သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်မှာ ညမထွက်ရအမိန့် ကန့်ကွက်ဆန္ဒပြသူ ၁၅၀ ကျော် ဖမ်းခံရ


နယ်သာလန်မှာ ညမထွက်ရအမိန့် ကန့်ကွက်ဆန္ဒပြသူများကို ရဲက ဖြိုခွင်းစဉ်
နယ်သာလန်မှာ ညမထွက်ရအမိန့် ကန့်ကွက်ဆန္ဒပြသူများကို ရဲက ဖြိုခွင်းစဉ်

(Zawgyi/Unicode)

နယ်သာလန်နိုင်ငံမှာ အစိုးရ ထုတ်ပြန်လိုက်တဲ့ COVID-19 ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ညမထွက်ရ အမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့ က စတင်ဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်မှုတွေရှိနေပြီး တနင်္လာနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ တချို့နေရာတွေမှာ ဆန္ဒပြသူတွေဟာ မီးရှို့တာ၊ ကျောက်ခဲတွေနဲ့ပစ်ပေါက်တာ၊ ဆိုင်တွေကို ဝင်ရောက် လုယက်တာတွေ လုပ်ခဲ့ကြပါတယ်။ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံရသူပေါင်း အနည်းဆုံး ၁၅၀ လောက်ရှိခဲ့ပါတယ်။

ရိုတာဒမ်မြို့က အဓိကရုန်းကိုတော့ ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပြီး၊ အမ်စတာဒမ်မြို့မှာလည်း အလားတူဖြစ်ခဲ့ပြီး ရဲတွေက မီးသတ်ပိုက်တွေ သုံးပြီး နှိမ်နင်းခဲ့ပါတယ်။ ရိုတာဒမ်မြို့မှာ ဆန္ဒပြသူတွေဘက်က အကြမ်းဖက်မှုတွေကြောင့် ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာ အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်တာဟာ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဗီဇ ပြောင်း ကူးစက်မှုနှုန်းမြန်ဆန်နေတဲ့အပေါ်မှာ နယ်သာလန် အမျိုးသားကျန်းမာရေး အင်စတီကျူ (RIVM) က သတိပေးချက်ထုတ်ပြန်ပြီးနောက် အခုလို အစိုးရက ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အများစုကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတွင်း ဗိုင်းရပ်စ်သစ် ကူးစက်မှုနှုန်း တဖြည်းဖြည်း ပုံမှန်ကျဆင်းလာတာကို တွေ့မြင်နေရတဲ့အတွက် အခုလို ညမထွက်ရ အမိန့်မျိုး ထုတ်ပြန်ဖို့ မလိုအပ်ဘူးလို့ စောဒက တက်ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံမှာ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၉၆၆,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူပေါင်း ၁၃,၆၀၀ ကျော်ရှိကြောင်း အစီရင်ခံ ထုတ်ပြန်ထားပါတယ်။

...............


(Unicode)






XS
SM
MD
LG