သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ကလေးငယ် ၆၀ နီးပါး နေရပ်ပြန်ပို့ခံရ


နေရပ်ပြန်ပို့ခံရတဲ့ မြန်မာကလေးတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲမှာ ထိုင်းဒုရဲချုပ် ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ (ဇူလိုင် ၁၀၊ ၂၀၂၃)
နေရပ်ပြန်ပို့ခံရတဲ့ မြန်မာကလေးတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲမှာ ထိုင်းဒုရဲချုပ် ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ (ဇူလိုင် ၁၀၊ ၂၀၂၃)

ထိုင်းနိုင်ငံ မြောက်ပိုင်း အန်ထောင်းခရိုင် Pamok မြိုနယ်ထဲက စာသင်ကျောင်းမှာ အထောက်အထားမရှိဘဲ နယ်မြေကျော် စာသင်ကြားလို့ ကျောင်းကထုတ်ပယ်ခံရတဲ့ မြန်မာကလေးငယ် ၁၂၆ ဦးထဲက ၅၉ ဦးကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ခဲ့ပါတယ်။ မိဘတွေနဲ့ အဆက်သွယ် မရသေးလို့ ပြန်မပို့နိုင်သေးတဲ့ ကလေးတွေနဲ့ ပတ်သက်လို့တော့ ချင်းရိုင်ပြည်နယ်ထဲမှာ ထိုင်းဒုရဲချုပ် ဦးဆောင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အန်ထောင်းခရိုင် အတွင်းမှာ အထောက်အထား တစုံတရာမရှိဘဲ နယ်မြေ ဖြတ်ကျော်ပြီး စာသင်ကြားနေတာကြောင့် ကျောင်းက ထုတ်ပယ်ခံရတဲ့ မြန်မာ ကလေးငယ် ၁၂၆ ဦးရှိပြီး ဒီအထဲက ၆၀ နီးပါးကို နေရပ်ပြန်ပို့ခဲ့တာပါ။ မိဘတွေနဲ့ အဆက်အသွယ်ရတဲ့ ကလေး ၅၉ ဦးကို နေရပ်ပြန်ပို့ခဲ့ပေမဲ့ ကျန်နေသေးတဲ့ ကလေးတွေကတော့ မိဘတွေနဲ့ အဆက်အသွယ် မရသေးတဲ့အတွက် လူမှုစောင့်ရှောက်ရေး နေရာတွေမှာ ထားတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာပြည်တွင်း စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ နေရာတွေကနေ လာရောက် ပညာသင်ကြားနေကြတဲ့ ကလေးတွေကို ကျောင်းက ထုတ်ပယ်တာ၊ နေရပ်ပြန်ပို့တာတွေနဲ့ ပတ်သက်လို့ ထိုင်းပညာရေး အသိုင်းအဝိုင်းနဲ့ လူ့အခွင့်ရေးအဖွဲ့တွေကတော့ ဝေဖန်နေကြပါတယ်။ ဒါကြောင့် နေရပ်ပြန်မပို့ရသေးတဲ့ ကလေးငယ်တွေကို ကူညီပေးနိုင်ဖို့ ထိုင်းဒုရဲချုပ် ဆူရချေ့ဟတ်ပါန် ကိုယ်တိုင်ဦးစီးပြီး ထိုင်းနိုင်ငံချင်းရိုင်မြို့မှာ အစည်းအဝေးတရပ် လုပ်ခဲ့ပါတယ်။

သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က တာဝန်ရှိသူတွေအပြင် အမေရိကန်သံရုံးက ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ကလေးငယ်တွေအတွက် အကောင်းဆုံး ကူညီပေးနိုင်အောင် လုပ်သွားမယ့်အကြောင်း ထိုင်းဒုရဲချုပ် ဆူရချေ့ဟတ်ပါန်က ပြောပါတယ်။

ဒုရဲချုပ် ဆူရချေ့ ကတော့ မြန်မာကလေးငယ်တွေအရေး ကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းသာမကပဲ ကလေးငယ်တွေရဲ့ အခွင့်အရေး တိုင်းပြည်အခြေအနေ ဘက်ပေါင်းစုံကနေ ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ အစည်းဝေးမှာ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ကလေးငယ်အများစုဟာ စစ်ဘေးဖြစ်နေတဲ့ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ထိုင်းနိုင်ငံမှာသာ ဆက်လက် ပညာသင်ကြားလိုနေကြတယ်လို့လည်း ပြောပါတယ်။

ကလေးတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနိုင်ခွင့် ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာ ကလေးပေါင်း ၇၀,၀၀၀ (ခုနစ်သောင်း) ကနေ ရှစ်သောင်း အထိရှိနေပြီး ထိုင်းပညာရေး ဌာန ကလည်း ပညာရေးအပြင် အစားအသောက်နဲ့ ဆေးဝါးတွေကိုပါ ကူညီဆောင်ရွက်နေပါတယ်လို့လည်း ထိုင်းဒုရဲချုပ်က ပြောသွားပါတယ်။

လက်ရှိကာလမှာ ကလေးငယ်တွေရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ဒါမှမဟုတ် ထိုင်းမှာမွေးဖွားတဲ့ ကလေးတွေ ဖြစ်တယ်ဆိုရင် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံထဲမှာ ပညာသင်ကြားခွင့် အခွင့်အရေး ရကြပါတယ်။ ဒါပေမဲ့ အခုအန်ထောင်းခရိုင်က မြန်မာကလေး ၁၂၆ ဦးကတော့ နယ်မြေကျော် ပညာသင်ကြားနေတာဖြစ်ပြီး သက်သေခံ စာရွက်စာတမ်း အထောက်အထားတွေ ကိုင်ဆောင်ထားတာ မရှိဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီကလေးငယ်တွေရဲ့ ပညာရေးနဲ့ ရှေ့ရေး ဘယ်လို ကူညီပံ့ပိုးသွားမလဲ ဆိုတာကိုတော့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပြီး လာမယ့်သောကြာနေ့မှာ အပြီးသတ် ဆုံးဖြတ်ကြမယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG