဲ့တဲ့ အမှုစတင်ပေါ်ပေါက်လာတဲ့အ ကြောင်းအရင်းကလည်း လူကုန်ကူးသူတွေအချင်းချင်း အဝေမတည့်တာကနေစတင်ခဲ့ရာက ထိုင်းအာဏာပိုင်တွေက စတင်ခြေရာခံနိုင်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့်လည်း ဒီအမှုကို စတင်ကိုင်တွယ်တဲ့အချိန်ကစပြီး သူအပါအဝင် အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲအရာရှိကြီးတွေ၊ မျက်မြင်သက်သေတွေ၊ စကားပြန်တွေ အားလုံးနီးပါး အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရကြောင်း အဲဒီအမည်မဖေါ်လိုသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG