သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အရပ်သားတွေကိုကာကွယ်ဖို့ ကုလတောင်းဆို 


(Zawgyi/Unicode)

ရခိုင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်သူတွေ အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး အရပ်သားတွေကို အသေအချာ ကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ထားသလို မြန်မာ အစိုးရဘက်ကလည်း AA နဲ့ ပတ်သက်မှု စွဲချက်နဲ့ အရပ်သားတွေကို ဖမ်းဆီး စစ်ဆေးနေချိန်မှာဘဲ ကုလသမဂ္ဂက အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ အတွင်း အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရနေပြီး ဒေသတွင်း ထွက်ပြေး တိမ်းရှောင်နေရသူကလည်း သောင်းနဲ့ချီ ရှိနေပါတယ်။ အခု နောက်ပိုင်းမှာတော့ AA ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ဘက်က အရပ်သားတွေ၊ အစိုးရ ဝန်ထမ်းတွေကို ဖမ်းဆီး ခေါ်ဆောင်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေ အတွင်းမှာဘဲ ရခိုင် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အားလုံး နိုင်ငံတကာ ဥပဒေကို လိုက်နာကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က တနလာၤနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ ပဋိပက္ခမှာ ပတ်သက်နေသူ အားလုံး အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို အသေအချာ အကာအကွယ်ပေးဖို့၊ နောက် အကူအညီ လိုအပ်နေသူတွေထံကို အချိန်မီ သွားရောက်နိုင်ရေး ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုပါတယ်။”

ရခိုင် လက်နက်ကိုင်တပ် AA က အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ထောင်ဝန်ထမ်းတွေနဲ့ အရပ်သား စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက လွတ်မြောက်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထဲမှာလည်း တဦးက ရေနစ် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က ခရီးသည်တင် ကားပေါ်ကနေ ဖမ်းခေါ်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၃၁ ဦးထဲက အရပ်သား ၁၂ ဦး ပြန်လွတ်လာပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် အစိုးရ တာဝန်ရှိသူတွေ ကလည်း ပလက်ဝမြို့နယ်တွင်းက လူတချို့ ပျောက်ဆုံးနေတာဟာ AA က ဖမ်းခေါ်သွားတာလို့ စွပ်စွဲထားပြီး AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။

တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းမှာ AA လက်နက်ကိုင်တပ်နဲ့ ဆက်စပ်မှု သံသယနဲ့ အစိုးရက ဖမ်းဆီး စစ်ဆေးနေသူတွေ ဒါဇင်နဲ့ချီ ရှိနေပြီး စစ်ဆေးခံရမှုအတွင်း သေဆုံးခဲ့တာတွေလည်း ရှိပါတယ်။ နှစ်ဘက် တိုက်ပွဲတွေ အတွင်း သေဆုံး ဒဏ်ရာရသူတွေ ရှိနေပေမယ့် ဘယ်သူ့လက်ချက် ဆိုတာ ရှင်းရှင်းလင်းလင်း ဝန်ခံတာ မရှိဘဲ တဖက်နဲ့ တဖက် အပြစ်ဖို့ နေကြတာပါ။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကိုပါ ထိခိုက်စေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Farhan Haq က ပြောပါတယ်။

“ ရခိုင်ပြည်နယ်တွင်း ဒေသ အများအပြားမှာ မလုံခြုံမှုနဲ့ ကန့်သတ် တားမြစ်ချက်တွေကြောင့် လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အဖွဲ့အစည်းတွေ အတွက် ဒေသတွင်း ဝင်ရောက်ခွင့်နဲ့ ထိခိုက် သက်ရောက်ရသူတွေရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ရေးတို့ကို နှောင့်နှေးစေပါတယ်။ မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေတဲ့ လူပေါင်း ၁ သန်းလောက်ကို ထောက်ပံ့ရေး ဒီနှစ် အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကိုင်တွယ်ရေး အစီအစဉ် အတွက် ဒေါ်လာ ၂၁၄ ဒသမ ၄ သန်း ရရှိဖို့ ကြိုးစားနေပါတယ်။ ဒီအစီအစဉ် အတွက် အခုအချိန်ထိ လျာထား ရန်ပုံငွေရဲ့ ၇၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိထားပါပြီ။ ”

မူဆလင် ရိုဟင်ဂျာ ၁ သိန်းကျော်ဟာ ဒုက္ခသည် စခန်းတွေမှာ အခုအချိန်ထိ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေ အတွင်းမှာဘဲ အခု ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းမှာ လူပေါင်း ၃၂၀၀၀ နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

အစိုးရဘက်က ရိုဟင်ဂျာ အသုံးအနှုန်းကို အသိအမှတ် မပြု၊ နိုင်ငံသား ဖြစ်ခွင့် အာမခံချက်ကလည်း မရေရာတာကြောင့် ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး မရေရာတဲ့ အခြေအနေမှာ အခု ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထပ်ပြီးသက်ရောက်မှု ဖြစ်စေပါတယ်။ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် အခြေအနေ ပိုပြီး ဆိုးရွားသွားစေနိုင်တဲ့ အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောဆိုထားသလိုဘဲ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကတော့ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေက စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)










XS
SM
MD
LG