သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ မန္တလေး VPN သုံးသူတချို့ ဒဏ်ရိုက်ခံရ


ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်အသုံးပြုမှုအပိတ်ခံရပြီးနောက် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေစဉ် (ဖေဖော်ဝါရီ ၄၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်အသုံးပြုမှုအပိတ်ခံရပြီးနောက် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေစဉ် (ဖေဖော်ဝါရီ ၄၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ပိတ်ထားတဲ့ Facebook လို၊ အွန်လိုင်းဝဘ်စာမျက်နှာတွေထဲဝင်နိုင်ဖို့ သုံးနေကြတဲ့ VPN ကြားခံအင်တာနက်ကွန်ရက် App တွေ ဖုန်းထဲမှာ ရှိမရှိ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ လိုက်လံစစ်ဆေးနေပါတယ်။ တချို့နေရာတွေမှာ VPN app တွေ့လို့ အဆမတန် ဒဏ်ငွေရိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ လူအများအသုံးပြုကြတဲ့ Facebook၊ Messenger အပါအဝင် အွန်လိုင်းစာမျက်နှာတွေကို အသုံးမပြုနိုင်အောင် စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ကိုယ်ပိုင်အင်တာနက်ကွန်ရက်လိုသုံးနိုင်တဲ့ VPN ကြားခံကွန်ရက်တွေကို အသုံးပြုကြရပါတယ်။ အဲဒီ VPN app တွေ ဖုန်းထဲမှာ ရှိ မရှိကို အခုရက်ပိုင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ လိုက်စစ်၊ ဒဏ်ငွေရိုက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ VPN သုံးပြီး အွန်လိုင်းပေါ်မှာ မဟုတ်မှန်တဲ့ သတင်းတွေဖြန့်နေတယ်လို့ စွပ်စွဲပြီး ငွေတောင်းတာဖြစ်တယ်လို့ မန္တလေးက ဒေသခံတဦးက ပြောပြပါတယ်။

"VPN ပါတဲ့သူတွေကို ဒဏ် ၅ သောင်းရိုက်တဲ့ နေရာတို့ ၁ သိန်းရိုက်တဲ့ နေရာတို့ အစားစားပေါ့။ ပြီးတော့ ကားနဲ့လာတဲ့သူဆိုရင်လည်း စျေးတမျိုးပေါ့နော်။ အခုက VPN တွေလည်း အကုန်ဖြုတ်ချလိုက်ပြီဆိုတော့ ကျနော်တို့ Tik Tok လေး သုံးနေတာလောက်ပဲ ရှိတော့တာ။ Facebook ပေါ်မှာတို့ Messenger မှာတို့ အဆက်အသွယ် ဘာမှမရှိကြတော့ဘူးဗျ။ FB တွေဘာတွေ ဖမ်းတယ်၊ စစ်တယ်ဆိုရင်တော့ ကျနော်တို့လည်း ပါမှာပဲ၊ မဖျက်ရသေးဘူးပေါ့နော်။"

လမ်းတွေမှာ လုံခြုံရေးတွေက ရှောင်တခင်စစ်ဆေးတာကြောင့် တချို့က အနီးအနား ခရီးသွားတာမျိုးကိုပါ မလုပ်ကြတော့ဘူးလို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။ ရန်ကုန်၊ မန္တလေးမြို့တွေမှာ VPN ရှိ မရှိ စစ်ဆေး၊ ဒဏ်ရိုက်နေတာကြောင့် တခြားမြို့တွေက သူတွေကလည်း အိမ်ပြင်ထွက်ရင် VPN app တွေကို ယာယီဖျက်ပြီး ထွက်နေကြပါတယ်။ ပဲခူးတိုင်းထဲမှာ VPN လိုက်စစ်တာ မရှိသေးပေမဲ့ အန္တရာယ်ကင်းအောင် VPN ဖြုတ်ထားတယ်လို့ ပဲခူးမြို့ခံတယောက်က VOA ကိုပြောပြပါတယ်။

"လောလောဆယ် ရှင်းထားတာ အကောင်းဆုံးပေါ့။ ကျနော်တို့ ဖုန်းတွေတော့ လိုအပ်မှပဲ ထည့်သုံးတော့တယ် ရှင်းရှင်းပြောရရင်။ ဘာလို့ဆို ကျနော်တို့က Facebook သုံးနေတော့ VPN မသုံးလို့ကလည်း မရဘူးလေ။ ကြားနေရတော့ (အိမ်ပြင်) မထွက်ရဲဘူးပေါ့။ အကုန်ဖြုတ်ထားရတာပေါ့။"

၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက် အွန်လိုင်းသုံးစွဲမှုတွေကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီး VPN သုံးနေသူတွေကို အရေးယူဖို့လည်း ပြင်ဆင်ခဲ့ပါတယ်။ အတည်မပြုရသေးတဲ့ ဥပဒေကြမ်းထဲမှာ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ VPN ချိတ်ဆက် အသုံးပြုသူတွေကို ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် အများဆုံး ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG