အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပနေတဲ့ နယူးယောက်ဖက်ရှင် သီတင်းပတ်ဟာ Tik Tok တစ်တော့ခ်လို ဆိုရှယ်မီဒီယာတွေရဲ့ လွှမ်းမိုးမှုနဲ့အတူ အသွင်သစ်တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ နယူးယောက်ဖက်ရှင်ပွဲတော်မှာ နဂိုမူလ လက်ဟောင်း အကျော်အမော်တွေအပြင် ဖက်ရှင်လောကထဲ အသစ်ဝင်လာသူတွေပါ နေရာယူလာကြတာပါ။
နာမည်ကြီး Calvin Klein Collection ကယ်လ်ဗင်ကလိုင်း ဖက်ရှင်အမှတ်တံဆိပ်က ဖက်ရှင်လျှောက်လမ်းကနေ ၆ နှစ်ခွဲ ပျောက်နေပြီးမှာ အခု ဒီဇိုင်းဒါရိုက်တာအသစ် Veronica Leoni ဗီရိုနီကာ လီယိုနီရဲ့ ဦးဆောင်မှုနဲ့ ပြန်ပါဝင်လာသလို၊ ဒစ်ဂျစ်တယ်ခေတ်ကြောင့် Luar နဲ့ Collina Strada လို အမှတ်တံဆိပ်အသစ်တွေလည်း ပိုပြီး နာမည်ရလာကြတာပါ။
"ကိုယ့်ဒေသမှာပဲ ကိုယ်ထုတ်လုပ်တဲ့ ဖက်ရှင်တံဆိပ်သေးလေးတွေအနေနဲ့ ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ် မီဒီယာရော၊ လူမှုကွန်ရက်မီဒီယာရောကို အသုံးပြုပြီး ဖောက်သည်တွေရော ပိုရလာကြ၊ ပြီးတော့ သူတို့တံဆိပ်ကို လူသိအောင်လုပ်ဖို့ ပိုပြီးအခွင့်အရေးရလာကြပြီး နာမည်ကျော်လာကြပါတယ်” လို့ The Daily Front Row သတင်းဌာနက ဖက်ရှင်သတင်းအယ်ဒီတာ Aaron Royce အဲရွန် ရွိုက်စ်က ပြောပါတယ်။
ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာတွေအတွက် တကယ်အံ့သြစရာတွေ ပေးနိုင်လာတာကြောင့်လည်း ဖက်ရှင်သီတင်းပတ်ဟာ ခေတ်နဲ့အမီ ပြောင်းလဲလာတာ တွေ့ရပါတယ်။
"အခုဆို ဖက်ရှင်သီတင်းပတ်မှာ အံ့အားသင့်စရာတွေ၊ လူတွေအများကြီးကြည့်ဖြစ်တဲ့ ဗွီဒီယိုတွေ ထွက်လာမလားဆိုတာ လူတွေကလည်း မျှော်နေကြတယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ နာမည်ကြီး တယောက်ယောက်ပဲဖြစ်ဖြစ်၊ ဖက်ရှင်ရှိုးမှာ အထူးခြားဆုံးဒီဇိုင်းတွေ၊ ထူးထူးခြားခြားအခိုက်တန့်တွေကို ကြည့်ရဖို့ပဲ ဖြစ်ဖြစ်ပေါ့” လို့လည်း သူက ပြောပါတယ်။
တစ်တော့ခ်လို လူမှုကွန်ရက်ပလက်ဖောင်းတွေကလည်း ဖက်ရှင်သီတင်းပတ်တွေကို လူတိုင်း စိတ်ဝင်စားလာအောင် လုပ်ပေးတာပါ။ ဒီမှာ Caroline Vazzana နဲ့ Janette Ok လို အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေဟာလည်း ဖက်ရှင်သီတင်းပတ်ကို အကြောင်းပြုပြီး လူမှုကွန်ရက်တွေမှာ ဝင်ငွေရအောင် လုပ်လာနိုင်ကြတာပါ။
"ဒါက ဖက်ရှင်ကို အရင်က သိပ်ကြီးစိတ်မဝင်စားတဲ့ လူငယ်ပရိသတ်တွေအတွက် တံခါးဖွင့်ပေးလိုက်သလိုပါပဲ။ ဒီဖက်ရှင်သီတင်းပတ်မှာ ဖက်ရှင်ကိုပဲ အဓိကထားတာမဟုတ်တဲ့ ဘက်က၊ နောက်ပြီး ဖက်ရှင်အကြောင်းတွေချည်း မဟုတ်တဲ့ တင်ပြတာတွေကို စိတ်ဝင်စားတဲ့သူတွေ ရှိတယ်လေ။ ဒီမှာတင် ဒီလိုလူတွေအတွက် အဲဒီလူမှုကွန်ရက်တွေက တံခါးဖွင့်ပေးထားလိုက်သလိုပဲ၊ ဆက်စပ် အကြောင်းအရာတွေကနေ ဖက်ရှင်သီတင်းပတ်ဆီ လူတွေ အများကြီးရောက်လာတယ်၊ အဲလိုလူတွေပါ ဖက်ရှင်လုပ်ငန်းကြီးအကြောင်း သိသွားတယ်”လို့ ပြောပါတယ်။
ဖက်ရှင်သီတင်းပတ်မှာ အဓိက ပြောင်းလဲမှုကြီးတခုကတော့ ရှိုးပွဲတွေကို နေရာတခုတည်းမှာ မလုပ်တော့တာပါ။
"ရှိုးပွဲတွေက နေရာအနှံ့မှာ လုပ်နေကြပါပြီ။ လွန်ခဲ့တဲ့ နှစ်ပိုင်းအထိဆို ဒါမျိုးလုပ်တာ အထူးအဆန်းပါ။ အခုတော့ ပုံမှန်ဖြစ်သွားပါပြီ" လို့ ရွိုက်စ်က ရှင်းပြပါတယ်။
အဲဒီလိုမျိုး ဖက်ရှင်သီတင်းပတ်ကျင်းပတဲ့ အခင်းအကျင်း ပြောင်းလဲသွားပေမယ့် မူလရည်ရွယ်ချက်ကတော့ မပြောင်းလဲပါဘူး။ ဒီဇိုင်နာ ၆၀ နီးပါးက သူတို့ရဲ့ ဒီဇိုင်းသစ်တွေ ပါဝင်ပြသကြတာ ဖြစ်ပါတယ်။
"ဖက်ရှင်သီတင်းပတ်တွေ ကျင်းပတယ်ဆိုတာကလည်း ရှေ့လာမယ့် ဖက်ရှင်ရာသီအတွက် ဒီဇိုင်နာတွေ အသစ်ဖန်တီးတဲ့ ဒီဇိုင်းတွေကို ဒီ .. အနုပညာရှင်တွေ၊ အစီအစဉ်တင်ဆက်တဲ့ content creators တွေ၊ လူမှုကွန်ရက်ပေါ်က နာမည်ကျော်တွေ၊ မဂ္ဂဇင်းအယ်ဒီတာတွေ၊ အင်တာနက်အယ်ဒီတာတွေ စသည်ဖြင့် သူတို့ကို အကြိုမိတ်ဆက်ပေးတဲ့ သဘောပါ" လို့ ရွိုက်စ်က ပြောပါတယ်။
ဒီရာသီ နယူးယောက်ဖက်ရှင်သီတင်းပတ်ရဲ့ ထူးခြားမှုအဖြစ် စင်မြင့်ကန့်လန့်ကာနောက်ကွယ် အတွေ့အကြုံအဖြစ် TRESemmé တရက်ဆမ်မေး ဆံသားထိန်း ကုန်တံဆိပ်ရဲ့ ဆံပင်အလှစတူဒီယို၊ ပြီးတော့ ဒီဇိုင်နာတွေရဲ့ ယာယီအရောင်းဆိုင်လေးတွေအပြင် ဖက်ရှင်ဆွေးနွေးပွဲတွေလည်း ထည့်သွင်း ကျင်းပထားပါတယ်။
ဒီဇိုင်နာ Zankov နဲ့ Kim Shui တို့ကလည်း ဆိုင်သေးလေးတွေနဲ့ ပစ္စည်း ရောင်းချပေးပြီး အဲဒီကရတဲ့ငွေ တချို့တဝက်ကို ကယ်လီဖိုးနီးယား တောမီးဘေး ကယ်ဆယ်ရေးရန်ပုံငွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ WME Fashion တံဆိပ်ကလည်း နယူးယောက်ဖက်ရှင်သီတင်းပတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ချဲလ်ဆီးနံရံအနုပညာပြခန်းမှာ Black Beauty Roster အဖွဲ့ရဲ့ "ဆံပင်သည် ဖက်ရှင်" ဆိုတဲ့ ပြပွဲကို ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
Forum