(Zawgyi / Unicode)
ရွေးကောက်ပွဲအပြီး တပ်မတော်နဲ့ AA ရခိုင်တပ်တို့အနေနဲ့ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကရွေးကောက်ပွဲ ပြန်ကျင်းပရေး အပြန်အလှန်တောင်းဆို ကြိုဆိုအပြီး တပ်ချင်းဆွေးနွေးပွဲတွေပါ စဖြစ်လာနိုင်တာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဘက်က ရွေးကောက်ပွဲ မလုပ်ပေးရင်တောင် ငြိမ်းချမ်းရေးအတွက်တော့ ဆက်တိုက် တိုးတက်လာနိုင်တယ်လို့ ပြောလာတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ကိုဝင်းမင်းကမေးရာမှာ ရှေ့ဆက် ဆွေးနွေးပွဲ အလားအလာကို ခုလိုစရှင်းပြပါတယ်။
ဦးစံကျော်လှ - “ဆွေးနွေးဖို့ အလားအလာကတော့ ရှိမှာပဲလေ။ အဲ့လို ခဏခဏဆွေးနွေးမှပဲ ကိုယ်ဖြစ်စေချင်တာလေးတွေ ဖြစ်လာမှာကိုး။ ဆွေးနွေးပွဲကတော့ တခုပြီးတခု လုပ်လာရပါမယ်။”
ကိုဝင်းမင်း - လက်ရှိ အခုဆွေးနွေးပြီးတဲ့ ကာလအထိပေါ့နော်၊ တိုးတက်မှုအပေါ်ရော။
ဦးစံကျော်လှ - “တိုးတက်မှုတော့ ကောင်းပါတယ်။ သူတို့ တဖက်နဲ့တဖက် စကားပြောလို့ (အင်တာနက် Online ကတဆင့်) မကြာခင်မှာပဲ ဒီ ဝဒေသမှာ တွေ့ကြတယ်။ တခါ အခုတွေ့တဲ့ အနေအထားထက် ပိုကောင်းတဲ့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့နိုင်တဲ့ အနေအထားမျိုးရှိတယ်။”
ကိုဝင်းမင်း - ဒီဆွေးနွေးပွဲတွေကနေ ဘယ်လောက်အထိရော မျှော်မှန်းထားလို့ရမလဲ။
ဦးစံကျော်လှ - “နှစ်ဖက်လုံးရဲ့ မျှော်မှန်းချက်ထဲမှာတော့ တနိုင်ငံလုံး ငြိမ်းချမ်းရေးအထိ မျှော်လင့်ကြမှာပါပဲ။ အခုလို ဆွေးနွေးသွားကြရင် မကြာခင်ကာလမှာတော့ သတ်သတ်မှတ်မှတ် အပစ်ရပ်တယ်ဆိုတဲ့ သဘောတူချက်မျိုး ဖြစ်လာနိုင်ပါတယ်။ အခုကတော့ ဘယ် Agreement (သဘောတူချက်) မှ မရှိပါဘူး။ သူတို့ နားလည်မှုအရပဲ ရပ်ထားကြတယ်။”
ကိုဝင်းမင်း - ဆွေးနွေးတဲ့နေရာမှာ ဘယ်ကိစ္စတွေကို ခက်ခက်ခဲခဲ ဖြေရှင်းရမယ်လို့ ထင်လဲ။
ဦးစံကျော်လှ - “အခုကတော့ သိပ်ပြီးတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် နေရာချထားတာနဲ့ ပတ်သက်လို့တော့ တော်တော်ကလေးကို ဆွေးနွေးရမယ့် အနေအထားမျိုး ရှိပါတယ်။ အဲ့ဒါလည်းပဲ တဖက်နဲ့တဖက် လိုတိုးပိုလျှော့ ညှိနှိုင်းသွားကြရင် အဆင်ပြေသွားမှာပါ။ ဖြစ်စေချင်တာကတော့ နှစ်ဖက်လုံးမှာ ကိုယ်ဖြစ်ချင်တာလေးတွေကို နည်းနည်းဖြေလျှော့ပြီးတော့ ဆွေးနွေးသွားကြရင် ဘုံသဘောတူညီချက်တခုကတော့ မကြာခင်ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”
ကိုဝင်းမင်း - အခု ဒီဆွေးနွေးချင်တဲ့ဆန္ဒက နှစ်ဖက်လုံးမှာ ဘာကြောင့် ရုတ်တရက်ကြီး ဖြစ်လာတယ်လို့ သုံးသပ်မိလဲ။
