သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတဦးကို မူးယစ်ဆေးသံသယနဲ့ ထိုင်းရဲတွေ အသေပစ် ဖမ်းဆီး


မူးယစ်ဆေးသံသယရှိသူရဲ့ နေအိမ်ကို ထိုင်းရဲတွေ စစ်ဆေး (credit thai police)
မူးယစ်ဆေးသံသယရှိသူရဲ့ နေအိမ်ကို ထိုင်းရဲတွေ စစ်ဆေး (credit thai police)

(Zawgyi/Unicode)

ထိုင်းတောင်ပိုင်း နကွန်စီဌာမရခရိုင်မှာ စိတ်ကြွဆေးပြား ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ အသေဖမ်းမိ ခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့ကသူရဲ့ နေအိမ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၅သိန်းအိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ၁၀ကီလို နဲ့ စိတ်ကြွဆေး ထုတ်လုပ်တဲ့ စက်တွေပါ ဖမ်းမိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ နကွန်စီဌာမရခရိုင်၊ ထုံးစွန်မြို့၊ ဖတ်ထနာ လမ်းမပေါ်မှာ ရှိတဲ့ ၂ထပ်အိမ်တလုံးမှာ နေထိုင်နေတဲ့ အသက် ၃၂ အရွယ် မြန်မာနိုင်ငံသား မောင်ဦးကို ထိုင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဝယ်ယူတဲ့ အသွင်ဆောင်ပြီး စိတ်ကြွဆေးပြား တသောင်းကို စတင် ဝယ်ယူခဲ့တာပါ။ စိတ်ကြွဆေးနဲ့ သူလွှတ်လိုက်တဲ့သူကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက်ရဲတွေက သူ ကို ဝိုင်းထားပြီ ဆိုတာ သိလိုက်ချိန်မှာ သူဟာ သေနတ်နဲ့ ခုခံပစ်ခတ်ပြီး ရဲကားတွေကို တိုက် ထွက်ပြေးသွားတာကြောင့် သူကို ထိုင်းရဲတွေက အသေ ပစ်ခတ်ဖမ်းဆီး လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမှတ် (၈) ဒေသရဲမှူး စုတိချိုင်ဝပ်ထနာကွန် ကတော့ ဒီဇင်ဘာလ ၁ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး အခုလို ပြောသွားပါတယ်။

“ဒီမြန်မာနိုင်ငံသား မောင်ဦးဆိုသူကို ကျနော်တို့ ထိုင်းရဲတပ်ဖွဲ့က လိုက်နေတာကြာပြီ။ သူဟာ ထိုင်းနိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ သူဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်းက မူးယစ်ကုန်ကြမ်းတွေကို သယ်ဆောင်လာပြီး ထိုင်းတောင်ပိုင်းမှာ အဓိက ဖြန့်ဖြူးနေသူဖြစ်ပါတယ်။”

ထိုင်းရဲက အလိုရှိနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေတဲ့ မောင်ဦးဟာ ထိုင်းနိုင်ငံသူတဦး နဲ့ အိမ်ထောင်ပြုထားပြီး မြန်မာနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားသူ တဦးဖြစ်ပါတယ်။

သူနေထိုင်နေတဲ့ အိမ်မှာတော့ စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ စက်တွေနဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၁၀၀ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့ပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်းမြောက်ပိုင်းမှာ စိတ်ကြွဆေးပြားတွေ သန်းနဲ့ ချီပြီး ဖမ်းမိနေတာပါ။ နိုဝင်ဘာလ ၃၀ ရက်နေ့ ကတော့ ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်ထဲက မယ်လဒုက္ခသည် စခန်းကို ထိုင်း နယ်ခြားစောင့် တပ်က ရှောင်တခင် စစ်ဆေးရှာဖွေမူ လုပ်ရာမှာ အမျိုးသမီးတဦး အပါအဝင် ဒုက္ခသည်၄ဦးဆီက စိတ်ကြွဆေး ၁၀၀လောက်ကိုလည်း ဖမ်းမိခဲ့ပါတယ် ။

တိုက်ရိုက် လင့်ခ်


............................


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG