သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ နောက်ထပ် မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်


ပြီးခဲ့တဲ့လပိုင်းက မလေးရှားမှာ အဆုံးစီရင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးကို သယ်ဆောင်နေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း-မလေးရှား)
ပြီးခဲ့တဲ့လပိုင်းက မလေးရှားမှာ အဆုံးစီရင်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးကို သယ်ဆောင်နေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း-မလေးရှား)

(Zawgyi / Unicode)

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား နောက်ထပ်တဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ခဲ့ပါတယ်။ ကိုဗစ် အရေးပေါ်ကာလအတွင်းမှာ အခုလို အဆုံးစီရင်သူူ ၁၅ ဦးထိ ရှိလာပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ အခက်အခဲ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေထဲက ပိတ်မိသူတချို့ နေရပ်ပြန်ခွင့်ရတာတွေ ရှိနေသလို ဖမ်းဆီးခံနေရတာတွေလည်း ရှိနေတာပါ။ ဒီထဲမှာ မိမိကိုယ်ကို အဆုံးစီရင်သူတွေလည်း ထပ်တိုးလာနေပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ မွန်ပြည်နယ် သထုံမြို့နယ်ထဲက အသက် ၂၁ နှစ်အရွယ် လူငယ်တဦး မိမိကိုယ်မိမိ အဆုံးစီရင်မှု ထပ်ဖြစ်ခဲ့တာကြောင့် အခုဆိုရင်တော့ အဆုံးစီရင်သူ ၁၅ ဦးထိ ရှိသွားပါပြီ။ သေဆုံးသူနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက အခုလိုပြောပြပါတယ်။

“သူလာတာကတော့ ပုလဲအောင်မြေ အေဂျင်စီက လာတာပါ။ နာမည်က ဟန်ဇင်မင်းတဲ့။”

မိမိကိုယ်ကို အဆုံးစီရင်သူဟာ မလေးရှားနိုင်ငံ Melaka မြို့မှာ အလုပ်လုပ်နေတဲ့ တရားဝင် အလုပ်သမားတဦးဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကရင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ သူ့ရဲ့ နာရေးကိုတော့ မလေးရှားနိုင်ငံ Melaka မြို့မှာရှိတဲ့ ဓမ္မရတနာ လူမှုကူညီရေးအဖွဲ့နဲ့ ကိုနီကာရွှေမြန်မာ ပရဟိတအသင်းတို့က ကူညီပေးခဲ့ကြတာပါ။ ဆေးရုံမှာ ရောက်ရှိနေတဲ့ ဓမ္မရတနာ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမျိုးချစ်က သေဆုံးသူလူငယ်ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ အလုပ်ကနေ ၇ နာရီလောက်ကနေ ပြန်လာတယ်။ ချက်ပြုတ်စားသောက်ပြီးတော့ မြန်မာပြည်နဲ့ ဖုန်းပြောနေတယ်ပြောတယ်။ ပြီးတော့ တခြားသူတွေ အိပ်ချိန်ကျတော့ သူက အိမ်သာထဲဝင်ပြီး ဆွဲကြိုးချသေတယ် ပြောတယ်။ အခုတော့ မလေးရှားရဲရော ကိုဗစ်စစ်တဲ့သူတွေရော မနက်က ရောက်လာကြတယ်။ အခု ဆေးရုံ ရင်ခွဲရုံပို့တယ်။ အခု ရင်ခွဲရုံမှာ ဆရာဝန်မလာသေးဘူး။ ဆရာဝန်စစ်ချက်ယူမယ်။ ကျနော်တို့ လက်မှတ်ထိုးရမယ်။ အဲဒါကို ကျနော်တို့ ထိုင်စောင့်နေတယ်။”

စက်တင်ဘာလ ၁၂ ရက်နေ့ကတော့ မလေးရှားနိုင်ငံ မြန်မာသံရုံးက မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကိုလည်း နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီထဲမှာ ကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးမကောင်းသူတွေနဲ့ ထိန်းသိမ်းရေးစခန်းထဲက အကျဉ်းသားတချို့လည်း ပါဝင်တယ်လို့ အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်ကတော့ ၄၀ လောက်ပါတယ်။ CI စာအုပ်နဲ့ ၆ ယောက် ၇ ယောက်ပါတယ်။ ထိန်းသိမ်းစခန်းထဲက လူ ၂ ဦးလောက်လည်း ပါပါတယ်။”

ခန့်မှန်းချေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတာပါ။ ကပ်ရောဂါကာလ အခက်အခဲတွေကြားမှာပဲ မြန်မာနိုင်ငံသားတွေထဲက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သူ ၁၅ ဦး ရှိခဲ့သလို နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေ ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)











XS
SM
MD
LG