ဦးစံကျော်လှ - “နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ်၊ အခုလည်း ဖြစ်လာတဲ့ အခြေအနေကို ကျနော်တို့တောင် အံ့သြမိပါတယ်။ စစ်ပွဲဟာ တာရှည်လာသည်နှင့်အမျှ ပြည်သူတွေလည်း ဒုက္ခဖြစ်တာပဲ၊ တိုက်နေကြတဲ့ သူတွေကလည်း ပင်ပန်းကြတာပဲလေ။ အဲ့ဒါကြောင့် ကိုယ်လိုအပ်တဲ့အရာကို စစ်မတိုက်ဘဲ ရနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါ သူတို့ရဲ့ အတွင်းစိတ်တွေမှာ တိုက်ပွဲတွေကို ရပ်ချင်နေကြပြီ။ အကြောင်းအရာတခု ပေါ်တာနဲ့ ဒိုင်းဒိုင်းဒိုင်းဆို ဆက်တိုက်ဖြစ်လာတဲ့သဘော။ သို့သော် တခါတလေ မတိုက်လို့မဖြစ်တဲ့ အခြေအနေမျိုးမှာ တိုက်ကြရတာပဲ။”
ကိုဝင်းမင်း - အခုတော့လည်း ဆွေးနွေးရမယ့် အခြေအနေကို ရောက်လာတဲ့ အနေအထားမှာ ရခိုင်ပြည်သူတွေအတွက်ရော ဘာပြောချင်လဲ။
ဦးစံကျော်လှ - “အခုလို တိုက်ပွဲတွေမဖြစ်တဲ့အတွက် လောလောဆယ်မှာဗျာ စပါးတွေဘာတွေ ရိတ်လို့ရတယ်။ ဟိုသွားဒီသွား သွားလာလို့ရတယ်။ တော်တော့ကို နေသာထိုင်သာရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ရခိုင်ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် အားလုံး ဆန္ဒရှိဖို့လိုတယ်။ တတ်နိုင်ရင် ပူးပေါင်းပါဝင်ဖို့လိုတယ်၊ ကိုယ်နိုင်တဲ့ဘက်က။ အခုဖြစ်တဲ့ အနေအထားမျိုးကို ဝိုင်းဝန်းပြီးတော့ ကြိုဆိုသင့်တယ်။”
ကိုဝင်းမင်း - အခု တပ်မတော်အနေနဲ့ရော အခုကာလအတွင်းမှာ AA နဲ့ လက်တွေ့ မြေပြင်မှာ ပူးပေါင်းဆောင်ရွက်တာမျိုးတွေရော တွေ့ရလား။
ဦးစံကျော်လှ - “တွေ့ပါတယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတော့ တပ်မတော်ဘက်က ရိက္ခာတွေ ဟိုကိုပို့၊ ဒီကိုပို့နေကြတာပဲ။ တပ်မတော်ယာဉ်တန်းကလည်း သွားလို့ လာလို့ တော်တော်များများ တွေ့ရတယ်။ အဲ့ဒီလိုအခြေအနေမျိုးဟာ တဖက်နဲ့တဖက် နားလည်မှုရထားလို့ပဲ။ နောက်တခုကလည်း ဟိုတုန်းကဆိုရင် လမ်းခရီးဂိတ်တွေမှာ အစစ်အဆေး တော်တော်များတယ်။ AA ရဲဘော်တွေပါမလား၊ ဟိုဟာပါမလား၊ ဒီဟာပါမလား ဆိုပြီးတော့။ အခုတော့ တပ်မတော်ဘက်ကလည်း အဲ့ဒီလို စစ်တာဆေးတာတို့ သိပ်ပြီးတော့ မတွေ့ရပါဘူး။”
ကိုဝင်းမင်း - ဒါ တကယ့်ကို ထူးခြားတဲ့ တိုးတက်မှုပေါ့နော်။ ရွေးကောက်ပွဲတွေ ပြန်လုပ်ဖို့နဲ့ ပတ်သက်လို့ရော တိုးတက်ဖို့ အလားအလာ။
ဦးစံကျော်လှ - “ပထမတုန်းကတော့ တော်တော့်ကို မျှော်လင့်ခဲ့ပါတယ်။ သို့သော်လည်း အခုအချိန်ထိ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က တခုမှ အတိအကျ မပြောသေးတော့ ဖြစ်နိုင်မယ်တော့ မထင်တော့ဘူးဗျာ။”
ကိုဝင်းမင်း - အဲ့ဒီအနေအထားမှာ စိုးရိမ်ရတဲ့ အနေအထားရော ရှိလား၊ ရွေးကောက်ပွဲ ပြန်လုပ်ရေးကနေ ဒီ စရလာတဲ့ အပစ်အခပ်ရပ်ဆိုင်းထားတာကို ဆက်ထိန်းနိုင်ဖို့။
ဦးစံကျော်လှ - “အပစ်အခတ်နဲ့ ပတ်သက်လို့တော့ သူတို့ ထိန်းထားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ ရွေးကောက်ပွဲမဖြစ်လို့ ပြန်ပြီးတော့ တိုက်ကြမယ်ဆိုတာမျိုး မဟုတ်ဘူး။ ရွေးကောက်ပွဲ မဖြစ်ရင်လည်းဘဲ အခုဖြစ်နေတဲ့ အနေအထားတခုကို ဆက်ပြီးတော့ သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ကိုဝင်းမင်း - ဒီနေရာမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အစိုးရအနေနဲ့လည်း အခု စနေနေ့က ပါတီထိပ်ပိုင်းအစည်းအဝေး လုပ်ပြီးတော့ တိုင်းရင်သားတွေနဲ့ ညှိနှိုင်းဖို့ အဖွဲ့တခု ဖွဲ့လိုက်ပါတယ်။
ဦးစံကျော်လှ - “ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒီအဖွဲ့အနေနဲ့ ညှိနှိုင်းတာကို ဘယ်လောက်အဆင့်ထိ ဆောင်ရွက်မလဲ၊ တကယ်လို့ ပီပီပြင်ပြင် ဆောင်ရွက်မယ်ဆိုရင် တကယ့်ကြိုဆိုရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ကျနော်တို့ မှန်းထားတဲ့နေရာမှာ အဲ့ဒီဘက်ကို တစတစနဲ့ ဘယ်လောက်ထိ ရွေ့လာမလဲ စောင့်ကြည့်ရမှာပါ။”
ကိုဝင်းမင်း - ဒီ NLD အစည်းအဝေး ဆုံးဖြတ်ချက်ထဲ နောက်တခု ထူးခြားတာကတော့ AA ကနေ ဖမ်းထားတဲ့ NLD ကိုယ်စားလှယ်လောင်းတွေကို ပြန်လွှတ်ပေးဖို့ ပါတာတွေ့ရပါတယ်။ အဲ့ဒီအနေအထားရော။
ဦးစံကျော်လှ - “ဒီမိုကရေစီဘက်ကို လျှောက်လှမ်းနိုင်တဲ့ နိုင်ငံတခုမှာ လွှတ်တော်ကိုယ်စားလှယ်တို့၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ တနည်းပြောရရင် ပြည်သူတွေကို အဖွဲ့အစည်းတခုခုက အလွယ်တကူ ဖမ်းဆီးလို့ရတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းမှလည်း မလုပ်သင့်ဘူး။ ဆိုပါစို့ ဒီဘက်က ရခိုင်မှာဆိုရင်လည်း ဒေါက်တာအေးမောင် (လွှတ်တော်ကိုယ်စားလှယ် ၂၀၁၁-၁၈) တို့ ဘာတို့ကို ဘာမဟုတ်တဲ့ကိစ္စနဲ့ နှစ်ရှည်ထောင်ဒဏ်ချလိုက်တယ်။ နောက် အကြမ်းဖက်နဲ့တွဲပြီးတော့ ဖမ်းထားတဲ့ ပြည်သူတွေ အများကြီးရှိတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် AA ပဲဖြစ်ဖြစ် ဒီလို အပြုအမူမျိုးကို မလုပ်သင့်ပါ။ တကယ်တမ်း ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။”
ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ်။
------------------------
(Unicode)