သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပြန်အလုပ်သမား ၁,၅၀၀ နီးပါး ကရင်ပြည်နယ်မှာ သီးခြားခွဲစောင့်ကြည့်နေ


စောင့်ကြည့်ရေးစင်တာတွင် စာရင်းသွင်းနေသည့် ထိုင်းပြန် မြန်မာအလုပ်သမားများ။ (ဧပြီ ၄၊ ၂၀၂၀။ ဓာတ်ပုံ - ဦးတေဇာအောင်- မြဝတီခရိုင်အုပ်ချုပ်ရေးမှူး)
စောင့်ကြည့်ရေးစင်တာတွင် စာရင်းသွင်းနေသည့် ထိုင်းပြန် မြန်မာအလုပ်သမားများ။ (ဧပြီ ၄၊ ၂၀၂၀။ ဓာတ်ပုံ - ဦးတေဇာအောင်- မြဝတီခရိုင်အုပ်ချုပ်ရေးမှူး)

(Zawgyi / Unicode)

ဧပြီလ ၁ ရက်ကနေ ၃ ရက်အတွင်း ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ လောက်ကို ကရင်ပြည်နယ်က Facility Quarantine Center အစိုးရစောင့်ကြည့်ရေး နေရာတွေမှာ ထားပေးပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးနေကြောင်း၊ ၁၄ ရက်ကျော်မှသာ နေရပ်ကို ပြန်ဖို့ ခွင့်ပြုမှာဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ဆက်ပေးထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သောင်းကျော်ဟာ နေရပ်ကို ပြန်ခဲ့တာကြောင့် မြန်မာပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်က ကပ်ကြီးအသွင် ဖြစ်လာတော့မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုခဲ့ပြီးနောက် နေရပ်ပြန် မြန်မာတွေကို ဧပြီလ ၁၅ ရက်ကျော်မှ ပြန်လာကြဖို့ မေတ္တာရပ်ခံခဲ့တာပါ။

ဒါပေမယ့်လည်း နေရပ်ပြန်မြန်မာတွေဟာ အကြောင်းအမျိုးအမျိုး အခက်အခဲတွေနဲ့ ဧပြီလ ၁ ရက်နေ့က ၃ ရက်အတွင်းမှာ နေရပ် ပြန်လာနေကြပါတယ်။ သူတို့ကိုတော့ ကရင်ပြည်နယ်အစိုးရ စီမံထားတဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ ထားကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

“ကျနော်တို့ စုစုပေါင်းတော့ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်။ အဓိက မြဝတီမှာတော့ ရွှေမြဝတီဈေးရှိတယ်၊ အထက (၁) ကျောင်း၊ ကျောက်လုံးကြီး ပြန်လည်ထူထောင်ရေးစခန်းနဲ့ လေးကေကော် စတဲ့နေရာမှာ ထားတယ်။ ရွှေမြဝတီဈေးမှာ လူများတေ့ာ ကရင်ပြည်နယ် ဘားအံကို ရွှေ့ထားတယ်။ တက္ကသိုလ်တွေ ကျောင်းတွေမှာ ထားရတယ်။”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်တွေကလည်း နေရပ်ပြန်မြန်မာတွေနဲ့ ဌာနေတိုင်းရင်းသားတွေကို ဧပြီလ ၁၆ ရက်နေ့ထိ ခရီးသွားလာခွင့် မရှိကြောင်း သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမယ့် နေရပ်ပြန်တွေ ရှိနေသေးတာကြောင့် ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာပြည်ကို ပြန်ပို့ပေးခဲ့တာပါ။

ကရင်ပြည်နယ် စောင့်ကြည့်ရေးစင်တာတွေမှာ ကျန်းမာရေး စစ်ဆေးမှုနဲ့ ပတ်သက်လို့လည်း ဦးတေဇာအောင်က အခုလိုပြောပါတယ်။

“ကျနော့်မှာ စေတနာ့ဝန်ထမ်း ဆရာဝန် ၄ ယောက်ရှိပါတယ်။ IOM အဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား စောင့်ကြည့်ပေးရေး အဖွဲ့တွေလည်း ရှိတယ်။ အဲဒီ အားလုံး စောင့်ကြည့်ပေးတယ်။ အပူချိန်တိုင်းတာကတော့ တနေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်ထိ လုပ်ပေးပါတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ ချစ်ကြည်ရေးတံတားကို ပိတ်ထားတယ်ဆိုပေမယ့် ထိုင်းနိုင်ငံတွင်းမှာ ပြစ်ဒဏ်ကျပြီး နေရပ်ပြန်သူတွေကိုတော့ နှစ်ဖက်အစိုးရ အစီအစဉ်နဲ့ ချစ်ကြည်ရေးတံတားတွေကပဲ ပြန်ပို့နေသေးတာကြောင့် ဒီလူတွေလည်း အစိုးရရဲ့ စောင့်ကြည့်ရေးစင်တာ Facility Quarantine Centre တွေမှာ ၁၄ ရက်ထားပြီးမှ နေရပ်ပြန်ရမယ်လို့လည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)











XS
SM
MD
LG