သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား KBC ဆေးဖြတ်စခန်း အာဏာပိုင်တွေ စစ်ဆေးခံရ


မြစ်ကြီးနား KBC ဆေးဖြတ်စခန်း (Photo credit- Kachin Waves )
မြစ်ကြီးနား KBC ဆေးဖြတ်စခန်း (Photo credit- Kachin Waves )

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှာရှိတဲ့ မူးယစ်ဆေးဖြတ်တဲ့စင်တာတခုကို မနေ့ မနက်အစောပိုင်းက အရပ်ဝတ်နဲ့သေနတ်ကိုင်ဆောင်သူတွေက ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ လာရောက် စစ်ဆေးသူတွေဟာ သူတို့မှာ တရားဝင်စစ်ဆေးပိုင်ခွင့် အထောက်အထား ပါမလာဘူးလို့ စင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုချိန်မှာတော့ အဲဒီစင်တာက စည်းကမ်းထိန်း ဆရာတဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ ရဲအရာရှိတဦးက အမှုဖွင့်ခဲ့ပြီး၊ စစ်ဆေးခံရတဲ့ ကျောင်းဘက်က လည်း ဒီအခြေအနေတွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ်အထိ စာတင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ ထားပါတယ်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှာရှိတဲ့ အသက်တာသစ် သမ္မာကျမ်းစာ သင်တန်းကျောင်းကို စက်တင်ဘာလ ၂၆ရက်နေ့မှာ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နဲ့၊ အရပ်ဝတ်နဲ့ သေနတ် ကိုင်ဆောင်ထားသူတွေ က မနက် ၃နာရီဝန်းကျင်မှာ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ မနက်မိုးမလင်းချိန်မှာ ဘာအတွက်ရောက်လာမှန်း မသိပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးပါတာကြောင့် တံခါးဖွင့်ပေးလိုက်တဲ့အခါမှာ ဝင်ရောက်စီးနင်းတဲ့ပုံစံနဲ့ စစ်ဆေးခဲ့တယ်လို့ ကျောင်းတာဝန်ခံ ဆရာဆိုင်းဖာက ပြောပါတယ်။

“သူတို့ကြည့်ချင်တဲ့နေရာတွေအကုန် သေတ္တာတွေ၊ အခန်းတွေ၊ တယောက်မကျန်၊ အိမ်ယာလိတ်တွေ အဲလိုနဲ့ ဝင်စီးနင်းရှာဖွေတဲ့ပုံစံ လုပ်သွားတာပေါ့။ သူတို့ကို ဘယ်သူနဲ့လာတာလဲ၊ ကျတော်တို့မေးတဲ့အချိန် သူတို့လည်း ဘာမှတိတိကျကျမပြောဘူး။ ဘယ်အဖွဲ့လည်းလို့ ပြောရင်လည်း သူတို့ကရဲမှူးတွေကိုပဲ လွှဲချတာပေါ့။ ရဲမှူးတွေကိုမေးရင်လည်း ကျတော်တို့လည်းမသိဘူး။ ကျတော်တို့ကို ခေါ်လို့လာခဲ့တာပါတဲ့။ အဲလိုပဲ တယောက်နဲ့ တယောက်လွှဲခဲ့တာပေါ့။”

အခုဝင်ရောက်စစ်ဆေးခံခဲ့ရတဲ့ သမ္မာကျမ်းစာသင်တန်းကျောင်းက ကချင်ပြည်နယ်မှာရှိတဲ့ အသင်းတော် အခြေပြု မူးယစ်ဆေးဖြတ်တဲ့ ကျောင်းတွေထဲက တစ်ခုပါ။ ဒီကျောင်းကို ၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ဖွင့်ခဲ့တာဖြစ်ပြီး၊ မူးယစ်ဆေး ဖြတ်သူတွေကို ကျောင်းမှာပဲနေထိုင်ခွင့်ပြုပြီး သမ္မာကျမ်းစာသင်ပေးနေတာပါ။ လက်ရှိအချိန်မှာ မူးယစ်ဆေးဖြတ်သူ ၁၂၅ဦး ကို လက်ခံထားတယ်လို့ ကျောင်းတာဝန်ခံကပြောပါတယ်။

ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ ကျောင်းလုံခြုံရေးအတွက် အသုံးပြုတဲ့ စကားပြောစက်တွေကို တွေ့ရှိခဲ့တာကြောင့် ကျောင်းရဲ့စည်းကမ်းထိန်း ဆရာတဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ ရဲအရာရှိတဦးက အမှုဖွင့်ထားတယ်လို့ ဆရာဆိုင်းဖာကပြောပါတယ်။

“ကျတော်တို့က သင်တန်းကျောင်းဆိုတာ့ ကင်းအရ တယောက်နဲ့တယောက် မထွက်ပြေးအောင် ညကင်းစောင့်ရတာကိုး။ အဲတော့ မူးယစ်ဆေးဝါးသမားတွေကို ပြုစုစောင့်ရှောက်တဲ့၊ ကျမ်းစာ သင်ပေးနေတာဆိုတော့ သုံးတဲ့စကားပြောစက် အသေးလေးတွေကို ကောက်သွားပြီးမှ ခွင့်ပြုချက်မရဘဲ ကိုင်တယ်ဆိုပြီးမှတော့ အမှုဖွင့်ထားပါတယ် ကျတော်တို့ကို။”

ကချင်ပြည်နယ်မှာ အသက်အရွယ်မရွေး မူးယစ်ဆေးစွဲတဲ့ဒဏ်ကို ခံနေကြရတာကြောင့် ဒါကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိဘူးလို့ အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။ အသင်းတော်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက မူးယစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး လုပ်ဆောင်နေချိန်မှာ အာဏာပိုင်တွေက အခုလိုပြုမူခဲ့တာဟာ အကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်ပြည်နယ်လူမှုအကျိုးပြု အဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၆ရက်နေ့ မနက်အစောပိုင်းက အသက်တာသစ် သမ္မာကျမ်းစာသင်တန်ကျောင်းကို ဝင်ရောက်စစ်ဆေးရာမှာ ပါလာတဲ့ မော်ဖောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးကျော်က

“ကျတော့်ကိုသက်သေ လိုက်ပေးဖို့ပေါ့ဗျာ ခေါ်သွားတာ။ ထွေထွေထူးထူးတော့ မသိရှိဘူးဗျ။”

အကြမ်းဖက်မှုအသွင်ဆောင်တဲ့ ဝင်ရောက်ရှာဖွေမှုမျိုးနဲ့ စစ်ဆေးခဲ့ပြီး၊ တရားစွဲဆိုတဲ့အခြေအနေထိ မဖြစ်သင့်ဘဲ၊ ပြေပြေလည်လည် ပြောဆိုပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ လွမ်ဇောင်းက ပြောပါတယ်။

အခုဖြစ်စဉ်အပေါ် ကချင်ပြည်နယ်ဝန်ကြီးချုပ်အထိ စာပို့ဖို့ အကြံပြုထားပြီး၊ အခြေအနေကို စောင့်ကြည့်သွားမယ်လို့ သူကဆိုပါတယ်။

“မူးယစ်ဆေးဝါးဖြတ်တဲ့ စင်တာကို အနှောင့်အယှက်လာပေးတဲ့ ခြိမ်းခြောက်တဲ့ပုံစံဖြစ်နေတယ်လို့ ကျတော်တို့ယူဆတယ်။ လောလောဆယ် သူတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုလိပ်မူပြီးမှ စာတွေထည့်ဖို့ သူတို့ကို ကျတော်တို့အကြံဉာဏ်ပေးတာပေါ့။ ဒီကနေတဆင့် ကျတော်တို့ အခြေအနေပြန်ကြည့်ပြီးမှ အစိုးရအာဏာပိုင်ဘက်ကနေ တရားမမျှတတဲ့ဟာတွေ လုပ်လာပြီဆိုရင်တော့ ကျတော်တို့ ဒါကို ဝန်းရံဖို့အတွက် အဆင်သင့်ရှိတာပေါ့နော်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နေပြည်တော်မှာ ဖောက်ခွဲမှုပြုလုပ်ဖို့ ရက်သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနတွေကို ညွှန်ကြားထားတဲ့စာမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်းပါနေပြီး အဲဒီစွတ်စွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်တဲ့ စင်တာကို ဝင်ရောက်စစ်ဆေးတာလားလို့ သူ့အနေနဲ့ သံသယဖြစ်မိကြောင်း လွမ်ဇောင်းက ပြောပါတယ်။

အခုဝင်ရောက်စစ်ဆေးခံခဲ့ရတဲ့ကျောင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးနေရာမှာရှိနေတာလို့ ဒေသခံတွေကဆိုပါတယ်။

...................

{Unicode}
















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG