သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ်ဘက်ပစ်ခတ်မှု အရပ်သားများ သေဆုံး ဒဏ်ရာရ


ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၅၊ ၂၀၂၀)
ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ကျေးရွာတွေမှာ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရသလို လမ်းတွေပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုဘက်မှာ မနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်လို့ ရွာသားတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒါးလက်ချောင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညနေ ၇ နာရီဝန်းကျင်ခန့်က အမ်းမြို့နယ် ဒါးလက်အုပ်စု နတ်မှော်ကျေးရွာမှာ လက်နက်ကြီးကျည် ကျတယ်ပေါ့။ အဲဒီ လက်နက်ကြီးကျည် ကျတဲ့အတွက်ကြောင့် တဦးသေဆုံးတယ်ပေါ့နော်၊ ပွဲချင်းပြီး သေဆုံးတာ။ နောက်တဦးကတော့ အလယ်ကျွန်းတို့ အနောက်ရွာတို့ လာနေတုန်းပေါ့နော်၊ စက်လှေပေါ်မှာ အဲဒီ ဒါးလက်ရွာဟောင်းနားမှာ သေတယ်ပေါ့။ နှစ်ယောက်သေတယ်ပေါ့။ သုံးယောက်က ဒဏ်ရာရပြင်းထန်တယ်ပေါ့။ အဲဒီ သုံးယောက်က အမျိုးသမီးနှစ်ဦးရယ် အမျိုးသားတဦးရယ်။ အမျိုးသမီးနှစ်ဦးမှာ ၂ နှစ်အရွယ် အမျိုးသမီးတဦး ပါတယ်ပေါ့နော်။ အဲဒီလူနာတွေက အခုထက်ထိ ဒါးလက် အလယ်ကျွန်းကျေးရွာမှာ ရှိနေကြသေးတာပေါ့နော်။ တပ်မတော်ကနေပြီး ဆေးကုဖို့အတွက် သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက်ကြောင့် သူတို့ ဆေးကုခွင့် မရသေးဘူးပေါ့။”

ဒီပစ်ခတ်မှုမှာ ဘယ်အဖွဲ့ကပစ်ခတ်တာ မသိရှိဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုဘက်မှာ သူတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

“မနေ့က အမ်းဘက်မှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မနေ့က ဇွန်လ ၂၆ ရက် ည ၇ နာရီလောက်မှာ အမ်းမြို့နယ် နတ်မှော်ရွာကို မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ အဲဒီမှာ တပ်မ ၆၆ ရဲ့ လက်အောက်ခံပေါ့နော်၊ ခလရ ၈၀ က သူတို့ ယာယီအခြေပြုထားတဲ့ နတ်မှော်ရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၉၀၀ အကွာလောက်မှာရှိတဲ့ တောင်တန်းကနေ လှမ်းပြီးတော့ပစ်တာ။ နတ်မှော်ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ရှိတယ်။”

ဒါးလက်ချောင်းကျေးရွာဘက် ပစ်ခတ်မှု အခြေအနေကို သိရှိဖို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမ်းမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်အခြေပြုလာပြီး နောက်ပိုင်း ရိက္ခာဖြတ်တောက်တဲ့ အနေနဲ့ ဒါးလက်ချောင်းအုပ်စုအတွင်း ကျေးရွာပေါင်း ၄၀ ကျော်ကို ရွာနဲ့ဆက်သွယ်တဲ့ ရေလမ်း၊ ကုန်းလမ်း အားလုံး ဒီနှစ်ဆန်းကတည်းက ပိတ်ပင်ထားခဲ့တာပါ။

ဒီလို လမ်းတွေကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ပြတ်လပ်နေကြပြီး စားသောက်ရေး အခက်တွေ့နေကြပါတယ်။

ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံတွေဟာ ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာကို ပြောင်းရွှေ့လာကြပြီး ဆန်ပြတ်လပ်နေလို့ ကြုံရာအသီးအနှံကို စားသောက်နေကြရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က ပြောပါတယ်။

“ဒါးလက်ချောင်းရွာအနား ၄၂ ရွာပေါ့။ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုပြီးတော့ ဇွန်လ ၁၇ နေ့ကတည်းကနေ အသွားအလာ ပိတ်တာပေါ့။ ဒီဒေသခံရွာသားတွေ စားစရာမရှိတော့ဘဲ သူတို့ ဒုက္ခကြုံနေရတယ်။ သွားလို့ရတဲ့လမ်းတွေကို ပိတ်တော့ စားနပ်ရိက္ခာ ပြတ်သွားတာဖြစ်တယ်။ သူတို့ ပြောပြချက်အရ ဆိုရင်တော့ ရှိတဲ့ ဒီ ငှက်ပျောသီးတို့ ပိန္နဲသီးတို့ အသီးတွေပဲ စားပြီးတော့ နေနေရတယ်။ ဒါးလက်ချောင်းမှာရှိတဲ့ တပ်မတော်စခန်းတွေကိုလည်းပဲ သူတို့ ခက်ခဲတဲ့အကြောင်းကို သွားပြောတယ်တဲ့။ ဒါပေမယ့် တပ်မတော်ဘက်ကနေ အထက်ကို တင်ပြရဦးမယ်။ ပြီးတော့ ဒီဘက်မှာ စနစ်တကျ စီစဉ်ဖို့တော့ လိုလိမ့်မယ်ဆိုပြီးတော့ တပ်မတော်ဘက်က ပြန်ပြောတာရှိတယ်။”

ဒါးလက်ချောင်းအုပ်စုအတွင်း ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်တွေကို အမ်းမြို့ကနေ ကုန်းလမ်း၊ မြေပုံမြို့နယ် ကံတောင်ကြီးဘက်ကနေ ရေလမ်းကြောင်းနဲ့ သယ်ယူကြတာဖြစ်ပေမယ့် AA အဖွဲ့ထံ စားနပ်ရိက္ခာ ရောက်ရှိသွားမှာစိုးလို့ လမ်းကြောင်းတွေအားလုံး ပိတ်ဆို့လိုက်တာလို့ သူက ဆိုပါတယ်။

ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာ ၄၂ ရွာအနက် ၃၇ ရွာမှာ ချင်းလူမျိုးတွေ နေထိုင်ကြပြီး ကျန် ၅ ရွာမှာ ရခိုင်လူမျိုးတွေ နေထိုင်ကြပါတယ်။

အလားတူ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ၁၇ ရွာကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ရွာသားတွေ ခေတ္တတိမ်းရှောင်ကြဖို့ ဒေသခံ အာဏာပိုင်တွေက ညွှန်ကြားပြီးနောက်ပိုင်း အဲဒီဒေသမှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာပါ။

ဒီနေ့မှာလည်း ကျောက်တန်းကျေးရွာဘက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ဘက်က ပြောပါတယ်။

ဒီနေ့မွန်းလွဲပိုင်းမှာ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး မိုင်းနှစ်လုံး ပေါက်ကွဲပြီးနောက် စစ်တပ်ဘက်က ပစ်ခတ်မှုတွေ ရှိခဲ့သလို စစ်တွေ-ရေချမ်းပြင် ကားလမ်းကိုလည်း ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)

















XS
SM
MD
LG