သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးများနိုင်သေးကြောင်း မိုးဇလ သတိပေးထား


မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်မှာ လေဖိအားနည်းရပ်ဝန်း ဆက်အားကောင်းနေသလို မုတ်သုံလေလည်း အားကောင်း နေဆဲရှိတာကြောင့် ဒီရက်ပိုင်းအတွင်း မိုးပိုရွာလာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေး ထားပါတယ်။ လက်ရှိ ရေကြီးနေတဲ့ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေ ရဲ့ လမ်းညွှန်မှုအတိုင်း သတိထား နေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အပြည့်အစုံကို ကိုကောင်းစံဟိန်းက ပြောပြပါမယ်။

မြန်မာ့ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်နာရီကို မိုင် ၄၀နှုန်းနဲ့ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ဦးစီးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးရွာသွန်းမှုပိုများပီး ရေဝင်ရောက်လာနိုင်တဲ့ ဒေသတွေကိုလည်း ဒေါက်တာကျော်မိုးဦးက အခုလို သတိပေးလိုက်ပါတယ်။

“ရခိုင်မှာတော့ မိုးပိုလာနိုင်တဲ့အခြေအနေရှိတယ်ပေါ့နော်။ လေဖိအားနည်း ရပ်ဝန်းကြောင့်မို့ မုတ်သုံလည်း ကောင်းတဲ့အတွက်ကြောင့် မြန်မာ့ကမ်းရိုးတမ်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီးတော့ လှိုင်းကြီးနိုင်တယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း ရေပြင်မြေပြင်လေတွေက ၁ နာရီကို မိုင် ၄၀ လောက်အထိတော့ တိုက်နိုင်တဲ့အနေအထားရှိတယ်။ လှိုင်းအမြင့်ကတော့ ၁၀ ပေကျော်နိုင်တဲ့ အနေအထားရှိပါတယ်။ ရေတက်လာနိုင်တာကတော့ ငဝန်မြစ်က စိုးရိမ်အမှတ်ရောက်ဖို့အတွက်ကို ၇ စင်တီမီတာပဲ လိုတယ်။ သူကတော့ ရေတက်တာ တရက်ကို ၃ စင်တီမီတာ နှုန်းလောက်နဲ့ တက်နေတယ်။ နောက် ၂ ရက်လောက်ဆိုရင်တော့ တာဝမှာတော့ စိုးရိမ်အမှတ်ရောက်လာနိုင်တဲ့အနေအထားရှိတယ်။ နောက်တခုကတော့ ပဲခူး၊ ဒီရက်ပိုင်းတွေမှာ ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးများနေတဲ့အနေအထားရှိပြီ ဒီကနေ့ဆိုရင် ရေတက်လာတာ ၂ ပေခွဲတက်လာတဲ့အနေအထားရှိတယ်။ ရေဝင်ရောက်နိုင်မှုတွေ ရှိလာနိုင်တဲ့အနေအထားမို့ နောက် ၂ ရက်အတွက် စိုးရိမ်အမှတ် ရောက်နိုင်တဲ့အနေအထားလေးတွေတော့ ကျနော်တို့ သတင်းထုတ်ပြန်ပေးထားပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဘီလင်းမြစ်ကလည်း ဒီရေပြန်တက်တဲ့ အနေအထားရောက်နေတယ်။ သူကတော့ စိုးရိမ်အမှတ်ရောက်ဖို့အနေအထားကတော့ ၁ ပေခွဲလောက်တော့ လိုသေးတယ် သူလည်း စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်။”

မြန်မာနိုင်ငံမှာ မိုးရာသီအတွင်း ပြီးခဲ့တဲ့နှစ်တွေက အခုလို မိုးများလေ့ရှိပေမဲ့လည်း ချင်းပြည်နယ် ၊ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာသာ တောင်ပြိုတာတွေ ရှိခဲ့တာပါ။ အခုနှစ်အတွင်း မိုးရက်ဆက် ရွာသွန်းပြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းဒေသတွေမှာ မြစ်ရေတိုးတာတွေ၊တောင်ပြိုတာတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိ အခြေအနေတွေအရ ရေဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ ဒေသမှာရှိတဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်မှုအတိုင်း သတိထား နေထိုင်ဖို့ကိုလည်း ဒေါက်တာ ကျော်မိုးဦးက အခုလို တိုက်တွန်းထားပါသေးတယ်။

“ရေဝင်ရောက်နေတဲ့ ဧရိယာမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း လက်ရှိမှာတော့ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်အတိုင်း ပြုမှုနေထိုင်ရပါမယ်။ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့တွေကနေပြီးတော့မှ ကျနော်တို့ ဘေးအန္တရာယ် ကင်းတဲ့နေရာတွေမှာ ခေတ္တခဏ ခိုလိုနေထိုင်သင့်ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအောက်ပိုင်းက မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ပဲခူတိုင်း နဲ့ တနင်္သာရီတိုင်း က နေရာ အနှံ့အပြားမှာ မုတ်သုံမိုးရွာသွန်းမှု များတာကြောင့် ရေကြီး ရေလျှံဖြစ်တာ၊ မြေပြိုတာတွေဖြစ်နေပြီး မွန်ပြည်နယ်အတွင်းမှာတော့ ဒီသဘာဝဘေး အန္တရာယ်တွေကို အဆိုးရွားဆုံး ခံစားနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG