သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို Bhasan Cher ကျွန်း ဒုတိယအသုတ်ပို့ဖို့ စီစဉ်နေ

Bhasan Char ကျွန်းကို ပြောင်းရွှေ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
Bhasan Char ကျွန်းကို ပြောင်းရွှေ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

လာမယ့်သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေ ဒုတိယအသုတ် ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာစခန်းတွေထဲမှာ ရခိုင်မြောက်ပိုင်းကနေ တိမ်းရှောင်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တသန်းလောက်အထိ လူဦးရေ ထူထပ်များပြားလာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က Bhasan Cher ကျွန်းဆီကို မိမိသဘောနဲ့မိမိ ပြောင်းရွှေ့လိုသူတွေကို နေရာချပေးနေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတသိန်းလောက်ကို ကျွန်းကိုပို့ပြီး နေရာခွဲချဖို့ စီစဉ်ထားပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ ပထမဆုံးအသုတ်အဖြစ်နဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော် ပြောင်းရွှေ့သွားကြတာပါ။

အခုလာမယ့်သီတင်းပတ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဒုတိယအသုတ် ပြောင်းရွှေ့ကြဖို့ စခန်းတာဝန်ခံတွေ ပြင်ဆင်နေတဲ့အကြောင်း ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပြပါတယ်။

"ဒီစခန်းလူကြီးပိုင်းတွေပြောတာက သူတို့ရတဲ့ သတင်းအချက်အလက်အရ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဒုတိယအသုတ်ကို Bhasan Cher ကျွန်းကို ပြောင်းရွှေ့မယ်လို့ ပြောသံကြားပါတယ်။ ဘာလုခါလီ အမှတ် ၉ စခန်းဘက်က လူပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါးလောက်တော့ ပထမအသုတ်တုန်းက ပါသွားတာ တွေ့ရပါတယ်။ သူတို့ဆန္ဒအလျောက် သွားကြတာကို ကျနော်တို့တွေ့ရပါတယ်။ အတင်းအကျပ်တော့ ခေါ်ဆောင်တာတော့ ကျနော်တို့ လောလောဆယ် မတွေ့သေးပါဘူးခင်ဗျ။ ဒုက္ခသည်အများစုကတော့ သူတို့က Bhasan Cher ကျွန်းကို သွားဖို့ စိတ်ဆန္ဒမရှိကြဘူး။ အများစုကတော့ ကိုယ့်နေရပ်ရင်း မြန်မာနိုင်ငံကိုပဲ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးကိုပဲ လိုလားနေကြပါတယ်။"

မဆုမွန် - ကျွန်းကိုပါသွားတဲ့သူက တော်တော်များများ ရှိတယ်ပေါ့နော်။ အဲ့ဒီ့ကိုရောက်သွားတဲ့သူတွေနဲ့ အဆက်အသွယ်ရှိလား၊ သူတို့ရော ဘယ်လိုအခြေအနေတွေ အနေအထားတွေနဲ့ ရင်ဆိုင်နေကြလဲ။ အဲ့ဒီ့မှာ သူတို့နေထိုင်ရေး အလုပ်လုပ်ကိုင်နိုင်ဖို့ စိုက်ပျိုးရေး မွေးမြူရေး အခုလောလောဆယ် ဘာတွေ သူတို့လုပ်နေကြရတယ်လို့ သတင်းကြားရလဲရှင့်။

ဦးကျော်မြင့် - "ကျနော်တို့ ဘာလုခါလီ ဒုက္ခသည်စခန်းက အဖွဲ့တာဝန်ခံပေါ့၊ အီနုတ် သူ့ရဲ့အဖွဲ့က အိမ်ထောင်စု ၅၀ လောက်ကို ပါဝင်တာတွေ့ရတယ်။ သူနဲ့အဆက်အသွယ်ရပြီး သူ့ဆီက သတင်းအချက်အလက်အရဆိုရင် သူတို့ ငွေနည်းနည်းပါးပါးရတယ်။ နောက် အလုပ်အကိုင်ကတော့ အစိုးရဘက်က စီစဉ်ပေးမယ်ပြောတယ်။ နေတာကတော့ သူတို့အခန်းတခန်းကို လူ ၄ ယောက်နေတယ်။ လူများလို့ရှိရင်တော့ ၂ ခန်း ၃ ခန်း စီစဉ်ပေးတယ်လို့ပြောတယ်။ လောလောဆယ်တော့ သူတို့က ရောက်ခါစဆိုတော့ အခြေအနေကို ကြည့်နေကြတယ်လို့ ကျနော်တို့ကို ပြောပါတယ်ခင်ဗျ။"

လောလောဆယ်မှာတော့ Bhasan Cher ကျွန်းကို ရောက်သွားသူတွေဟာ သူတို့ဘဝ အခြေတကျ ရပ်တည်ရေးအတွက် အဆင်ပြေအောင် ကြိုးစားနေနေကြရပါတယ်။ နောက်ထပ်တသုတ် ထပ်ပို့ဖို့ စခန်းတာဝန်ခံတွေ စီစဉ်နေတယ်ဆိုပေမယ့် ဘယ်သူတွေ ပါဝင်မလဲ၊ ဘယ်တော့သွားမလဲဆိုတဲ့ ပွင့်လင်းမြင်သာစွာ ဒုက္ခသည်တွေကို ပြောပြတာ မရှိဘူးလို့ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေထိုင်တဲ့ စေတနာ့ဝန်ထမ်း ရိုဟင်ဂျာဒုက္ခသည် မိုဟာမက်ဆုလ်တန်က ပြောပါတယ်။

"ဒုတိယအသုတ်ကို သူတို့အစီအစဉ်တွေ လုပ်နေတာက ရက် ဘယ်နေ့ထွက်ကြမယ်ဆိုတာ ပေါ်ပေါ်ထင်ထင် ဒီမှာ အသိပေးတာ ခေါ်တာတော့ မတွေ့ဘူး။ အခုပုံစံက ဒီမှာ ပွင့်လင်းမြင်သာစွာ လုပ်နေတာကို ကျနော်တို့ မတွေ့ပါဘူး။ ဒီမှာ အများစုက သွားဖို့ဆိုတာ လက်မခံပါဘူး။ Bhasan Cher သွားမယ့်အစား အများစုကတော့ ကိုယ့်နိုင်ငံကိုပဲ ကိုယ် မြန်မြန်ဆန်ဆန် ပြန်ချင် ပြန်လိုကြပါတယ်။ အမြန်ဆုံး မြန်မြန်ပြန်နိုင်အောင် နိုင်ငံတကာရော ဘင်္ဂလားဒေ့ရှ် အစိုးရရော မြန်မာနိုင်ငံရော ပူးပေါင်းပါဝင်ကြပါလို့ အဲ့လိုပဲ အကုန်လုံးက မျှော်လင့်နေပါတယ်။"

ကျွန်းဆီကို ပထမအသုတ် လိုက်ပါသွားတဲ့သူတွေနဲ့ စခန်းထဲက ကျန်ခဲ့တဲ့သူတွေ ဖုန်းအဆက်အသွယ် ရတဲ့အချိန်မှာ အခြေအနေကို စိုးရိမ်လို့ သူတို့အချင်းချင်း မေးမြန်းခဲ့ကြတယ်လို့ ဒုက္ခသည် မိုဟာမက်ဆုလ်တန်က ပြောပါတယ်။

"အခြေအနေက ကျနော်တို့ ကြားသိရတာက တိုက်တွေ ဆိုင်ကလုန်းစင်တာတွေ စာသင်ကျောင်းတွေ ဒါတွေကတော့ ကောင်းတယ်လို့ပြောတယ်။ ဒါပေမယ့် ဒါက သူတို့ ရေရှည်အတွက် ကောင်းမလား မကောင်းဘူးလားဆိုတာ သူတို့ ကြိုပြောလို့ မရပါဘူးတဲ့။ ပြီးတော့ ငါးသွားရှာတဲ့သူတယောက် အရိုက်ခံရတာတောင် ရှိတယ်တဲ့။ လောလောဆယ်တော့ သူတို့ကို ချက်ပြုတ်ပြီး ထမင်းကျွေးနေတယ်။ အလုပ်အကိုင်ကတော့ အခုလောလောဆယ် ဘာအလုပ်မှ မလုပ်ရသေးဘူးလို့ ကျနော်တို့ကို ပြောပြကြတယ်။"

ဒုက္ခသည်တွေကို ပထမအသုတ်အဖြစ်နဲ့ ပြောင်းရွှေ့လိုက်နိုင်တာကို အောင်မြင်မှုအဖြစ် ရှုမြင်ကြောင်း Bhasan Char စီမံကိန်းကို ကြီးကြပ်ကွပ်ကဲရသူ ဗိုလ်မှူးချုပ်က ဗွီအိုအေကို ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပို့တာနဲ့ နောက်ထပ်ပို့ဖို့ စီစဉ်နေတဲ့အပေါ်မှာ အမေရိကန်အစိုးရက စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သူတို့သဘော အပြည့်အဝနဲ့ သွားလိုသူတွေကိုသာ ပို့ဆောင်ရမှာဖြစ်သလို သွားဖို့ ဖိအားပေးတာ၊ အကျပ်ကိုင်တာတွေ မလုပ်ရဘူးလို့ ကုလသမဂ္ဂက ပြောထားတဲ့အတိုင်း အမေရိကန်ပြည်ထောင်စုကလည်း ကုလသမဂ္ဂနဲ့အတူ ရပ်တည်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေကို Bhasan Cher ကျွန်း ဒုတိယအသုတ်ပို့ဖို့ စီစဉ်နေ
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)













This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG