နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ပြင်သစ်သံအမတ်ကြီးကို နိုင်ဂျာနိုင်ငံကနေ ထွက်ခွါသွားဖို့ ရာဇသံပေးခဲ့ပေမဲ့ ပြင်သစ်သံအမတ်ကြီးဟာ နိုင်ဂျာမှာ ဆက်လက်နေထိုင်မယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။
သံအမတ်ကြီး Sylvain Itte ဟာ ဖိအားတွေရှိပေမဲ့ ဆက်လက်ရှိနေမယ်လို့ ပြင်သစ်သံအမတ်ကြီးတွေစုဝေးပွဲမှာ သမ္မတ Macron က တနင်္လာနေ့က ပြောပါတယ်။ ပြင်သစ်ရဲ့ ဒီ ရပ်တည်ချက်ကို ဥရောပသမဂ္ဂကလည်း တနင်္လာနေ့မှာပဲ အပြည့်အဝထောက်ခံကြောင်း ကြေညာချက်ထုတ်ပါတယ်။ “အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ပြင်သစ်သံအမတ်ကြီးကို တိုင်းပြည် က နှင်ထုတ်တာဟာ ရန်စတာအသစ်ပါပဲ။ လက်ရှိ အကြပ်အတည်းကို သံတမန်နည်းလမ်းအရအဖြေရှာဖို့ ဒါက အထောက်အကူမဖြစ်ပါဘူးလို့ EU နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ နာဘီလာ မာဆရာလီ (Nabila Massrali )က ပြောပါတယ်။
ဇူလိုင် ၂၆ ရက်မှာ အာဏာသိမ်းခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေကို ဥရောပ သမဂ္ဂက အသိအမှတ်မပြုကြောင်း သူက ဖြည့်စွက်ပြောကြားသွားပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ငြင်းဆိုခဲ့တာကြောင့် ပြင်သစ်သံအမတ်ကြီး ကို ၄၈ နာရီအတွင်း တိုင်းပြည်ကထွက်သွားဖို့ နိုင်ဂျာနိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က စာပေးပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ဂျာဟာ ပြင်သစ်ရဲ့ကိုလိုနီ နိုင်ငံတနိုင်ငံဖြစ်ခဲ့ပြီး အာဏာသိမ်းတဲ့အချိန်မှာလည်း ပြင်သစ်စစ်သား ၁,၅၀၀ တိုင်းပြည်ထဲမှာရှိနေပါတယ်။ အစ္စလာမ် ဂျီဟတ်ဝါဒီတွေကိုတိုက်ရာမှာ နိုင်ဂျာကို ကူညီဖို့ သူတို့ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဖြုတ်ချလိုက်တဲ့ သမ္မတ Mohamed Bazoum ကို ပြန်လည် အာဏာလွှဲအပ်ဖို့ အာဖရိကအနောက်ပိုင်းနိုင်ငံများ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ECOWAS က တောင်းဆိုထားပြီး ပြင်သစ်ကလည်း ဒါကို ထောက်ခံထားပါတယ်။ နောက်လ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဘေးပန်းအနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဖို့ ECOWAS ဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ဂျီးရီးယားသမ္မတ Bola Tinubu ကို ဖိတ်ကြားထားပြီး နိုင်ဂျာအရေးကိစ္စကို ခေါင်းဆောင် ၂ ယောက်တို့ ဆွေးနွေးကြဖို့ ရှိပါတယ်။