သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းတိုက်ခိုက်မှု နှစ်ပတ်လည်အကြို လုံခြုံရေးတင်းကျပ်


လုံခြုံရေးတပ်ဖွဲ့ဝင်များ (MOI)

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာ နှစ်ပတ်လည်လာချိန်မှာတော့ ရခိုင်ပြည်နယ် အထူးသဖြင့် မောင်တောဘက်ခြမ်းမှာ ညမထွက်ရအမိန့်တွေနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး ရွာတွေထဲ ဝင်ရောက်စစ်ဆေးနေလို့ လုံခြုံရေး အထူးစိုးရိမ်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နောက် တိုက်ခိုက်မှုတွေရှိလာနိုင်ခြေရှိတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နှံ့လာနေတဲ့အတွက်လည်း ဒေသခံတွေက ပိုစိုးရိမ်နေကြတယ်လို့လည်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးကပြောပြပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ တနှစ်ပြည့် အောက်မေ့ဘွယ်နှစ်ပတ်လည်ပွဲတွေကိုလည်း ကျင်းပနေကြတာနဲ့ပတ်သက်ပြီး မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသထဲက နယ်စပ် ရဲကင်းစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက်စခန်း ၃၀ကို တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့လို့ စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေဘက်က လုံခြုံရေးအထူးအစီအမံတွေနဲ့ တပ်အင်အားတိုးချပြီး နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုမောင်တောဒေသတွင်း လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပြီး ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့အတွက် ရိုဟင်ဂျာမူဆလင်တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သိန်းချီ ထွက်ပြေးသွားကြရသလို ဒေသခံဌာနတိုင်းရင်းသားတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု တနှစ်ပြည့်လာပေမဲ့ အခုအချိန်အထိ ဒေသခံပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသေးပဲ လုံခြုံရေးက စိုးရိမ်နေရကြရဆဲ အနေအထားဖြစ်သလို ဒေသတွင်းမှာ ကောလဟာလ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေတဲ့အတွက် စိုးရိမ်ကြရတယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးထွန်းသာစိန်က အခုလိုပြောပြပါတယ်။

" အခုထက်ထိလည်း စိုးရိမ်စရာအခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခနခနလည်းပဲ သတင်းတွေ ထွက်နေတယ်။ ARSA အဖွဲ့ကနေပြီးတော့ ဘူးသီးတောင် မောင်တောကို ဝင်မယ် စသည်အားဖြင့်ပေါ့နော်။ ဒီလိုမျိုး သတင်းတွေ ထွက်နေတဲ့အပေါ်မှာ လူထုတွေကလည်းပဲ စိတ်ပိုင်းဆိုင်ရာ-ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလို ခံစားနေရပါတယ်။ အဲ့တာကြောင့် အစိုးရကို ပြောချင်တာကတော့ ဒေသခံ မောင်တော၊ ဘူးသီးတောင် ပြည်သူတွေရဲ့လုံခြုံရေး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အတွက် ကြပ်ကြပ်မတ်မတ်လေး လုံခြုံရေးယူပေးပါ။ ပြည်သူတွေ စိတ်ထဲ လုံခြုံစိတ်ချရအောင် သူတို့ဘက်က ပြောပေးပါလို့ ပြောချင်ပါတယ်။"

အခုအချိန်ထက်ထိလည်း ရခိုင်ပြည်နယ်တွင်းမှာ လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားသလို မောင်တောဒေသတွင်း အထူးသဖြင့် မူဆလင်ကျေးရွာတွေထဲကို ဝင်ရောက်စစ်ဆေးတာ ရှာဖွေတာတွေ ဆောင်ရွက်နေတုန်းဖြစ်လို့ သူတို့အတွက် လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားဖြစ်နေတုန်းပဲလို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့်ဦးလှထွန်းက လက်ရှိလုံခြုံရေးအခြေအနေကို အခုလိုရှင်းပြပါတယ်။

"လုံခြုံရေးတွေဘက်က နေ့တိုင်းလိုလို ရွာတွေကို သူတို့က ဝိုင်းပြီးတော့ စစ်တယ်။ ပြီးတော့ မနေ့ကလည်း မောင်တောထဲက ပန်းတောပြင်ဆိုတဲ့ရွာကို သူတို့ ဝိုင်းပြီးတော့ စစ်တယ်။ စစ်တဲ့အခါ စစ်ပုံစစ်နည်းက သိပ်ပြီးတော့ ပုံစံမကျဘူး။ သူတို့က လူတွေအကုန်လုံးကို အိမ်က ရွှေ့ခိုင်းပြီးတော့ ကျောင်းထဲမှာ ပိတ်လှောင်ထားတယ်။ ပြီးတော့ တရွာလုံးကို သူတို့က မနက် ၈နာရီလောက်ကတည်းက လာစစ်တယ်။ ရွာကိုဝိုင်းပြီးတော့ မွှေပြီးတော့ လိုက်ရှာတယ် စစ်တယ်။ ဘာတခုမှ မတွေ့ဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ် သူတို့ဘက်က မဟုတ်မမှန်တာ ပြောမယ် ဖမ်းပြီးတော့ ခေါ်သွားမယ်ဆိုတာကို အရမ်းစိုးရိမ်ကြတယ်။"

အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေ သတ်ဖြတ်ခံရတဲ့အထဲ ဟိန္ဒူဘာသာဝင်တွေလည်း အများအပြားပါဝင်ခဲ့ပါတယ်။ သူတို့အတွက် ဟိန္ဒူဘာသာထုံးတမ်းစဉ်လာအရ မောင်တောမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က တနှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားကျင်းပခဲ့ပါတယ်။ ရန်ကုန်မှာလည်း သေဆုံးခဲ့ရသူတွေအတွက် တနှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းမေတ္တာပို့အခမ်းအနား ကျင်းပဖို့စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် - ဓမ္မပါလ ဟိန္ဒူအဖွဲ့ချုပ်တွေမှာ တာဝန်ရှိသူလည်းဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးရာဂူးနေမြင့်ကပြောပြပါတယ်။

"တနှစ်ပြည့်အခမ်းအနားပွဲအတွက် ဆုတောင်းပွဲလုပ်ခဲ့ကြတာပါ။ သူတို့အတွက် ဆုတောင်းပေးပြီးတော့ ရိုးရာအရ ထုံးတမ်းစဉ်လာအရ ဘုန်းတော်ကြီးတွေက ဆုတောင်းပေးကြတာပါ။ ပြီးခဲ့တဲ့ ၁၅ရက်နေ့က လုပ်တာကတော့ ကျနော်တို့ရဲ့ ဟိန္ဒူပြက္ခဒိန်ရှိတယ် အဲ့ဒီ့ဟိန္ဒူ နက္ခတ်ပြက္ခဒိန်အရ ကျနော်တို့က တွက်ချက်ကြတယ် တွက်ချက်ကြတော့ ကျတဲ့နေ့မှာ လုပ်ကြရတယ်။ သေဆုံးသူရဲ့ မိသားစုတွေကိုယ်တိုင် ထိုင်ပြီးတော့ သူတို့အတွက် ဆာရီတွေ ဖိနပ်တွေ လက်ကောက်တွေ ယောက်ကျားလေးဆိုလည်း ယောက်ကျားလေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေ မိန်းကလေးတွေဆိုလည်း မိန်းကလေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ကလေးလေးတွေဆို ကလေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို ဘုန်းကြီးကို ပေးစရာရှိတာပေး- ရေထဲ ထည့်မျှောစရာရှိတာ မျှောလွှတ်ပြီးတော့ ထုံးတမ်းစဉ်လာအရ လုပ်ခဲ့ကြတယ် ၁၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ လုပ်ခဲ့ကြတယ် အခုလာမယ့် ၂၅ရက်နေ့ကတော့ သူတို့ တနှစ်တကယ်ပြည့်တဲ့နေ့ ရန်ကုန်မြို့မှာ ဆုတောင်းမေတ္တာပို့တဲ့ပွဲ လုပ်ပါမယ်။"

အခုအချိန်အထိလည်း ဟိန္ဒူတွေမှာ လုံခြုံရေးစိုးရိမ်ကြဆဲ အနေအထားဖြစ်နေတယ်လို့လည်း ရခိုင်ပြည်နယ်တွင်း ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ရဲ့ ဦးဆောင်တာဝန်ခံလည်းဖြစ်တဲ့ ဦးရာဂူးနေမြင့်က ဆိုပါတယ်။

"သူတို့အတွက် အဓိက လိုအပ်တဲ့ နံပတ်တစ်အချက်က စားဝတ်နေရေးပါ။ နံပတ် ၂ အရေးကြီးဆုံးက သူတို့အတွက် လုံခြုံရေးပါ။ သူတို့က တပ်တွေရဲတွေအနီးကပ်ဆုံးနေချင်တယ်။ သူတို့အတွက် တခုခု ဗြုန်းဒိုင်းကြီး အသက်အန္တရာယ်ကြုံတွေ့လာရပြီဆိုရင် သူတို့အတွက် တခုခုဖြစ်ခဲ့ရင် လွယ်လွယ်ကူကူနဲ့ပြေးလို့ရမယ့် နေရာ= မြို့ပေါ်ကို တက်လာလို့ရမယ့်နေရာကို လိုချင်တယ်လို့ ဒုက္ခသည်တွေက တောင်းဆိုလာကြတာ တောက်လျောက်ပါပဲ။"

တနှစ်တာကြာမြင့်လာတဲ့အချိန်အတွင်းမှာတော့ နိုင်ငံတကာက ရိုဟင်ဂျာလို့ သုံးနှုန်းပြီး မြန်မာအစိုးရဘက်က မူဆလင်ဒုက္ခသည်တွေလို့ ခေါ်ဝေါ်တဲ့ ရိုဟင်ဂျာဒုက္ခသည်သိန်းချီ နေရပ်ရင်းပြန်လာရေးကိစ္စကိုလည်း ကုလသမဂ္ဂ- ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေကြရဆဲဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီးလည်း အဲ့ဒီ့အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးနစ်နာခဲ့ရသူ ဌာနေတိုင်းရင်းသားတွေအပါအဝင် နေရပ်စွန့်ခွာသူတွေ နေရပ်ရင်းပြန်လာရေးနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကို စီမံကိန်းတွေချမှတ် အကောင်အထည်ဖော်နေကြရဆဲ အနေအထားဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG